သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

al-Baghdadi သေဆုံးခြင်းနှင့် IS ရှေ့ရေး


အမေရိကန်စစ်ဆင်ရေးအတွင်း သေဆုံးခဲ့သည့် IS ခေါင်းဆောင် Abu Bakr al-Baghdadi. (ဇူလိုင် ၅၊ ၂၀၁၄)
အမေရိကန်စစ်ဆင်ရေးအတွင်း သေဆုံးခဲ့သည့် IS ခေါင်းဆောင် Abu Bakr al-Baghdadi. (ဇူလိုင် ၅၊ ၂၀၁၄)

(Zawgyi / Unicode)

အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ရဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi ကို ပစ်မှတ်ထားပြီး အပြင်းအထန် ချေမှုန်းတဲ့ အမေရိကန်စစ်တပ် အထူးတပ်ဖွဲ့တွေရဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက စစ်ဆင်ရေး အောင်မြင်ကြောင်း အမေရိကန် သမ္မတ Donald Trump က ကြေညာလိုက်ပါတယ်။ Baghdadi ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာနဲ့ သူမရှိတော့တဲ့နောက်ပိုင်း IS အကြမ်းဖက်ဝါဒီ အဖွဲ့ရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာကို ဗွီအိုအေရဲ့ အိမ်ဖြူတော်ဆိုင်ရာ ဗျူရိုအကြီးအကဲ Steve Herman၊ ဗွီအိုအေ သတင်းထောက်တွေဖြစ်တဲ့ Ken Bredemeier နဲ့ Jeff Seldin တို့ရဲ့ သတင်းဆောင်းပါးတွေကို စုစည်းပြီး မသိင်္ဂီထိုက် တင်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်တွင်း အမေရိကန်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့တဲ့ အချိန်မှာ အစ္စလာမ္မစ်အစွန်းရောက် IS ခေါင်းဆောင်က သူ့ကိုယ်မှာဝတ်ထားတဲ့ အသေခံဗုံးကို လိုဏ်ခေါင်းတခုထဲမှာ ဖောက်ခွဲခဲ့တာမှာ သူအပါအဝင် ကလေးသုံးဦးလည်း သေဆုံးသွားကြောင်း၊ အမေရိကန် တပ်ဖွဲ့ဝင်တွေ တဦးတယောက်မှ ကျဆုံးမှုမရှိကြောင်း သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ သမ္မတအိမ်ဖြူတော် သံတမန်ခန်းမထဲ မိနစ် ၅၀ နီးပါးကြာ ကြေညာခဲ့တာပါ။ စနေနေ့က ၂ နာရီကြာတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်း IS ခေါင်းဆောင် Baghdadi ဟာ သူ့ရဲ့ နောက်ဆုံးအချိန်မှာ အော်ဟစ်ငိုကြွေး ညည်းညူနေခဲ့တယ်လို့လည်း သမ္မတက ပြောပါတယ်။

“သူရဲကောင်းတဦးလို သေဆုံးခဲ့တာ မဟုတ်ပါဘူး။ သူရဲဘောကြောင်သူတဦးလို သေဆုံးခဲ့တာပါ။”

Baghdadi ရဲ့ ကြွင်းကျန် ရုပ်အလောင်းကို နေရာမှာတင် ၁၅ မိနစ်အတွင်း မျိုးဗီဇ DNA စစ်ဆေးပြီး အတည်ပြု ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း သမ္မတက ပြောပါတယ်။ IS အကြမ်းဖက်ဝါဒီအဖွဲ့ရဲ့ လူမြင်မခံတဲ့ခေါင်းဆောင် Abu Bakr al-Baghdadi ဟာ အီရတ်နိုင်ငံသားဖြစ်ပြီး သူ့ရဲ့ နာမည်ရင်းကတော့ Ibrahim Awad al-Badri ဖြစ်ပါတယ်။ အီရတ်နိုင်ငံ မြောက်ပိုင်းက မိုဆူးလ်မြို့ကို IS တို့ သိမ်းယူနိုင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ Baghdadi က သူဟာ ကမ္ဘာ့ မွတ်စလင်အသိုင်းအဝိုင်းရဲ့ နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်၊ နောက် အစ္စလာမ်နိုင်ငံတော် အကြီးအကဲ caliph ဖြစ်တယ်လို့ မိုဆူးလ်မြို့က ဗလီမှာ ဝတ်ပြုဆုတောင်းသူတွေရှေ့ ကြေညာခဲ့ပြီးနောက် ထင်ရှားလာခဲ့တာပါ။

“ခင်ဗျားတို့ကို အုပ်ချုပ်ဖို့ ကျနော် အပ်နှင်းခံရပေမယ့် ကျနေ်ာဟာ အတော်ဆုံးလူတော့ မဟုတ်ပါဘူး။ ကျနေ်ာ့လုပ်ရပ်တွေ မှန်တယ်ဆိုရင် ကျနော့်နောက်က လိုက်ကြပါ။ ကျနော့်လုပ်ရပ်တွေ မှားနေတာတွေ့ရင် ကျနော့်ကို အကြံဉာဏ်ပေး လမ်းပြပါ။ ကျနော်ဟာ အလ္လာအရှင်မြတ်ရဲ့ အမိန့်ကို မနာခံဘူးဆိုရင် ကျနော့်ကိုလည်း ဖီဆန်ကြပါ။”

Baghdadi ရဲ့ အစ္စလာမ်နိုင်ငံတော်ဆိုတဲ့ ကာလီဖိတ်နယ်မြေက ဆီးရီးယားမြောက်ပိုင်း ဒေသတွေ၊ နောက် အီရတ်နိုင်ငံရဲ့ ၄၀ ရာခိုင်နှုန်းလောက် ရှိခဲ့ပေမယ့် တခြား မွတ်စလင် ခေါင်းဆောင်တွေကတော့ သူ့ရဲ့အဆိုကို ပယ်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း ထောင်နဲ့ချီတဲ့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ IS အစွန်းရောက်အဖွဲ့ကို ဝင်ရောက်လာစေခဲ့ပြီး အနောက်နိုင်ငံတွေနဲ့ ဒေသတွင်းက အရှေ့အလယ်ပိုင်း မဟာမိတ်တွေအပေါ် ဆန့်ကျင်တိုက်ခိုက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံ Raqqa ကို ကာလီဖိတ်ဒေသရဲ့ မြို့တော်အဖြစ် IS တို့က တဖက်သတ် ကြေညာခဲ့ပြီး လူမှုဝန်ဆောင်မှုတွေနဲ့ အခွန်ကောက်ခဲ့သလို အစ္စလာမ္မစ် တရားစီရင်ရေးရဲ့ တင်းကျပ်တဲ့စနစ်၊ ရက်စက်မှုတွေနဲ့ အုပ်ချုပ်ခဲ့တာပါ။

ဒါပေမယ့်လည်း Baghdadi ကို ဖမ်းမိရေး ၂၀၁၆ ခုနှစ်မှာ ဒေါ်လာ ၂၅ သန်း ဆုငွေထုတ်ခံရပြီးနောက်မှာတော့ ပြီးခဲ့တဲ့ ဧပြီလက ၁၈ မိနစ်ကြာ ဗွီဒီယိုတခု ထုတ်ခဲ့တာကလွဲလို့ သူ့ကို မတွေ့ရတော့တာ ဖြစ်ပါတယ်။ Baghdadi က သူ အသက်ရှင်လျက် ရှိနေတယ်ဆိုတာကို သက်သေပြဖို့ အသံသွင်းတိပ်တွေမှာ တခါတလေ ပြန်ပြီး ပေါ်လာတတ်ပါတယ်။ ဒါပေမယ့်လို့ သူဘယ်မှာရှိနေလဲ ဆိုတာကို ထောက်လှမ်းစောင့်ကြည့်မှုတွေကနေ လွတ်အောင် ရှောင်ပုန်းနေတာပါ။ မိုဘိုင်းလ်ဖုန်း မသုံးသလို တနေရာကနေ တနေရာကို ပြောင်းရွှေ့ ပုန်းအောင်းနေတတ်ပါတယ်။ ဒါ့အပြင် ဒေသတွင်းက မဟာမိတ်တပ်ဖွဲ့တွေ သိသွားနိုင်တာကြောင့် ယာဉ်တန်းနဲ့ ခရီးသွားတာမျိုးကိုလည်း ရှောင်ခဲ့တာပါ။

Baghdadi ကို အီရတ်နိုင်ငံ Samarra မြို့မှာ ၁၉၇၁ ခုနှစ်က မွေးဖွားခဲ့ပြီး နာမည်ရင်းက Ibrahim Awwad Ibrahim Al-Badri ဖြစ်ပါတယ်။ ဖခင်ကတော့ ကိုအာန် ကျမ်းစာသင်တဲ့ဆရာ ဖြစ်ပါတယ်။ ကာလီဖိတ်ခေါင်းဆောင်အဖြစ် ကြေညာထားတဲ့ IS ခေါင်းဆောင် Baghdadi ကို ချေမှုန်းလိုက်နိုင်ပြီ ဖြစ်ပေမယ့် IS ကို ချေမှုန်းရေးပိုင်းမှာ လျှော့ချသွားမှာ မဟုတ်ဘူးလို့လည်း အမေရိကန်က ကတိပြု ပြောဆိုထားပါတယ်။ IS ရဲ့ နောက်တက်လာမယ့် ခေါင်းဆောင်တွေကို သိရှိထားပြီး ဖြစ်တယ်လို့လည်း အမေရိကန် သမ္မတ Trump က ပြောဆိုသွားပါတယ်။

“နောက်တက်လာမယ့် ခေါင်းဆောင်တွေကို သိရှိထားပြီး သူတို့ကို စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။”

အခု စီးနင်းတိုက်ခိုက်မှု အတွင်းမှာလည်း IS အဖွဲ့ရဲ့ အရေးကြီး အချက်အလက်တွေ၊ ပစ္စည်းတွေ၊ အနာဂတ် အစီအစဉ်တွေနဲ့ အမေရိကန်က သိပ်ကို အလိုရှိနေတာတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမေရိကန်သမ္မတက ပြောပါတယ်။ ဒါပေမယ့်လည်း IS ခေါင်းဆောင် Baghdadi သေဆုံးသွားတာ တခုတည်းနဲ့တော့ ISIS ကို ချေမှုန်းရေးအတွက် မလုံလောက်သေးဘူးလို့ အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း James Clapper က ဗွီအိုအေကို ပြောပါတယ်။ ISIS တို့က ဗဟိုချုပ်ကိုင်မှုကို ပိုပြီး ဖြေလျှော့ထားပြီး နောက်ထပ် ခေါင်းဆောင်တွေကိုလည်း မွေးထားတယ်လို့ သူက ပြောပါတယ်။

ခေါင်းဆောင် Baghdadi မရှိတော့ပေမယ့် IS အနေနဲ့ ဆက်ပြီး ကောင်းကောင်း ရှင်သန်ရပ်တည်နိုင်တယ်လို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေရဲ့ လတ်တလော ထောက်လှမ်းရေး အချက်အလက်တွေက ဖော်ပြနေကြပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွင်းမှာ ထိန်းချုပ်နယ်မြေ မရှိတော့ပေမယ့်လို့လည်း IS အကြမ်းဖက်ဝါဒီ အဖွဲ့မှာ ခန့်မှန်းခြေ တိုက်ခိုက်ရေးသမား ၁၀၀၀၀ ကနေ ၁၅၀၀၀ အထိ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတဝန်းမှာ ရှိနေဆဲပါ။ ဒါ့အပြင် IS အကြမ်းဖက်ဝါဒီအဖွဲ့မှာ ထုခွဲရောင်းချနိုင်တဲ့ပစ္စည်း တန်ဖိုး ဒေါ်လာ သန်း ၃၀၀ ကျော်ဖိုးအပြင် လက်ဝယ်မှာလည်း ငွေအပြည့် ရှိနေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ယုံကြည်ထားကြပါတယ်။

-----------------------------------

(Unicode)













al-Baghdadi သေဆုံးခြင်းနှင့် IS ရှေ့ရေး
please wait

No media source currently available

0:00 0:05:27 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG