သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အကျဉ်းသားများကို အမေရိကန် ညှဉ်းပန်း နှိပ်စက်ကြောင်း စွပ်စွဲ


အာဖဂန်အကျဉ်းသားများကို အမေရိကန် ညှဉ်းပန်း နှိပ်စက်ကြောင်း စွပ်စွဲ
အာဖဂန်အကျဉ်းသားများကို အမေရိကန် ညှဉ်းပန်း နှိပ်စက်ကြောင်း စွပ်စွဲ

အာဖဂန်နိုင်ငံ အကျဉ်းထောင်တွေအပေါ် အမေရိကန် ကြီးကြပ်ကွပ်ကဲနေတာနဲ့ ပတ်သက်လို့ သမ္မတ ဟာမစ်ခါဇိုင်း (Hamid Karzai) ဖွဲ့ထားတဲ့ ကော်မရှင်က ပြင်းထန်တဲ့ စွဲချက်တွေတင်ပြီး ဝေဖန် ပြောကြားလိုက်ပါတယ်။

မြို့တော် ကဘူးလ်ရဲ့ မြောက်ဘက် ဘက်ဂရမ် (Bagram) လေတပ် အခြေစိုက်စခန်းအတွင်းက အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အာဖဂန် အကျဉ်းသားတွေကို အမေရိကန်တို့က ညှဉ်းပန်း နှိပ်စက်မှုတွေ ပြုလုပ်နေတယ်ဆိုပြီး အဲဒီကော်မရှင်က စနေနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ စွပ်စွဲ ပြောဆိုထားတာပါ။

အစီရင်ခံစာထဲမှာ အသေးစိတ် ဖော်ပြထားတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့ကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကာလအတွင်း ရှေ့နေနဲ့ တွေ့ခွင့်မပေးတာ၊ ဓာတ်ငွေ့တွေအသုံးပြုပြီး ညှဉ်းပန်း နှိပ်စက်တာတွေ အပါအဝင် အကြောင်းအချက်များစွာနဲ့ အကျဉ်းသားတွေက တိုင်ကြားကြတယ်လို့ ကော်မရှင်အဖွဲ့ဝင် မိုဟာမတ်အမင်အမာဒီ (Mohammad Amin Ahmadi) က သတင်းထောက်တွေကို ပြောပါတယ်။ တချို့ အကျဉ်းသားတွေဆိုရင် သူတို့မှာ ဘာအပြစ်မှ မရှိဘူးဆိုတာ သိပြီးနောက်မှာ ဆက်လက် ထိန်းသိမ်းထားခြင်း ခံခဲ့ရတဲ့အကြောင်း တိုင်ကြားခဲ့ကြတယ်လို့ သူက ပြောပါတယ်။

အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း အရင်က တောင်းဆိုထားခဲ့ဖူးသလိုပဲ အကျဉ်းထောင်တွေကို အာဖဂန် အာဏာပိုင်တွေလက်ထဲ လွှဲပြောင်းပေးဖို့ ကော်မရှင်ဥက္ကဋ္ဌ ဂူလ် ရာမန်ခါဇီ (Gul Rahman Qazi) ကလည်း အမေရိကန် အာဏာပိုင်တွေထံ တောင်းဆိုလိုက်ပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေက သတင်းမီဒီယာတွေကို ထုတ်ဖော် ပြောဆိုပြီးမှပဲ အမေရိကန် အာဏာပိုင်တွေ အနေနဲ့ အဲဒီ အစီရင်ခံစာကို လက်ခံ ရရှိခဲ့တယ်လို့ ကဘူးလ်မြို့မှာရှိတဲ့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က အေပီသတင်းဌာနကို ပြောပါတယ်။ အကျဉ်းသားတွေ ညှဉ်းပန်း နှိပ်စက်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်တိုင်းကို အမေရိကန်တို့အနေနဲ့ စုံစမ်း စစ်ဆေးမှု ပြုလုပ်တယ်လို့ အဲဒီ သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

XS
SM
MD
LG