သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလမ်းနဲ့ မင်းတပ်တိုက်ပွဲ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက်


ချင်းညီနောင် တပ်ဖွဲ့ဝင် CNDF တပ်သားများ (ယခင်ပုံဟောင်း)
ချင်းညီနောင် တပ်ဖွဲ့ဝင် CNDF တပ်သားများ (ယခင်ပုံဟောင်း)

ချင်းပြည်နယ်၊ ဖလမ်းနဲ့ မင်းတပ်မြို့မှာ မြို့သိမ်းစစ်ဆင်ရေး စတင်ချိန်ကစပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုက တလကျော်အထိ ဆက်ပြီးရှိနေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေချိန် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေပါတယ်။ မင်းတပ်မြို့က ချင်းညီနောင်စစ်ဆင်ရေး အခြေအနေ ရန်ကုန်ကနေ သတင်းပို့ထားပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းနဲ့ မင်းတပ်မြို့မှာ ချင်းညီနောင်စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲတွေ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့တာပါ။ အဲဒီအချိန်ကစပြီး စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့ကြား တိုက်ပွဲပြင်းထန်လာတာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဒီကနေ့အထိ ဆက်ပြီးရှိနေတယ်လို့ ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမန်က VOA ကိုပြောပါတယ်။

"လေကြောင်း တိုက်ခိုက်မှုတွေကတော့ ကျနော်တို့ မြို့သိမ်းစစ်ဆင်ရေး စတင်တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကတည်းကပဲ။ နေ့စဉ်နီးပါးပါပဲ၊ တလကျော်ကျော်၊ တရက်မပျက်လို့ ပြောရမှာပဲ။ လေကြောင်းတိုက်ခိုက်မှုတော့ တောက်လျှောက်ရှိပါတယ် ခင်ဗျ။"

နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေလို့ မြို့ထဲမှာ နေထိုင်သူလုံးဝ မရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်လောက်မှာ မြို့လုံးကျွတ်အားလုံးနီးပါး စစ်ဘေးရှောင်ခဲ့ကြတာပါ။ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေတာနဲ့ လေကြောင်းတိုက်ခိုက်ခံရတာတွေ ရှိနေပြီး၊ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ စစ်ရှောင်နေရသူတွေက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ စခန်းတချို့ကိုလည်း သိမ်းဆည်းထားနိုင်တာ ရှိတယ်လို့ ချင်းညီနောင်ဘက်က ပြောပါတယ်။ တိုက်ပွဲအခြေအနေကိုတော့ မကြာခင်မှာ သတင်းထုတ်ပြန်သွားမယ်လို့ ဆလိုင်းယောမန်က ပြောပါတယ်။

"တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒီရက်ပိုင်းအတွင်း ဒီနေ့မဟုတ်ရင် မနက်ဖြန် ကျနော်တို့တရားဝင် သတင်းထုတ်ပြန်ဖို့ ရှိပါတယ်ခင်ဗျ။"

ဖလမ်းနဲ့ မင်းတပ်မှာ စစ်စခန်းတွေ တိုက်ခိုက်ခံရလို့ တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ (Chin Brotherhood) ချင်းညီနောင်အဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ (၁) တို့ ပါဝင်ပါတယ်။

Forum

XS
SM
MD
LG