သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စစ်သားလက်ချက်ကြောင့် အာဖဂန် အရပ်သား ၁၅ ဦး သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း Kandahar ပြည်နယ်အတွင်းမှာရှိတဲ့ စစ်အခြေစိုက်စခန်းတစ်ခုက အမေရိကန်စစ်သားတစ်ယောက် အပြင်ထွက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား ၁၅ ယောက် သေဆုံးသွားတယ်လို့ အာဖဂန်အရာရှိတွေနဲ့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အဲဒီ စစ်သားဟာ တနင်္ဂနွေနေ့မနက် အစောပိုင်းမှာ စခန်းထဲကထွက်သွားပြီး Panjwayi ခရိုင်အတွင်းက အိမ်အတော်များများကို ပစ်ခတ်ခဲ့တာလို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ အဲဒီ ပစ်ခတ်ခဲ့တဲ့ စစ်သားကို ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပြီး အခင်းဖြစ်ပွားမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။

အခုလို ဖြစ်သွားခဲ့တဲ့အပေါ် အင်မတန် စိတ်မကောင်း၊ အံ့အားသင့်ရတဲ့အကြောင်း နေတိုး နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Adrian Bradshaw က ပြောပါတယ်။

အခုလို အပြစ်မဲ ကျေးရွာသားတွေ သေကြေ၊ ဒဏ်ရာရလောက်အောင် ဖြစ်စေခဲ့တဲ့ ဒီ ရက်စက် ကြမ်းကြုတ်တဲ့လုပ်ရပ်ကို အဲဒီစစ်သားက ဘာကြောင့် လုပ်ခဲ့တယ်ဆိုတာ သူ့အနေနဲ့ ရှင်းမတတ်အောင် ဖြစ်မိကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ Bradshaw က ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်မဟုတ်ကြောင်း သူက ပြောပါတယ်။

ဒီပစ်ခတ်မှုမှာ တာဝန်ရှိသူကို ဥပဒေအရ အရေးယူသွားမယ်လို့လည်း အာဖဂန်မှာရှိတဲ့ အမေရိကန်သံရုံးက ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်စခန်း တစ်ခုအတွင်း ကိုရမ်ကျမ်းစာအုပ်ကို အမေရိကန်စစ်သားတွေက မီးရှို့ ဖျက်ဆီးလိုက်တဲ့အတွက် အမေရိကန်နဲ့ အာဖဂန်အကြား ဆက်ဆံရေးတွေ တင်းမာနေတဲ့အချိန်မှာ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

XS
SM
MD
LG