သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒမဲပေး အဆင်မပြေ မှုများ ဝါရှင်တန် မြန်မာ သံရုံး ဖြေရှင်း ပေးမည်


အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်၊ မြန်မာသံရုံး။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်၊ မြန်မာသံရုံး။

ကြိုတင်မဲ မပေးလိုက်နိုင်တဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် တချို့နိုင်ငံတွေမှာ နောက်ထပ် ရက်သတ်မှတ်ပြီး မဲပေးခွင့်ရအောင် ဆောင်ရွက်နေ ချိန်မှာပဲ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်က မြန်မာသံရုံး အနေနဲ့လည်း ကြိုတင်မဲပေးခွင့် နောက်တကြိမ် ထပ်မံ ရရှိအောင် ဆောင်ရွက်နေကြောင်း သံမှူးကြီး ဦးမင်းသိမ်းက ပြောပါတယ်။ ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မကြာခင်က ထုတ်ပြန်ထားတဲ့ မြန်မာသံရုံးရဲ့ကြေညာချက်ထဲမှာ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၇၊ ၁၈ တုန်းက ကြိုတင်မဲ မပေးနိုင်တဲ့သူတွေ အတွက် နောက်တကြိမ် မဲပေးခွင့်ရအောင် ဆောင်ရွက်နေတယ် လို့ ဖေါ်ပြ ထားပါတယ်။ ဦးမင်းသိမ်း အနေနဲ့ အဲဒီကိစ္စ နည်းနည်းလောက် ရှင်းပြပေး ပါလားခင်ဗျ။

သံမှူးကြီး ဦးမင်းသိမ်း။ ။ " ဟုတ်ကဲ့။ ကျေျနာ်တို့ ဝါရှင်တန်မြို့ မြန်မာသံရုံးအနေနဲ့ ပြီးခဲ့တဲ့ ၁၇၊ ၁၈ တုန်းက ကြိုတင်မဲဆန္ဒပေဖို့ စီစဉ်ခဲ့ရာမှာ တချို့ မဲမရတဲ့သူတွေ ရှိပါတယ်။ မဲလက်မှတ်မရလို့ မဲမပေးရတဲ့သူတွေ ရှိပါတယ်။ အဲ့တာ သိပ်တော့ မများပါဘူး။ သို့ရာတွင် သူတို့ရဲ့အခွင့်အရေး မဆုံးရှုံးအောင်ဆိုပြီး ကျနော်တို့က လိုအပ်တဲ့မဲတွေ နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တဆင့် ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပါတယ်။ အဲ့တာလေးပါ။ ဟိုဘက်က ဘာပြန်လာမလဲ တော့ ကျနော်တို့ မသိသေးဘူးပေါ့နော်။ အကယ်လို့ရရင်တော့ ကျနော်တို့က သက်ဆိုင်ရာ မဲဆန္ဒရှင်တွေဆီကို ဖုန်းဆက်ပြီးတော့ မဲဆန္ဒမဲ ပြန်လာပေးနိုင်ဖို့ စီစဉ်ပေးမှာပါခင်ဗျ"

ကိုအောင်အောင်။ ။ စက်တင်ဘာလဆန်းပိုင်းတုန်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ဒီ ဝါရှင်တန် ဒီစီဒေသမှာ မြန်မာနိုင်ငံသား ကြိုတင်မဲတောင်းခံထားသူဦးရေ ၁၃၅ ဦး ရှိတယ်လို့ ဖေါ်ပြထားပါတယ်။ အခု ကြိုတင်မဲမပေးခဲ့ရခဲ့သူ ဘယ်လောက်ရှိပါ လဲခင်ဗျ။

သံမှူးကြီး ဦးမင်းသိမ်း။ ။"ကျနော်တို့ ပထမဦးဆုံးပေါ့ စပြီးတော့ ပုံစံ(၁၅) တင်တဲ့ ဦးရေက ၁၇၇ဦး ရှိပါတယ်။ ပြန်စာရင်းစစ် လိုက်တော့ တစ်ဦးက ဆုံးသွားတယ်လို့ ပြောတယ်။ အားလုံးပေါင်း ၁၇၆ ဦး ကျန်ပါမယ်။ ၁၇၆ဦးမှာ ကျနော်တို့ မဲတွေ စရောက်တုန်းက စိစစ်လိုက်တုန်းက မဲလုံးဝ မပါတဲ့၊ မဲလက်မှတ် လုံးဝ မပါတဲ့ သူတွေကို လာမပေးဖို့ ကျနော်တို့က အကြောင်းကြားလိုက်ပါတယ်။ ၁၃၀ ကျော်ကို ကျနော်တို့ မဲလက်မှတ် တချို့တဝက်ပါတယ်၊ အပြည့်ပါတယ်။ အဲ့ဒီ့မဲဆန္ဒရှင်တွေကိုတော့ ဖိတ်လိုက်ပါတယ်။ ဖိတ်လိုက်တာက ၁၃၀ကျော်ပါ။ အဲ့ဒီ့မှာ လာပေးတာက ၈၂ ဦးပဲ ရှိပါတယ်။ နောက် အဲ့တာနဲ့ တို့တွေက အားလုံးက ပြန်စိစစ်လိုက်ပြီးတော့ အကုန်လုံး ကိုတော့ ပြန်တင်ပြ ထား ပါတယ်။ အခြေအနေကို။ အားလုံးပေါင်း လုံးဝ ဆန္ဒမဲ လက်မှတ် လုံးဝ မရှိလို့ လာမပေးနိုင်တဲ့ သူ စာရင်းက အားလုံးပေါင်း ၃၉ယောက် ၊ နောက်တခါ လက်မှတ် အပြည့်အစုံ မရတဲ့သူက ၂၈ ယောက် ၊ နောက် ပုံစံ (၁၅ ) တင်ပြီးတော့ ခွင့်ပြုချက် မရတာက (၅) ယောက်၊ အားလုံးပေါင်း ကျနော်ထင်တယ် ၁၇၆ ယောက်ဖြစ်မယ်။ အဲ့တာကို ကျနော်တို့ အကုန်ပြန်တင်ပြထားပါတယ်ခင်ဗျ။"

ကိုအောင်အောင်။ ။ ဟုတ်ကဲ့။ အခုပြီးခဲ့တဲ့ရက်ပိုင်း မဲပေးရာမှ ဝါရှင်တန်ဒီစီ နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ်မြို့တွေမှာ မဲပေးနိုင်တာပေါ့။ နေရာသုံးနေရာမှာပေါ့လေ။ တကယ်လို့ နောက်တကြိမ် မဲပေးဖို့ ဖြစ်လာမယ်ဆိုလျင် အဲဒီ ၃ နေရာလုံးမှာ မဲပေးသွားနိုင်မှာပါလား။

သံမှူးကြီး ဦးမင်းသိမ်း။ ။ "ကျနော်တို့ကတော့ ကျနော်တို့ ဝါရှင်တန်သံရုံးရဲ့ လုပ်ပိုင်ခွင့်နဲ့ပဲ ကျနော်တို့က တင်ထားတာပါ။ အဲ့လိုပဲ အလားတူ ကျန်တဲ့ ကောင်စစ်ဝန်ရုံးတွေနဲ့ အခြားရုံးတွေကို သီးခြားမေးစေချင်ပါတယ်။"

ကိုအောင်အောင်။ ။ မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးတာမှာ အဆင်မပြေမှုတွေကြုံတာကြောင့် ဒီကိစ္စ အပေါ် နားလည်ပေးဖို့ သံရုံးတွေဘက်က မေတ္တာရပ်ခံပေမယ့် ဒီကစ္စကို အစိုးရဘက်ကကော ရွေးကောက်ပွဲကော်မရှင်ဘက်ကကော ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စအဖြစ် ပြောဆိုကြပါတယ် ဒီအပေါ် ဦးမင်းသိမ်းအနေနဲ့ ဘယ်လိုများ ဖြေကြားရှင်းလိုလိုပါလည်းခင်ဗျ။

သံမှူးကြီး ဦးမင်းသိမ်း။ ။ အဲ့တာနဲ့ပတ်သက်လို့က ကျနော်တို့ သံရုံးတွေရဲ့အပိုင်းက သံရုံးတွေရဲ့ တာဝန်ကို အကောင်းဆုံး ဆောင်ရွက်နေပါတယ်။ ဒီလိုပဲ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း သူတို့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်နေတာဖြစ်ပါတယ်။ အဲ့လိုပဲ နားလည်ထားပါတယ်။ အဲ့တော့ သူတို့လည်း အကောင်းဆုံး လုပ်နေတဲ့အချိန်မှာ ကြားထဲမှာ တခုခုပြတ်တောက်သွားတဲ့ အတွက်ကြောင့်မို့လို့ ဒီလိုမျိုး ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဆိုတော့ အားလုံး မည်သူ မည်သူမှ အပြစ်မတင်ပဲနဲ့ အားလုံး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်။ ပြန်လုပ်ပေးမယ် လို့ ပြောထားတဲ့အတွက်ကြောင့်မို့လို့ အဲ့တာလေးကိုတော့ နားလည်ပေးဖို့ ခွင့်လွှတ်ပေးဖို့ အဲ့တာလေးပဲ ကျနော် တင်ပြချင်ပါတယ်ခင်ဗျ။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်က မြန်မာသံရုံး က သံမှုးကြီး ဦးမင်းသိမ်းကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG