အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်နားမှာ ခရီးသည်တင်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တိုက်မိမှုနဲ့ပတ်သက်တဲ့ ကနဦးသုံးသပ်ချက်ကို ရက် ၃၀ အတွင်း ထုတ်ပြန်မယ်လို့ အမေရိကန် အရပ်ဘက်လေကြောင်းမတော်တဆမှုတွေနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ NTSB က ပြောကြားခဲ့ပါတယ်။
ခရီးသည်တင်လေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် Black box တွေကို ရေထဲကနေ ပြန်လည်ဆယ်ယူ တွေ့ရှိခဲ့တာကြောင့် ဘာကြောင့် ပျက်ကျခဲ့သလဲဆိုတာ သုံးသပ်နိုင်ဖို့ တာဝန်ရှိသူတွေ စစ်ဆေးနေကြလို့ NTSB ဘုတ်အဖွဲ့က ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ ညက ဝါရှင်တန်မြို့တော်နဲ့ကပ်နေတဲ့ Virginia ပြည်နယ်မှာရှိတဲ့ Ronald Reagan လေဆိပ် ကို ဆင်းသက်ခါနီး ခရီးသည်တင်လေယာဉ်နဲ့ ပုံမှန်လေ့ကျင့်ရေးလုပ်နေတဲ့ စစ်ရဟတ်ယာဉ်တို့ တိုက်မိ ခဲ့တာပါ။ လေယာဉ်ပေါ်ပါသွားသူ ၆၄ ယောက်နဲ့ ရဟတ်ယာဉ်ပေါ်ပါသွားတဲ့ စစ်သား ၃ ယောက်လုံး အသက်ရှင်ဖို့ မဖြစ်နိုင်ဘူးလို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ လေယာဉ်ရော ရဟတ်ယာဉ်ပါ ပျက်ကျသွားတဲ့ ရေခဲတမျှအေးနေတဲ့ Potomac မြစ်ထဲမှာ ရှာဖွေရေးတွေ ဆက်လုပ်နေကြပါတယ်။ လောလောဆယ်အထိ အလောင်း ၂၈ လောင်းကို ရှာဖွေတွေ့ထားပါတယ်။
သေဆုံးသွားသူတွေထဲမှာ ရေခဲပြင်ပေါ် စကိတ်အလှစီး ကျောင်းသားအရွယ်လူငယ်တွေ၊ မိဘတွေနဲ့ နည်းပြတွေလည်းပါသွားပါတယ်။ သေဆုံးခဲ့သူတွေအတွက် ကြာသပတေးနေ့က အိမ်ဖြူတော်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ သမ္မတ Donald Trump ဦးဆောင်ပြီး သေဆုံးခဲ့သူတွေအတွက် ခေတ္တငြိမ်သက်ခဲ့ကြပါတယ်။
Ronald Reagan နိုင်ငံတော်လေဆိပ်ဟာ အမေရိကန်ပြည်ထောင်စုမှာ အလုပ်အများဆုံး လေဆိပ် တခုဖြစ်ပြီး ဝါရှင်တန်မြို့တော် ကောင်းကင်ယံမှာ ပုံမှန် သက်ဆိုင်ရာ လမ်းကြောင်းတွေကနေ ပျံသန်း သွားနေကြတဲ့ ခရီးသည်တင် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပျံသန်းနေကြတာကို မကြာခဏ တွေ့မြင်ရလေ့ရှိပါတယ်။ လေယာဉ်တိုက်မှုဖြစ်တဲ့နေ့က လေယာဉ်ပျံသန်းမှု ထိန်းချုပ်တဲ့ လေဆိပ်မျှော်စင်မှာ ဝန်ထမ်းတယောက်တည်းရှိခဲ့ပုံရတာနဲ့ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ တယောက်တည်းက လေယာဉ်ပျံသန်းမှုတွေကို ထိန်းချုပ်နေတာ ပုံမှန်မဟုတ်ပေမဲ့ လက်ခံနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ NTSB အကြီးအကဲ ကတော့ ပြောကြားခဲ့ပါတယ်။
Forum