သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညွန့်ပေါင်းတပ်လေကြောင်းတိုက်ခိုက်မှု IS စစ်သွေးကြွ ၅၀ ခန့်သေဆုံး


အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း ပြည်နယ်တခုမှာ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု အတွင်း အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွ ၅၀ ထိ သေဆုံးခဲ့ကြောင်း အာဖဂန် အာဏာပိုင်တွေက စနေနေ့မှာ ပြောဆိုပါတယ်။

အာဖဂန် အနောက်ပိုင်း စီရင်စု တခုမှာတော့ တာလီဘန် သူပုန်ရဲ့ လက်ချက်နဲ့ အစိုးရ တပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦး သေဆုံးခဲ့ရပါတယ်။ အာဖဂန် ခြေလျင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအဖွဲ့တွေက ညအချိန် လေကြောင်းကနေ တိုက်ခိုက်မှု အတွင်း Kunar ပြည်နယ်က Cahpa Darah စီရင်စုက IS စစ်သွေးကြွတွေရဲ့ လေ့ကျင့်ရေး စခန်းတွေကို ထိမှန်ခဲ့တာလို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်သွေးကြွတွေထဲမှာ ဥဇဘက္ကစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေလည်း ပါတယ်လို့ အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ သေဆုံးသူတွေထဲမှာ အရေးပါတဲ့ ဥဇဘက် အနွယ် IS တပ်မှူး တဦးလည်း ပါတယ်လို့ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး Gul Mohammad Baidar က ဗွီအိုအေကို ပြောပါတယ်။

ပြည်နယ်တွင်းမှာ တာလီဘန် သူပုန်တွေ၊ IS စစ်သွေးကြွတွေနဲ့ တိုက်ခိုက်မှုတွေကတော့ လျော့နည်းမသွားဘူးလို့လည်း သူက အတည်ပြုပါတယ်။ Chapa Darah က တိုက်ပွဲတွေကြောင့် ဒီသီတင်းပတ်တွေ အတွင်း ထောင်နဲ့ချီတဲ့ အာဖဂန် မိသားစုတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြ ရတယ်လု့ိလည်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာရုံးက ပြောဆိုထားပါတယ်။

နောက်ထပ် သီးခြား ဖြစ်ရပ် တခုကတော့ အာဖဂန် အနောက်ပိုင်း Badghis ပြည်နယ်မှာ တာလီဘန်တို့က လုံခြုံရေး စစ်ဆေးရေးဂိတ်တွေကို ညအချိန် ဝင်ရောက်စီးနင်း တိုက်ခိုက်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ဂါဇနီပြည်နယ် အာဏာပိုင်တို့ကတော့ အာဖဂန်တပ်ဖွဲ့တွေနဲ့ မဟာမိတ် တပ်ဖွဲ့တွေရဲ့ သောကြာည လေကြောင်း တိုက်ခိုက်မှုတွေ အတွင်း အရပ်သား ၈ ဦး သေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုကို စစ်ဆေးနေကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG