သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ တရားစီရင်ရေး AHRC ဝေဖန်


မြန်မာတရားရုံးချုပ်ရှိရာ အဆောက်အအုံ
မြန်မာတရားရုံးချုပ်ရှိရာ အဆောက်အအုံ
ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ တပ်မတော်သားတွေ ပါဝင်ကျူးလွန်နေတဲ့ ပြစ်မှုတချို့အတွက် အခုအချိန်အထိ ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်းမရှိသေးဘူးလို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ဝေဖန်လိုက်ပြီး တရားစီရင်ရေးနဲ့ပတ်သက်လို့ အများပြည်သူ သိအောင် ထင်သာမြင်သာဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပြည်မြို့ နဝဒေးတံတားအောက်မှာ လူငယ်စုံတွဲကို အရပ်ဝတ် တပ်မတော်သား သုံးဦးက ပစ္စည်းလု လူသတ်ခဲ့တယ်ဆိုတဲ့အမှု တစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်ပေမဲ့လို့ အခုအချိန်အထိ ကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့ တရားခံတွေနဲ့ ပတ်သက်ပြီး အမှုစီရင်နိုင်ခြင်း မရှိသေးဘူးလို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“အခင်းဖြစ်တဲ့နေ့က သမီးရည်းစားနှစ်ဦးက သောင်ပြင်ပေါ်မှာထိုင်ပြီးတော့ စကားပြောနေတာ ဖြစ်တယ်။ အဲဒီအချိန်မှာ တပ်သားသုံးဦးက အရပ်ဝတ်နဲ့ရောက်လာပြီးတော့ ကောင်မလေးကို လည်ပင်းညှစ်တယ်၊ လက်စွပ်ကို ချွတ်ယူသွားတယ်။ ပြီးလို့ရှိရင် ဇော်မင်းဦးဆိုတဲ့ကောင်လေးကို ဆွဲခေါ်သွားတယ်။ ကောင်မလေးက သေချင်ယောင်ဆောင်ပြီးတော့ သတိပြန်ရလာတဲ့အချိန်မှာ အော်ဟစ်ပြီးတော့ အကူအညီတောင်းတဲ့အတွက် ရွာသူရွာသားတွေက အဲဒီတဝိုက်မှာ ရှာပြီးတော့ ဝိုင်းဖမ်းတဲ့အခါမှာ အစောက တပ်သားသုံးယောက်ကို ဖမ်းဆီးမိတာ ဖြစ်တယ်။ ဖမ်းဆီးမိတဲ့အချိန်မှာပဲ မကြာခင်မှာ သက်ဆိုင်ရာ ခြေမြန်တပ်ရင်း အမှတ် (၇၅) က တာဝန်ရှိတဲ့ ဗိုလ်ကြီးတစ်ယောက်က လာပြီးတော့ ဒီ တပ်သား သုံးယောက်ကို အပြင်မှာထားရင် အသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုပြီး ခေါ်သွားရာကနေ ယခုအချိန်အထိ အမှုတွဲလည်းပြန်မရောက်လာဘူး၊ ဆေးစစ်ချက်မှတ်တမ်းတွေပါ ပျောက်ဆုံးပြီး အမှုက ပျောက်နေတဲ့အခြေအနေ ဖြစ်တယ်။”

ဒီအမှုမှန်ပေါ်ပေါက်နိုင်ရေး သေဆုံးသူ မိသားစုဘက်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တာနားအထိ သိရှိနိုင်အောင် ကြိုးစားဆောင်ရွက်ခဲ့ပေမယ့် အခုအချိန်အထိ တစုံတရာ ထူးခြားမှုမရှိခဲ့ဘူးလို့လည်း ဦးမင်းလွင်ဦးက ပြောပါတယ်။

“မိသားစုဝင်တွေကနေပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနကနေ နိုင်ငံတော်သမ္မတ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့ ဥက္ကဋ္ဌ စတာတွေကို တိုင်တန်းပြီးတဲ့အခါမှာ စုံစမ်းရေးကော်မရှင်လွှတ်ပြီးတော့ စုံစမ်းစစ်ဆေးခိုင်းတယ်။ ဒီကိစ္စ အရေးယူခြင်း မရှိသေးဘဲနဲ့ ဒီနယ်မြေအတွင်းမှာ သံသယရှိနေတဲ့ နာမည်ဆိုးစာရင်းဝင်တဲ့သူတွေကို စောင့်ကြည့်ဖို့ ဆိုပြီးတော့ ဆုံးဖြတ်ချက်နဲ့ ကိစ္စက အရေးမယူဘဲနဲ့ ပြီးသွားတာ ဖြစ်တယ်။ အဲဒီတော့ မစ္စတာကင်တားနား လာတဲ့အခါမှာ အဲဒီကိစ္စကို မိသားစုဝင်တွေကိုယ်တိုင်က မစ္စတာ ကင်တားနားနဲ့တွေ့ပြီးတော့ ပြောဆိုခဲ့တာတွေ ရှိပါတယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို မစ္စတာကင်တားနားဆီ ပေးပို့တယ်လို့ ကျနော်တို့ သိရပါတယ်။”

တပ်မတော်သားတွေပါဝင် ပတ်သက်တဲ့ ပြစ်မှု၊ ပြစ်ဒဏ် တရားရေးစီရင်မှုတွေအပေါ် စစ်တပ်ဘက်က အာဏာလွှမ်းမိုးမှုတွေရှိနေပြီး တရားရေးစီရင်မှု အားနည်းနေတဲ့အပေါ်လည်း အာရှလူ့အခွင့်အရေး ကော်မရှင်က ဝေဖန်ထောက်ပြလိုက်ပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာက တပ်မတော်ကနေပြီးတော့ ကျူးလွန်တဲ့ပြစ်မှုတွေမှာ အခုအချိန်အထိ အရေးယူမှုတစ်စုံတရာမရှိသေးဘဲနဲ့ တရားခံတွေက လွတ်နေတယ်။ တရားခံအဖြစ် ယူဆထားရတဲ့ တပ်သားသုံးဦးကို အမြန်ဆုံးအရပ်ဘက်တရားရုံးကို စွဲဆိုတင်ပို့ပေးနိုင်ဖို့ အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။”

ဒီလူသတ်ပစ္စည်းလုတဲ့အမှုနဲ့ပတ်သက်ပြီး ပြည်မြို့က မြို့သားတွေအပါအဝင် အများပြည်သူသိရှိအောင် တာဝန်ရှိသူတွေ မျှတတဲ့ တရားစီရင်ရေး လုပ်ဆောင်ပေးဖို့ သေဆုံးသူ ကိုဇော်မင်းဦးရဲ့မိသားစုက ဧပြီလ ၂၇ ရက်နေ့၊ တနင်္ဂနွေမှာ ပြည်မြို့ သံလွင်ခက် စွမ်းရည်မြှင့်တင်ရေးကျောင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့သိရပါတယ်။
XS
SM
MD
LG