သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနားကို လက်ရှိရာထူးဆက်ခန့်ထားဖို့ AI တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနား
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနား
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ စောင့်ကြည့်စစ်ရေးရမယ့် အခြေအနေမှာပဲ ရှိနေသေးတာမို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်တွေ ဆက်ပြီး ထားရှိသွားဖို့ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Amnesty International က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စောင့်ကြည့် စစ်ဆေးမှုတွေက ဘယ်လောက်ထိ အရေးပါပါသလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးပါရှင်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာ အနေအထားမှာ ဆက်ပြီး ရှိနေသေးတာကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ စောင့်ကြည်စစ်ဆေးမှုတွေ ဆက်လက်ထားရှိဖို့ အရေးကြီးတယ်လို့ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားရဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှု လုပ်ပိုင်ခွင့်တွေကို ရုပ်သိမ်း မပစ်လိုက်ဖို့ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International က တောင်းဆိုလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ Amnesty International အဖွဲ့ကြီးရဲ့ ပြောခွင့်ရသူ T. Kumar က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး စောင့်ကြည့်စစ်ဆေးမှုတွေ ဆက်လက်ထားရှိဖို့ Amnesty International အဖွဲ့က ဘာကြောင့် တောင်းဆိုရသလဲ ဆိုရင်တော့ ပြီးခဲ့တဲ့ တနှစ်တာအတွင်း အခြေအနေတွေကို ပြန်ကြည့်ရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာ ကျဆင်း သွားပါတယ်လို့ အာမခံပြောနိုင်တဲ့ အခြေအနေမတွေ့ရပါဘူး။ ကျနော်တို့ စုစောင်းရရှိထားတဲ့ မှတ်တမ်းတွေအရ ရခိုင်ပြည်နယ်မှာဆိုရင် အခြေအနေက လုံးဝကို တိုးတက်ပြောင်းလဲလာတာ မရှိပါဘူး။ လူတွေ မတရား ထောင်သွင်းအကျဉ်းချခံနေရဆဲ့ ဖြစ်သလို ဒုက္ခသည် စခန်းတွေထဲမှာ အိုးအိမ်မဲ့ဒုက္ခရောက်နေသူတွေ အများကြီး ရှိနေပါတယ်။ ရခိုင်လူမျိုးတွေအပေါ်မှာရော မူစလင်တွေအပေါ်မှာပါ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီးရှိနေတုန်းပါ။

အလားတူ ကချင်ပြည်နယ်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ဖြစ်ပွားနေတယ် ဆိုတာကို ကျနော်တို့သိထားပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကလည်း ရှိနေတုန်းပါ။ ပြီးခဲ့တဲ့တနှစ်အတွင်း ဥပဒေတွေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေဆိုတာလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဆက်လက်စောင့်ကြည်ဖို့ လိုတယ်လို့ ကျနော်တို့ ပြောတာပါ။”


ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ တိုးတက်တဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတချို့ ရှိလာတယ် ဆိုပေမဲ့လည်း လူ့အခွင့်အရေးပိုင်းမှာတော့ အခြေအနေဆိုးရွားနေတုန်းပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ် အိုဟေးကင်တားနားက မကြာခင်က သူ့ရဲ့နောက်ဆုံးအစီရင်ခံထဲမှာ ထောက်ပြ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို Amnesty International အဖွဲ့ကလည်း ပြန်လည် ထောက်ပြပြီး မြန်မာနိုင်ငံတွင်း အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့မှာ နိုင်ငံတကာရဲ့ လူ့အခွင့်အရေး စောင့်ကြည့်မှုတွေ ဆက်ရှိဖို့ အရေးကြီးတဲ့အကြောင်း မတ်လ ၇ ရက်နေ့ကနေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်း ခဲ့တာ ဖြစ်ပါတယ်။

“ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်တဲ့နေရာမှာ အဲဒီဒေသမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ ကို လေ့လာသုံးသပ်တဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေရှိဖို့ လိုပါတယ်။ ဒါကြောင့် ကုလသမဂ္ဂမှာဆိုရင် အထူး လေ့လာစုံစမ်းစစ်ရေးမှူးတွေ၊ ဒါမှမဟုတ် အထူး ကိုယ်စားလှယ်တွေ ခန့်အပ်တာဝန်ပေးတာက ဒီအတွက် အမြင့်ဆုံး သတိထား ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အဖွဲ့အစည်းကြီးက မြန်မာနိုင်ငံက အခြေအနေတွေကို စောင့်ကြည့်နေတာ ဖြစ်သလို ပြောင်း လဲမှုတွေ မလုံလောက်သေးဘူးလို့ ယူဆရပါတယ်။ မြန်မာနိုင်ငံတွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်ပြီး စိုးရိမ်နေဆဲဖြစ်ပါတယ်။”

မြန်မာသမ္မတ ဦးသိန်းစိန် ဥရောပ ၅ နိုင်ငံခရီးအဆုံးသတ်ချိန်မှာပဲ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီမှာတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိသလို လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ကင်တားနားရဲ့ မြန် မာနိုင်ငံတွင်း လူ့အခွင့် အရေး စောင့်ကြည့် စစ်ဆေးမှုတွေ ဆက်လက် ထားရှိသင့် မသင့်ဆိုတာကို မတ်လ ၁၁ ရက်နေ့မှာ ဆွေးနွေး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆွေးနွေးမှုမတိုင်ခင် Amnesty International အဖွဲ့ကြီးရဲ့တိုက်တွန်းမှု ထွက်ပေါ်လာတာ လည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနားဟာ ဖေဖော်ဝါရီလ ၁၁ ရက် နေ့ကနေ ၁၆ ရက်နေ့အထိ (၇ ကြိမ်မြောက်) မြန် မာနိုင်ငံကို ၅ ရက်ကြာခရီး သွားရောက်ခဲ့ပြီး အစိုးရပိုင်းတာဝန်ရှိသူတွေအပြင် ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်အမတ်တွေ၊ လူမှုအခြေပြု အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ စသဖြင့် လူပုဂ္ဂိုလ် အတော်များများနဲ့ တွေ့ဆုံခဲ့သလို ပြီးခဲ့တဲ့နှစ်က အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်နဲ့ကချင်ပြည်နယ်တွေကို သွားရောက် ကြည့်ရှုခဲ့သလို အကျဉ်းထောင်တွေထဲကိုလည်း သွားရောက် စစ်ဆေးခဲ့တာပါ။

သူ့ရဲ့ နောက်ဆုံးမြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာကို မတ်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ သလို ဒီအထဲမှာတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ်ရဆဲ အခြေအနေမှာ ရှိနေသေးတဲ့အကြောင်း ဖော်ပြထားပါတယ်။ သူ့ရဲ့ ဒီအစီရင်ခံစာကိုတော့ ဒီ မတ်လ ၁၁ ရက်နေ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ဆွေးနွေးတင်ပြမှာလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG