သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိန္ဒူတွေကို ARSA သတ်ဖြတ်မှု AI ဆက်လက်အတည်ပြု


journalist in Maungdaw where the 45 Hindu corpses buried (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
journalist in Maungdaw where the 45 Hindu corpses buried (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ ဟိန္ဒူဘာသာဝင်တွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအပေါ် AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ သူတို့ သတ်ဖြတ်ခဲ့တာမဟုတ်ကြောင်း ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က ပြန်လည်ငြင်းဆိုတဲ့ ကြေညာချက်ကို မနေ့ သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။ AI ကတော့ သူတို့ရဲ့အစီရင်ခံစာအပေါ် အခိုင်အမာ ရပ်တည်ပြီး ARSA ရဲ့တုံ့ပြန်ချက်ဟာ မြန်မာစစ်တပ်က တုံ့ပြန်တဲ့ပုံစံအတိုင်း ဖြစ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

AI လူ့အခွင့်အရေးအဖွဲ့ကြီးကတော့ သူတို့ရဲ့ အစီရင်ခံစာအပေါ် အခိုင်အမာရပ်တည်ကြောင်းနဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ အခုလို ငြင်းဆို တုံ့ပြန်ချက်ဟာ မြန်မာစစ်တပ်လိုပဲ တဖက်သတ်ငြင်းဆိုတဲ့ ပုံစံမျိုးဖြစ်နေကြောင်း AI အစီရင်ခံစာကို ပြုစုရေးသားခဲ့သူတဦးဖြစ်တဲ့ Matthew Wells က ဗွီအိုအေကိုပြောပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဟိန္ဒူ အမျိုးသား၊ အမျိုးသမီးနဲ့ကလေးတွေ သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ဒီကနေ့ ARSA ရဲ့ ငြင်းဆိုချက်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်ကစပြီး နောက်ပိုင်း ရိုဟင်ဂျာတွေကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှုကို မြန်မာ စစ်တပ်က ငြင်းဆိုသလိုမျိုး ပုံစံတူနေတာကို စိတ်မကောင်းဖြစ်ရပါတယ်။ အခုချိန်မှာ လိုအပ်နေတာက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နှစ်ဘက်စလုံး ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေအတွက် တာဝန်ရှိသူအားလုံးကို တရားစီရင်ပြီး အပြစ်ပေးအရေးယူနိုင်ဖို့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ သွားရောက် စုံစမ်းခွင့်ပေးဖို့ဖြစ်ပါတယ်။”

ဒါပေမယ့် မေလ ၂၅ ရက်နေ့ရက်စွဲနဲ့ ARSA အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် Ata Ullah က လက်မှတ်ရေးထိုးပြီး သူတို့ရဲ့ twitter အကောင့်မှာ ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာတော့ AI အစီရင်ခံစာပါအချက်တွေဟာ မှန်ကန်မှုမရှိတဲ့ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ရိုဟင်ဂျာတွေကို တိုက်ခိုက်မှုမရှိတဲ့ ဟိန္ဒူတွေကို ရိုဟင်ဂျာတွေက သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးဟာ ကျိုးကြောင်း ခိုင်လုံမှုမရှိဘူးလို့လည်း အဲဒီကြေညာချက်မှာဖေါ်ပြထားပါတယ်။

ဒါ့အပြင် ARSA အပေါ် စွပ်စွဲချက်တွေ မှန်ကန်ကြောင်း သက်သေပြဖို့ AI အဖွဲ့အနေနဲ့ သူတို့ရဲ့ မျက်မြင်သက်သေတွေ၊ အထောက်အထား၊ အချက်အလက်တွေကို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဆီကိုလည်း တင်ပြခွင့်ပေးသင့်ကြောင်း ကြေညာချက်က ဆိုပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA ပဲဖြစ်ဖြစ်၊ မြန်မာစစ်တပ်ပဲဖြစ်ဖြစ်၊ ရခိုင်အစွန်းရောက်တွေပဲဖြစ်ဖြစ် ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့အတွက် လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို သူတို့ဘက်က ပေါင်းဆောင်ရွက်ဖို့ အမြဲတမ်းအဆင်သင့်ရှိနေကြောင်းလည်း ရေးသားထားပါတယ်။

Matthew Wells ဟာ AI အစီရင်ခံစာအတွက် သူကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ်နိုင်ငံလုံးကို သွားရောက်ပြီး မျက်မြင်သက်သေတွေကို တွေ့ဆုံမေးမြန်းခဲ့တာပါ။ ဒါကြောင့် ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ကိုရော တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသလားဆိုတဲ့ ဗွီအိုအေရဲ့ အမေးကိုတော့ သူကအခုလို တုံ့ပြန်ခဲ့ပါတယ်။

“ARSA အဖွဲ့နဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်းနိုင်ဖို့ ကျနော်တို့ အကြိမ်များစွာကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိ ကျနော်တို့ကို တုံ့ပြန် ဖြေဆိုခြင်း မရှိသေးပါဘူး။ ကျနော်တို့ရဲ့ တွေ့ရှိချက်တွေကိုလည်း သူတို့ဆီ တိုက်ရိုက်ပို့ပေးဖို့ အဆင့်သင့်ရှိနေပါတယ်။ မြန်မာနဲ့ ဘင်္ဂလား ဒေ့ရှ် နှစ်ဘက်လုံးမှာရှိတဲ့ ကျနော်တို့ ပြုစုခဲ့တဲ့အချက်အလက်တွေအရ ခမောင်းဆိပ်ရွာကိုဝင်ပြီးဝိုင်းတာ၊ ဟိန္ဒူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို ဘင်္ဂလားဒေ့ရှ်ဘက် ပြန်ပေးဆွဲသွားတာ စတဲ့ပြစ်မှုကျူးလွန်မှုတွေမှာ ARSA တိုက်ခိုက်ရေးသမားတွေမှာ တာဝန်ရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖေါ်ပြနေတာပါ။”

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသမှာရှိတဲ့ လုံခြုံရေးစခန်းတွေကို ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ ဝင်ရောက် တိုက်ခိုက်ပြီးနောက် အဲဒီနေ့မှာပဲ ခမောင်းဆိပ်ဆိုတဲ့ ဟိန္ဒူဘာသာဝင်အများစု နေထိုင်တဲ့ရွာကို ဝင်ရောက်ပြီး အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး စုစုပေါင်း ၁၀၀ နီးပါးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တယ်လို့ AI အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။ ဒီအတွက်လည်း ရာနဲ့ချီတဲ့ မျက်မြင်သက်သေတွေကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း အစီရင်ခံစာက ဆိုပါတယ်။ အခုလို AI အဖွဲ့ကြီးရဲ့ အစီရင်ခံစာ ဖေါ်ထုတ် ချက်ကို ကြိုဆိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း မေလ ၂၄ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့သလို မြန်မာ အစိုးရပိုင် သတင်းဌာနတွေမှာလည်း AI အစီရင်ခံစာ သတင်းတွေကို အကျယ်တဝင့် ဖေါ်ပြခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ AI အဖွဲ့ရဲ့ အမြင်ဘယ်လိုရှိပါသလဲလို့ Matthew Wells ကိုမေးကြည့်ပါတယ်။

“ဟိန္ဒူတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု AI ရဲ့အစီရင်ခံစာအပေါ် မြန်မာအာဏာပိုင်တွေဘက်က တုံ့ပြန်ချက်ဟာ လုံး၀ မရိုးသား ပါဘူး။ အဓိကအချက်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဝင်ရောက်စုံစမ်းခွင့်ကို မြန်မာအာဏာပိုင်တွေက ပိတ်ပင်ထားခဲ့တာပါ။ အဲဒါ ကြောင့်လည်း ဟိန္ဒူတွေ အစုလိုက်အပြုံလိုက်သတ်ခံရမှုကို စုံစမ်းစစ်ဆေးရာမှာ ကျနော်တို့ အလွန်ကို ခက်ခဲခဲ့ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ အဖြစ်အပျက်အားလုံးအတွက် အမှန်တရားကို အာဏာပိုင်တွေဘက်ကလိုလားတယ်ဆိုရင် သူတို့အနေနဲ့ AI အပါအဝင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ စတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ဝင်ရောက်ခွင့် ပြုရမှာဖြစ်ပါတယ်။ နောက်ပြီး မြန်မာစစ်တပ်အပါအဝင် အခြားသူတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအားလုံးအတွက် ကျနော်တို့ကို လွတ်လွတ် လပ်လပ် စုံစမ်းစစ်ဆေးခွင့်ပြုရမှာပါ။ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ပြစ်မှု မြောက်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။”

၂၀၁၇ခုနှစ် သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်တွေရဲ့ အင်အားသုံးနယ်မြေရှင်းလင်းမှုကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းနီးပါးရှိခဲ့တာပါ။ ဒီအခြေအနေကို လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှုအဖြစ် ကုလသမဂ္ဂက ခေါ်ဝေါ်ခဲ့ပေမယ့် မြန်မာအစိုးရကတော့ ငြင်းဆိုထားသလို မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှု၊ အတင်းအဓမ္မ ပြုကျင့်မှု စတဲ့ ဘင်္ဂလားဒေ့ရှ် စခန်းတွေမှာရှိနေတဲ့ ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေကိုလည်း ငြင်းပယ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG