သုံးရလွယ်ကူစေသည့် Link များ

အာဆီယံလူ့အခွင့်ရေး အိုဘားမား ဖိအားပေးဖို့ AI တိုက်တွန်း


၂၀၁၅ အာဆီယံထိပ်သီးညီလာခံ Obama တက်ရောက်စဉ်

လာအိုနိုင်ငံမှာ ရှေ့သီတင်းပတ်ထဲ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံကို တက်ရောက်ဖို့ရှိတဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားအနေနဲ့ မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရေး သက်ဆိုင်ရာခေါင်းဆောင်တွေကို ဖိအားပေးဖို့ - နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာမူဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ လာအိုနိုင်ငံက ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတဦး ပျောက်ဆုံးနေတာနဲ့ ဖိလစ်ပိုင်မှာ ရဲတပ်ဖွဲ့က ဥပဒေမဲ့ သတ်ဖြတ်နေတာတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေကို ဖိအားပေးဖို့ AI အဖွဲ့ကြီးက သမ္မတ အိုဘားမား ကို တောင်းဆိုခဲ့တာပါ။

တကမ္ဘာလုံးက စောင့်ကြည့်နေတယ်ဆိုတာကို အရှေ့တောင်အာရှခေါင်းဆောင်တွေ သိအောင်လုပ်နိုင်တဲ့ အခွင့်အရေးကို သမ္မတအိုဘားမားအနေနဲ့ လက်လွတ်မခံပဲ အသုံးချရမှာဖြစ်ပြီး၊ အရှေ့တောင်အာရှနဲ့ ကမ္ဘာတ၀ှမ်းက အစိုးရတွေအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာကြဖို့၊ ဥပဒေမဲ့ ဖမ်းဆီးပြီး လက်စဖျောက်တာတွေ၊ ဖိအားပေးတာ၊ အကြမ်းဖက်တာတွေကိုလည်း လက်မခံကြဖို့လည်း - AI အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် T. Kumar က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူဆလင်တွေဟာ ဆယ်စုနှစ်တွေနဲ့ချီ ခွဲခြားဆက်ဆံခံနေရတာဖြစ်ပြီး၊ လွတ်လပ်စွာ သွားလာခွင့်တွေ ကန့်သတ်ခံထားရတဲ့ အတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ တန်းတူ အလုပ်လုပ်ခွင့်တွေ မရရှိကြဘူးလို့လည်း AI အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မကြာသေးခင် နှစ်တွေအတွင်း နိုင်ငံကနေ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ကြတာ၊ လူမှောင်ခိုသမားတွေရဲ့လက်ထဲမှာ ညှဉ်းပမ်းနှိပ်စက်ခံရ တာတွေကိုလည်း ထောက်ပြထားတာပါ။

ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမူဆလင်တွေ နိုင်ငံသားအခွင့်အရေးရရှိဖို့နဲ့ သူတို့အပေါ် အကြမ်းဖက်မှုတွေ ရပ်ဆိုင်းစေဖို့ အပါအ၀င် လူ့အခွင့်အရေးပြန်လည်ရရှိအောင် ချက်ခြင်း ကိုင်တွယ်ဆောင်ရွက်ဖို့ကို သမ္မတ အိုဘားမားက ဖိအားပေးဖို့လည်း AI အဖွဲ့ကြီးက တောင်းဆိုထားပါတယ်။

XS
SM
MD
LG