အမေဇုံအမြဲစိမ်းသစ်တောကြီး မီးလောင်ကျွမ်းနေတာကို ငြှိမ်းသတ်နိုင်ဖို့ သစ်တောကြီးနဲ့ ဆက်နေတဲ့နိုင်ငံတွေအတွက် ဒေါ်လာ ၂၂ သန်းလောက်နဲ့ ညီမျှတဲ့ ယူရို သန်း ၂၀ ကူညီဖို့ စီးပွားရေး အင်အားကြီး G-7 နိုင်ငံ့ခေါင်းဆောင်တွေ ကတိပြုခဲ့ကြပါတယ်။ ဒီထောက်ပံ့ငွေတွေနဲ့ အမေဇုံသစ်တောကြီးကို ရေရှည်ထိန်းသိမ်းကာကွယ်ရေး အစပြုဆောင်ရွက်မှုတွေကိုလုပ်သွားမယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron ကသတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။
ပြင်သစ်နိုင်ငံ Biarritz မြို့မှာကျင်းပနေတဲ့ G-7 ထိပ်သီးစည်းဝေးပွဲ နောက်ဆုံးနေ့မှာ ပြင်သစ်သမ္မတ ဦးဆောင်ပြီး ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု တိုက်ဖျက်ရေးကိစ္စ ဆွေးနွေးခဲ့ကြပြီးနောက် အမေဇုံသစ်တောကြီးကို ကာကွယ်ထိန်းသိမ်းဖို့ သဘောတူ ကတိပြုခဲ့ကြတာ ဖြစ်ပါတယ်။ အမေဇုံသစ်တောကြီးမှာ လောင်နေတဲ့ မီးကို ကူညီငြှိမ်းသတ်ဖို့ အဲဒီဒေသကို ပြင်သစ်စစ်တပ်ကို စေလွှတ်မယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။ အမေဇုံသစ်တောကြီးမှာ မီးလောင်နေတဲ့ကိစ္စအပေါ် Brazil Jair Bolsonaro ကအလေးအနက်ထား မငြှိမ်းသတ်ဘူးဆိုရင် EU ဥရောပသမဂ္ဂနဲ့ Brazil နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီချက်သစ်ကို ကန့်ကွက်မယ်လို့လည်း သမ္မတ Macron ကပြောကြားခဲ့ပါတယ်။
ဒီကနေ့အစောပိုင်းကလုပ်ခဲ့တဲ့ ကမ္ဘာ့ရာသီဥတုဆိုင်ရာဆွေးနွေးပွဲကို အမေရိကန်သမ္မတ Donald Trump ကတော့ မတက်ပါဘူး။ သမ္မတ Trump အနေနဲ့ တခြား ၂ နိုင်ငံဆွေးနွေးပွဲတွေ ရှိနေတာကြောင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး စည်းဝေးပွဲကို မတက်နိုင်ပေမဲ့ အမေဇုံအမြဲစိမ်းသစ်တောကြီးကို ကာကွယ်ရေးကိစ္စမှာ အမေရိကန်က တသားတည်းရပ်တည်ပါတယ်လို့ ပြင်သစ်သမ္မတ Macron ကပြောကြားခဲ့ပါတယ်။ G-7 ထိပ်သီးစည်းဝေးပွဲ တက်နေတဲ့ သမ္မတ Trump ကတော့ ဒီကနေ့ စည်းဝေးပွဲနောက်ဆုံးနေ့မှာ အီဂျစ်သမ္မတ Abdel-Fattah el-Sissi၊ ဂျာမနီဝန်ကြီးချုပ် Angela Merkel၊ India ဝန်ကြီးချုပ် Narendra Modi တို့နဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။