သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေဇုံတောမီး G-7 မှာ ဆွေးနွေးမယ့် အစီအစဉ် ဘရာဇီးသမ္မတ ပယ်ချ


မီးလောင်ကျွမ်းထားသော အမေဇုံသစ်တောကြီး (သြဂုတ်၊ ၁၅၊ ၂၀၁၉)
မီးလောင်ကျွမ်းထားသော အမေဇုံသစ်တောကြီး (သြဂုတ်၊ ၁၅၊ ၂၀၁၉)

Brazil နိုင်ငံထဲက အမေဇုံသစ်တောကြီး အကြီးအကျယ်မီးလောင်ကျွမ်းနေတဲ့ကိစ္စကို မကြာခင်ကျင်းပမယ့် G-7 ထိပ်သီးစည်းဝေးပွဲမှာ အဓိကထား ဆွေးနွေးသင့်တယ်လို့ ပြင်သစ်သမ္မတက ပြောကြားခဲ့တာကို Brazil သမ္မတ Jair Bolsonaro က သူ့နိုင်ငံအချုပ်အခြာကို ဝင်စွက်တာပဲလို့ စွပ်စွဲလိုက်ပါတယ်။ ကမ္ဘာကြီးအတွက် အောက်စီဂျင် ၂၀ ရာခိုင်နှုန်း ထုတ်ပေးနေတဲ့ အမေဇုံ အမြဲစိမ်းသစ်တောကြီး မီးလောင်နေတာဟာ နိုင်ငံတကာ ပြဿနာဖြစ်တယ်။

ကမ္ဘာ့အိမ်ကြီး မီးလောင်နေပြီလို့ ပြင်သစ်သမ္မတ Emmanuel Macron က Twitter ပေါ်မှာ ရေးသားခဲ့တာပါ။ ဒေသတွင်းတွေနိုင်ငံတွေမပါတဲ့ G-7 စည်းဝေးပွဲမှာ အမေဇုံသစ်တောအကြောင်း ဆွေးနွေးဖို့ပြောတာဟာ ၂၁ ရာစုမှာ ကိုလိုနီစိတ်ဓါတ်ကို ပြလိုက်တာပဲလို့ Brazil သမ္မတ Bolsonaro က Twitter ပေါ်မှာ တုံ့ပြန်ပါတယ်။

Brazil အစိုးရအနေနဲ့ အချက်အလက်တွေ၊ အပြန်အလှန်လေးစားမှုတွေနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။ အရှိန်အဟုန်ပြင်းပြင်းနဲ့ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အရေးပါပြီး ပြန်အစားထိုးလို့ မရနိုင်တဲ့ ဂေဟစနစ်ကြီး ပျောက်ကွယ် ပျက်စီးသွားမယ့်ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။

နေရာ ထောင်နဲ့ချီမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကို လယ်သမားတွေက ရှို့ခဲ့တာဖြစ်နိုင်တယ်လို့လည်း သမ္မတက စွပ်စွဲပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေကတော့ ဖွံ့ဖြိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေလုပ်ဖို့ လယ်သမားတွေနဲ့ တခြားစီးပွားရေးသမားတွေကို သမ္မတ Bolsonaro ကပဲ တောထဲမှာ မီးရှိုခွင့်ပြုထားတာလို့ ပြောကြား အပြစ်တင်နေပါတယ်။

အမေဇုံသစ်တောကြီး မီးလောင်နေတဲ့အပေါ် သိပ်ကို စိုးရိမ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားခဲ့သလို လက်တင်အမေရိကဆိုင်ရာ Bishops အသင်းချုပ်ကလည်း မီးလောင်နေတာ ကြေကွဲစရာဖြစ်ပြီး သစ်တောကြီးကို တကမ္ဘာလုံးက အမြန်ဆုံး ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အမေဇုံတောမီး G-7 မှာ ဆွေးနွေးမယ့်အစီအစဉ် ဘရာဇီးသမ္မတ ပယ်ချ
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG