သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီပေါနဲ့ လားရှိုးမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံး 


လားရှိုးမြို့လေကြောင်းဗုံးကြဲခံရအပြီးမြင်ကွင်း (စက်တင်ဘာ ၃၀၊ ၂၀၂၄)
လားရှိုးမြို့လေကြောင်းဗုံးကြဲခံရအပြီးမြင်ကွင်း (စက်တင်ဘာ ၃၀၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး၊ ၁ ဒါဇင်နီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ တချိန်တည်းမှာပဲ MNDAA ကိုးကန့်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာလည်း မနေ့ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာပြင်းထန်သူ ၃ ဦးအပါအဝင် ဒေသခံ ၉ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်ပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ စက်တင်ဘာလလယ်က စတင်ပြီး စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့ရာက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက် ပြုလုပ်လာနေတာပါ။
စက်တင်ဘာလ ၂၈ရက်နေ့ကနေ ၃၀ရက်အထိ ၃ရက်ဆက် တိုက်ခိုက်ရာမှာ အရပ်သား ထိခိုက်သေဆုံးတာ ရှိကြောင်း နဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက VOA ကို ပြောပါတယ်။

“ သီပေါမြို့မှာ ဆိုရင် ၂၈ရက်နေ့ကနေ ၃၀ရက်နေ့အထိဆိုရင် စစ်ကောင်စီက လေကြောင်းကနေ တဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦးသေဆုံးပြီးမှ ၁၁ဦး ထိခိုက်ဒဏ်ရာရတယ်။ ပြီးတော့ ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦးတွေနဲ့ အခြား ဒေသပိုင်ပစ္စည်းတွေလည်း ပျက်ဆီးသွားတာမျိုးတွေ ရှိပါတယ်။ သီပေါမှာ ဆိုရင်တော့ တိုက်ပွဲက ဆက်လက် ပြင်းထန်နေတယ်။ လက်ရှိမှာတော့ ဒီ ခလရ ၂၃မှာ ပြင်းထန် နေတာဖြစ်ပါတယ်။ ”

TNLA ပြန်ကြားရေးဌာနကတော့ စက်တင်ဘာ ၂၈ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုမှာ လူ ၆ဦး၊ ၂၉ရက်နေ့ တိုက်ခိုက်မှုမှာ သီပေါမြို့မှာ လူတဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာရကြောင်းနဲ့ ခါလိန်ကျေးရွာမှာ ၁အသက်၇နှစ်အရွယ်ကလေးတဦးအပါအဝင် ၃ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ၃၀ရက်နေ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့စာရင်းကို ဖော်ပြထားတာ မတွေ့ရပါဘူး။

စက်တင်ဘာလ တလအတွင်း TNLA ထိန်းချုပ်ဒေသတွေမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၂၆ဦး သေဆုံးပြီး ၄၁ဦး ထိခိုက်ခဲ့သလို နေအိမ် ၄၇လုံးပျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်ဒေသ အခြေစိုက် ရွှေဖီမြေ သတင်းဌာနကတော့ သီပေါမြို့တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ဦးသေဆုံးပြီး ဒဏ်ရာရသူ ၆၀ခန့်ရှိကြောင်း ဖော်ပြထား ပါတယ်။
MNDAA ကိုးကန့်တပ် သိမ်းယူထားတဲ့ လားရှိုးမြို့ကိုတော့ စက်တင်ဘာလ ၃၀ရက်နေ့ည ၁၀နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းက ၂ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လားရှိုးမြို့ခံ တဦးက အခုလို ပြောပါတယ်။

“ ရပ်ကွက် ၁၂ဆို မန်နားဘက်ပေါ့နော်။ မန်နားဆို တရုတ်ရွာဘက်ပေါ့။ မန်နားရယ် နောက် ကျနော်တို့ဒီ ကာမိန်းကျောင်းအနောက်ဘက်က ကောင်းဆာပေါ့။ အထိအခိုက်တော့ မသိဘူး။ အထိအခိုက်ရှိ၊မရှိတော့။ အဲဒီဘက်ကတော့ ဝေးလည်း ဝေးတော့ သွားမကြည့်ဖြစ်ဖူးလေ။”

ဒေသတွင်း သတင်းမီဒီယာတွေမှာကတော့ ၃၀ရက်ညပိုင်းက ပေါင် ၅၀၀ဗုံး ၄လုံးကြဲချခဲ့ရာမှာ အရပ်သား ၉ဦး ထိခိုက်ပြီး ၃ဦး က ဒဏ်ရာပြင်းထန်ကြောင်း ဖော်ပြကြပါတယ်။ စက်တင်ဘာ ၃၀ရက်နေ့ မနက် ၁နာရီခန့်ကလည်း ဗုံး၃လုံးကြဲချခဲ့တာကြောင့် လူ ၁ဦးထိခိုက်ပြီး နေအိမ် ၅လုံးပျက်ဆီးခဲ့ပါတယ်။ လားရှိုးမြို့ကို လေကြောင်းကနေ နေ့စဉ်လို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒီရက်ပိုင်းမှာ မြို့ကို စွန့်ခွာသူတွေ များလာသလို တိုက်ပွဲတွေ ပြန်ဖြစ်မယ်ဆိုတဲ့ ကောလဟလတွေလည်း ပျံနှံနေကြောင်း လားရှိုးမြို့ခံက ဆက်ပြောပါတယ်။

“ လားရှိုးက ထွက်တဲ့လူလည်း ထွက်ကုန်ကြပြီ။ နှစ်ရက်၊ သုံးရက်ရှိပြီပေါ့။ အဲလို တောက်လျောက်ကြဲနေတာ။ ရပ်ကွက် ၇ ကလည်းကြဲမယ် နံမည်ကြီးနေတာ။ မကြဲဖြစ်ပါဘူး။ အဲတော့ ထွက်ကြပြီပေါ့။ တချို့ကလည်း ရှောင်အိပ်တယ်။ ဟိုနားရှောင်၊ဒီနားရှောင်အိပ်တယ်။ သတင်းရရင် ရှောင်အိပ်တာပေါ့။ အဲလိုမျိုး သတင်းတွေ ကလည်း တမျိုးပြီး တမျိုး။ မိုင်းရယ်ဘက်မှာတော့ ၄- ၅ထောင်လောက် စုထားပြီ ဘာညာပေါ့။ အခုကတော့ မြေပြင်ကပဲ လာတော့ မလိုလိုနဲ့ သတင်းတွေက လျောက်ဖွနေတာ။ ”

MNDAA နဲ့ ပူးပေါင်းတပ်တွေ လားရှိုးမြို့ကို သိမ်းယူခဲ့ပြီးနောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ၁၀ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး အရပ်သား ၃ဦးသေဆုံးခဲ့ ၄၀ခန့် ဒဏ်ရာရခဲ့ပါတယ်။ ရှမ်းမြောက်ဒေသ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းဖော်ပြတာတော့ မတွေ့ရပါဘူး။

Forum

XS
SM
MD
LG