သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIDS ရောဂါတိုက်ဖျက်ရေးမှာ နှိမ့်ချဆက်ဆံမှု အဓိက အဟန့်အတား


ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေး Credit- Khawn Taung Hpaudaw, Coordinator at Myanmar Interfaith Network on AIDS (MINA)
ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေး Credit- Khawn Taung Hpaudaw, Coordinator at Myanmar Interfaith Network on AIDS (MINA)

လိင်တူချင်းဆက်ဆံသူတွေဟာ ရာဇဝတ်မှု ကျူးလွန်သူတွေ မဟုတ်ဘူးလို့ သြစတြေးလျနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောလိုက်ပါတယ်။ ရောဂါ ပိုးရနေသူတွေ၊ ဝေဒနာရှင်တွေကို အမှောင်ထုထဲ ချောင်ထိုးထားလိုက်ရုံနဲ့ ရောဂါ တိုက်ဖျက်ရေး မအောင်မြင်နိုင်ဘူးလို့ အကြိမ် (၂၀) မြောက် ကျင်းပတဲ့ နိုင်ငံတကာ AIDS ညီလာခံမှာ အမေရိကန် သံအမတ် John Berry က ပြောကြားလိုက်တဲ့ အကြောင်း ဗွီအိုအေသတင်းထောက် Joe De Capua က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ HIV/AIDS ဝေဒနာရှင်တွေအပေါ် ခွဲခြားဆက်ဆံတာတွေ ရှိနေတာကြောင့် ကာကွယ်တားဆီးရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ဆက်ပြီး ရှိနေဆဲပဲလို့လည်း ညီလာခံကို တက်ရောက်နေတဲ့ အေးငြိမ်းမေတ္တာအဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာ ကိုမျိုးမင်းထက် က ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ကမ္ဘာကြီးမှာ HIV/AIDS ရောဂါ တိုက်ဖျက်ရေးအတွက် အရေးကြီးဆုံးအချိန်ကို ရောက်နေပြီလို့ ညီလာခံကို တက်ရောက်လာတဲ့ သြစတြေးလျနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး John Berry က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ အခုဆိုရင် AIDS ရောဂါကင်းတဲ့ မျိုးဆက်ရနိုင်ဖို့ လက်လှမ်းမီလုနီးပါးဖြစ်နေပါပြီ။ ဒါပေမဲ့ ဒီဦးတည်ချက်ရောက်ဖို့က ကျနော်တို့အားလုံးအတွက် အတူတကွ လက်တွဲ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်မှုနဲ့ ရောဂါကုသမှုအတွက် လူတိုင်း လက်လှမ်းမီစေရမှာ ဖြစ်ပါတယ်။”

ဒါပေမဲ့လို့ ကမ္ဘာမှာ ဒီရောဂါပိုးကို ကာကွယ်ဖို့ ကုသဖို့အတွက် အတားအဆီး အခက်အခဲတွေဟာ အများကြီး ရှိနေတယ်လို့ သူက ဆိုပါတယ်။

“ဒီရောဂါဖြစ်နိုင်ဖို့ အလားအလာ များတဲ့သူတွေနဲ့ HIV ပိုး ရနေသူတွေကို နှိမ်ချဆက်ဆံတာ၊ HIV နဲ့ ပတ်သက်ပြီး အရှက်ရစရာအဖြစ် ထင်မြင်ယူဆကြတာတွေဟာ ဒီရောဂါ ပပျောက်အောင် လုပ်ဆောင်ရာမှာ အဟန့်အတားတွေ ဖြစ်နေပါတယ်။”

HIV ပိုး ကာကွယ်တားဆီးရေးနဲ့ ပတ်သက်လို့ လူငယ်တွေကို ပညာပေးတာ၊ သုတေသန လုပ်ငန်းတွကို ထောက်ပံ့တာ၊ HIV ပိုး ရှိနေသူတွေကို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ဖယ်ရှားတာ၊ ကူးစက်ရောဂါတွေကို တိုက်ဖျက်ရေး ကြိုးပမ်းနေတဲ့ Global Fund အဖွဲ့ကြီးကို ထောက်ပံ့တာ စတဲ့ အချက်တွေကိုလည်း အမေရိကန် သံအမတ်ကြီးက ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ လိင်တူချင်းဆက်ဆံသူတွေ၊ လိင်လုပ်သားတွေအနေနဲ့ ရောဂါပိုးကာကွယ်ရေးမှာ ခွဲခြားဆက်ဆံတာတွေကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ အေးငြိမ်းမေတ္တာအဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာ ကိုမျိုးမင်းထက် က ပြောပါတယ်။ သူကိုယ်တိုင်လည်း လိင်တူချင်းဆက်ဆံသူတွေရဲ့ လိင်မှုဆိုင်ရာနဲ့ မျိုးစက်ပွားဆိုင်ရာ ကျန်းမာရေးဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဆွေးနွေးခဲ့တာပါ။

“လူငယ်အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်သူတွေလေ ပြီးတော့ကျတော့ လူငယ်အမျိုးသမီး လိင်လုပ်သားတွေ၊ ပြီးတော့ မူးယစ်ဆေး အကြောထဲ ထိုးသွင်းတဲ့လူငယ်တွေအတွက်၊ နောက်တခါ HIV ပိုး ကူးစက်ထားတဲ့ လူငယ်တွေအတွက်ရယ်ပေ့ါနော် သူတို့အတွက်ကို ကျနော်က လာပြီးတော့ ဆွေးနွေးပေးတာ၊ လာပြီး ဆွေးနွေးတဲ့အထဲမှာတော့ ကျနော်တို့ မြန်မာနိုင်ငံအတွက်ဆို အဓိကက လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်ပေါ့နော် ဒီ HIV/AIDS နဲ့ ပတ်သက်လို့ရှိရင် ခွဲခြား နှိမ်ချ ဆက်ဆံမှုတွေက အခုထိ ရှိနေတုန်းပဲပေ့ါ။ အဲ့ဒီလို ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်းတွေကို ကျနော်က ဒီမှာလာပြီးတော့ ဆွေးနွေးတာပေါ့နော်။”

ဒါအပြင် မြို့နဲ့ဝေးတဲ့ နေရာတွေမှာ ခွဲခြားဆက်ဆံမှု အခြေအနေတွေကိုလည်း အခုလို ပြောပြပါတယ်။

“ခွဲခြားတာက ၂ မျိုးရှိပါတယ်။ ကိုယ်ကိုယ်တိုင် ခွဲခြားတာရယ်၊ လူထုကနေပြီး ခွဲခြားတာရယ် ၂ ခုရှိတယ်။ အဓိက ကိုယ်ကိုယ်တိုင် ခွဲခြားတာ အရမ်းဆိုးပါတယ်။ ကိုယ်ကိုယ်တိုင် ခွဲခြားလို့ရှိရင်တော့ ဒီ HIV ပိုးအကြောင်းကိုလည်း မသိဘူး။ ဒီ HIV ပိုးကနေပြီးတော့ ဘယ်လို ကူးစက်ပုံ ကူးစက်နည်းတွေကိုလည်း မသိတဲ့အတွက်ကြောင့် ကိုယ်ကိုယ်တိုင် ခွဲခြားနေတယ်။ ကိုယ်ကိုယ်တိုင် ခွဲခြားပြီးတော့ ဆေးဝါးကုသခံယူမှု မရှိဘူး။ အဲလိုမရှိဘဲ တချို့သေသွားတဲ့ HIV ပိုး ကူးစက်ထားသူတွေ ရှိပါတယ်။ အဓိကနယ်တွေမှာဆိုရင်တော့ ခွဲခြားနှိမ်ချဆက်ဆံမှုတွေ ရှိနေတဲ့အတွက်ကို အပြင်မထွက်ရဲတာမျိုးတို့၊ သူကိုယ်တိုင်က ဖွင့်မပြောရဲတာမျိုးတို့ တချို့ဆိုရင်တော့ ဘယ်နေရာမှာ ဆေးကုသမှု ခံယူရမလဲဆိုတာ လက်လှမ်းမမီတဲ့ပုံစံမျိုး ရှိတာတွေ အဲ့လိုမျိုးလေးတွေ ရှိတယ်။”

လက်ရှိ ကျင်းပနေတဲ့ နိုင်ငံတကာ AIDS ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အရှေ့တောင်အာရှမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံမှာ HIV- AIDS ကုသမှုနည်းတွေ ပြောင်းလဲလာပုံတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အပါအဝင် မြန်မာအစိုးရနဲ့ တွဲဖက်ပြီးတော့ HIV-AIDS ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရာမှာ အပြောင်းအလဲတွေ ရှိနေတဲ့အကြောင်းကို မြန်မာအစိုးရ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးနဲ့ UNAIDS က တာဝန်ရှိသူတွေ ဦးဆောင်ပြီး ဇူလိုင်လ (၂၃) ရက်နေ့က ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

XS
SM
MD
LG