သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သတင်းလွတ်လပ်မှု အလားအလာကောင်း


ဗွီအိုအေညွှန်ကြားရေးမှူးနှင့် ပြန်ကြားရေးဝန်ကြီးနှင့်တွေ့ဆုံ
ဗွီအိုအေညွှန်ကြားရေးမှူးနှင့် ပြန်ကြားရေးဝန်ကြီးနှင့်တွေ့ဆုံ

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်မှုနဲ့ပါတ်သက်လို့ စိန်ခေါ်မှုတချို့ရှိနေဆဲဖြစ်ပေမယ့် ပိုပြီးလွတ်လပ်ပွင့်လင်းလာမယ့်အလားလာအတွေရှိနေတယ်လို့ VOA အမေရိကန်အသံလွှင့်ဌာန ညွှန်ကြားရေးမှူး Amanda Bennett ကပြော လိုက်ပါတယ်။ VOA အသံလွှင့်ချက်တွေကို မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသနေတဲ့ ရုပ်မြင်သံကြားလိုင်းတွေပေါ်မှာ ထုတ်လွှင့်နိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဖေမြင့်တို့နဲ့ တနင်္လာနေ့ကတွေ့ဆုံ ဆွေးနွေးအပြီးမှာ သူကခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ VOA အမေရိကန်အသံလွှင့်ဌာန ညွှန်ကြားရေးမှူး Amanda Bennett ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေဖြင့်တို့နဲ့ အောက်တိုဘာ ၁၇ ရက် တနင်္လာနေ့က တေ့ွဆုံပြီး VOA နဲ့ထုတ်လွှင့်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်နိုင်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံတည်ဆောက်နေတဲ့မြန်မာနိုင်ငံမှာ တိကျမှန်ကန်တဲ့သတင်းတွေ ပြည်သူတွေကြားရောက်ရေးဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့ကိစ္စတွေကို အလေးထားပြောခဲ့ကြတယ်လို့ ညွှန်ကြားရေးမှူး Amanda Bennett ကပြောပါတယ်။

“ VOA ဟာ မြန်မာနိုင်ငံမှာ အင်မတန် လူကြည့်များပြီး တိုးတက်နေတဲ့ ရုပ်သံလိုင်းပေါ်မှာ ထုတ်လွင့်ချက်တွေကို ပြသနိုင်တဲ့ တခုတည်းသော အမေရိကန်သတင်းမီဒီယာဖြစ်တယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့ တပ်မတော်အကြီးအကဲနဲ့လည်းတေ့ွဆုံခဲ့ပြီး VOA ရဲ့ အင်္ဂလိပ်စာသင်ကြားတဲ့ အစီအစဉ်တွေကို မြဝတီရုပ်သံမှာ တိုးချဲ့ရေးအတွက်လည်း ဆွေးနွေးခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် VOA အနေနဲ့ မြန်မာနိုင်ငံအတွက် ပြည့်စုံ၊ မျှတပြီး ဘက်မလိုက်တဲ့သတင်းတွေတင်ပြဖို့ သဓိဌာန်ခိုင်မာတယ်ဆိုတာ ပြသရာရောက်တယ်လို့ ကျွန်မထင်ပါတယ်။ ဒီမိုကရေစီဖော်ဆောင်တဲ့နေရာမှာ သတင်းအချက်အလက်ရရှိရေး၊ မျှတ မှန်ကန်တဲ့သတင်းရရှိရေးဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့အချက်ကို ပြန်ကြားရေးဝန်ကြီးနဲ့ရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ပါ တွေ့ဆုံရာမှာ ကျွန်မတို့ဆွေးနွေးဖြစ်၊ ပြောဖြစ်ပါတယ်။”

တပ်မတော်ပိုင် မြဝတီရုပ်သံမှာ VOA ရဲ့ အင်္ဂလိပ်စာထုတ်လွှင့်ချက်အစီအစဉ်တွေကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ထဲက စတင်ထုတ်လွှင့်ပြသခဲ့တာပါ။ အဲဒီအစီအစဉ်တွေကို သူတို့ဖက်က ကြိုက်တဲ့အတွက် နောက်ထပ် အစီအစဉ်တွေတိုးပြနိုင်ဖို့အပြင် VOA သတင်းတချို့ကိုလည်း မြဝတီရုပ်သံလိုင်းမှာ ပြနိုင်ရေး ဆွေးနွေးဖြစ်ခဲ့တယ်လို့ VOA ညွှန်ကြားရေးမှူးက ပြောပြပါတယ်။ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ VOA အကြီးအကဲတွေ တွေ့ဆုံပွဲမှာတော့ ပြန်ကြားရေးရဲ့ MRTV အစီအစဉ်တွေမှာ ဘယ်လို VOA အစီအစဉ်တွေကို ထပ်ထည့်နိုင်မလဲဆိုတဲ့ကိစ္စ၊ ပြန်ကြားရေးနဲ့ VOA ကြားမှာ ဘာတွေပူးပေါင်းဆောင်ရွက်နိုင်မလဲ ၊ ဘယ်လိုသင်တန်းတွေ ပူးတွဲပေးနိုင်မလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ VOA မြန်မာပိုင်းက နေ့စဉ် မိနစ် ၃၀ စာတိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်သံအစီအစဉ်တွေကို DVB ရုပ်သံလိုင်းကနေလည်း ဖမ်းယူကြည့်နိုင်ဖို့အတွက် VOA နဲ့ DVB ကြား အောက်တိုဘာ ၅ ရက်နေ့ကပဲ အပြန်အလှန်နားလည်မှုသဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြတာပါ။ ဒီလက်မှတ်ထိုးပွဲအတွက် VOA အမေရိကန်အသံလွှင့်ဌာန ညွှန်ကြားရေးမှူး Amanda Bennett ဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်နေတာလည်းဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ မြင်တေ့ွနေရတဲ့ အခြေအနေတွေအရ သတင်းလွတ်လပ်မှု ပိုပြီးတိုးတက်လာနိုင်မယ့်အလားအလာတွေကို မြင်ရတယ်လို့ သူကခုလို သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံမှာ လူကြည့်များတဲ့ DVB ရုပ်သံထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံထဲကနေ လုပ်ခွင့်ရနေပြီ။ VOA ရဲ့အစီအစဉ်တွေ ထုတ်လွှင့်ဖို့လည်း စစ်တပ်က ကျွန်မတို့နဲ့လက်တွဲဖို့ဆန္ဒရှိနေတယ်။ ရုပ်သံလွှင့်နိုင်မယ့် Bandwidth လိုင်းတွေကို ရုပ်သံလုပ်ငန်းလုပ်ချင်သူတွေကို သူတို့က လေလံဆွဲပေးမယ်ဆိုတဲ့အကြောင်းလည်း ပြောတယ်ဆိုတော့ ဒီအချက်တွေအားလုံးက ပိုပြီး ပွင့်လင်းလွတ်လပ်တဲ့ သတင်းမီဒီယာလောကအဖြစ် တိုးတက်လာမယ်လို့ ကျွန်မအတွက် အကောင်းမြင် မျှော်လင့်စရာတွေဖြစ်ပါတယ်။ တချိန်ထဲမှာပဲ ပြည်တွင်းသတင်းဌာနတွေအတွက် အတိမ်းအစောင်းမခံနိုင်တဲ့ ကိစ္စမျိုးတွေ၊ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါသေးတယ်။ သူတို့အတွက် ရေးလို့ရတဲ့ကိစ္စ ရေးလို့မရတဲ့ကိစ္စ ဆိုတာမျိုးတွေလည်း ရှိနေသေးသလို၊ သွားလို့ရတဲ့နေရာ၊ သွားလို့မရတဲ့ နေရာမျိုးဆိုတာတွေလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ သတင်းမီဒီယာတိုးတက်ရေးအတွက် လမ်းမှန်ကိုသွားနေတယ်လို့ ကျွန်မကတော့ ထင်ပါတယ်။”

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို လတ်တလောမှာပဲ ဖယ်ရှားပေးထားတာဖြစ်တဲ့အတွက် နိုင်ငံအတွက် အကောင်းမြင်မျှော်လင့်ချက်တွေကို ပြည်သူတွေကြားမှာမြင်ရတယ်လို့လည်း သူကခုလိုပြောပါတယ်။

“ ကမ္ဘာကြီးနဲ့ ထိတွေ့ဆက်ဆံနိုင်ရေးအတွက် အင်မတန်ကြီးမားတဲ့အကောင်းမြင်ချက်တွေရှိနေတာသေချာတယ်လို့ ကျွန်မထင်ပါတယ်။ စီးပွားရေးအလျင်အမြန်တိုးတက်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့အပေါ်ရှိနေတဲ့ ကန့်သတ်ချက်ကြီးဖယ်ရှားသွားပြီလို့ မြန်မာပြည်သူတွေ ခံစားနေကြရပုံရပါတယ်။”

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ VOA အမေရိကန်အသံလွှင့်ဌာန ညွှန်ကြားရေးမှူး Amanda Bennett ကပြောကြားခဲ့တာဖြစ်ပါတယ်။ ည ၇ နာရီကနေ ၇ နာရီခွဲအထိ နာရီဝက်စာရုပ်သံအစီအစဉ်တွေကို ဗွီအိုအေရဲ့ ပုံမှန်ထုတ်လွှင့်နေကြ AsiaSat 7 ဂြိုလ်တုလိုင်းအပြင် Skynet ရုပ်သံလိုင်းကနေ နေ့စဉ် ထုတ်လွှင့်ပြသနေပါတယ်။ DVB ရုပ်သံမှာတော့ VOA မြန်မာပို်င်းအစီအစဉ်တွေကို မနက် ၉ နာရီခွဲနဲ့ ညပိုင်း ၁၀ နာရီ နှစ်ကြိမ် ထုတ်လွှင့် ပေးနေပြီဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG