သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ ကန်ဥပဒေကြမ်း ပြန်သုံးသပ်ဖို့ မြန်မာအစိုးရတိုက်တွန်း


အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက အတည်ပြုလိုက်သော Burma Act 2018
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက အတည်ပြုလိုက်သော Burma Act 2018

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေအပေါ် တုံ့ပြန်အရေးယူဖို့ ရည်ရွယ်ပြီး အမေရိကန် အောက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ဥပဒေကြမ်းတခုကို အတည်ပြုလိုက်တာဟာ အကျိုးမရှိနိုင်တဲ့ အတွက် ပြန်လည်စဉ်းစားဖို့ မြန်မာအစိုးရက တုံ့ပြန်လိုက်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် အကျပ်အတည်း နဲ့ ပတ်သက်လို့ နိုင်ငံတကာက ဖိအားပေးနေတဲ့အထဲ အခုနောက်ဆုံး အမေရိကန်က ဥပဒေတရပ်ပြဌာန်း အရေးယူဖို့ ပြင်ဆင်လာတဲ့အပေါ် တုံ့ပြန်ချက်တွေနဲ့ သဘောထား အမြင်တွေကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

Burma Act 2018 ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက မေလ (၁၇) ရက် ကြာသပတေးနေ့မှာ အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို အခြေခံ လူ့အခွင့်အရေးကိုတောင် မပေးဘဲ ဆယ်စုနှစ်နဲ့ ငြင်းပယ်ခံ ထားရ တယ်လို့အမေရိကန် အောက် လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ကာလီဖိုးနီးယား ပြည်နယ် အောက်လွှတ်တော်အမတ် Ed Royce က ပြောပါ တယ်။

အမေရိကန်အောက်လွှတ်တော် အနေနဲ့ ရခိုင်အရေး တောင်းဆိုချက်တွေပါတဲ့ Burma Act 2018 ဥပဒေကြမ်း ကို အတည်ပြုလိုက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးတွေကို သာ ဖြစ်ပေါ်စေမှာ ဖြစ်တယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက VOA ကိုပြောပါတယ်။

"Burma Atc 2018 - ချမှတ်ခြင်းအားဖြင့် အကျိုးအပြစ် ကျနော်တို့က စဉ်းစားဖို့ ပြောချင် တယ်။ အကျိုးအပြစ်က ဘာဖြစ်နိုင်သလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် - ဒီကိစ္စမှာ ရေတို ဖြေရှင်းချက်က ဘာလဲ ဆိုတော့ ဘင်္ဂလားဒက်ရှ်ဘက်ကလူတွေ မြန်မာ နိုင်ငံကို ပြန်လာဖို့၊ ပြန်လာဖို့ဟာကို နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ဆောင်ရွက်ဖို့၊ ဒါကို တွန်းအားပေးဖို့လိုတယ်။ အဲဒီတော့မှ ဘင်္ဂလားဒေ့ရှ်ရဲ့ တဘက်သတ်စွပ်စွဲချက် တွေ၊ နောက် သတင်းမှားတွေပေါ်မှာ အခြေခံပြီးတော့ မြန်မာနိုင်ငံကိုအပြစ်ဖို့ပြီးတော့ ဒါတွေ လက်ခံဖို့ တိုက်တွန်း တယ်ဆိုတာကတော့ လက်တွေ့အခြေအနေမှန်နဲ့ ကင်းကွာနေတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တိုက်တွန်း ချက်မျိုးက ဘင်္ဂလားဒေ့ရှ်ရော၊ မြန်မာကော နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ဆောင်ရွက်ဖို့ဆိုတာမျိုး ဖြစ်သင့်တယ်။"

မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်ကနေ အရပ်သားလက်ထဲ အာဏာအပြောင်း အလဲတွေ ဖြစ် လာစေရေးမှာ အမေရိကန်ပြည်ထောင်စုက သံတမန်ရေးအရ ကြိုးပမ်း ဆောင်ရွက်မှုတွေအပါအဝင် ဖိအား ပေးမှုတွေ ရှိခဲ့တာ ပါ။ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ NLD အစိုးရတက်လာပြီး နောက်ပိုင်း အမေရိကန် အောက်လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူနိုင်ဖို့ အခုလို ဥပဒေကြမ်းအတည်ပြု ဆောင်ရွက်လာတာ တွေကြောင့် ပဋိပက္ခတွေ ပိုမို ပြင်းထန်းစေမှာဖြစ်တာကြောင့် ဥပဒေအဖြစ် အတည် မပြုခင်မှာ ပြန်လည်သုံးသပ်စေချင် တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

"အမေရိကန်-မြန်မာဆက်ဆံရေးဟာ ကျနော်တို့ကတော့ ကျနော်တို့နိုင်ငံကို အစဉ်တစိုက် ပေါ့နော်- ဒီမိုကရေစီ ကူးပြောင်းရေး၊ ပြန်လည်သင့်မြတ်ရေးတွေမှာ ခိုင်ခိုင်မာမာ ရပ်တည် ခဲ့ကြတဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍကို လေးစားတယ်၊ သို့သော် အခုလို ပကတိ အခြေအနေနဲ့ကင်းကွာပြီးတော့ ဒီလိုတိုက်တွန်းချက်တွေ လုပ်လာမယ် ဆိုရင် မြန်မာနိုင်ငံ အတွက်၊ မြန်မာနိုင်ငံအတွင်းက ဆောင်ရွက်ချက်တွေအပေါ်မှာ ဆိုးကျိုးထိခိုက်မှုတွေ ဖြစ်လာ နိုင်တယ်။ ပြင်ပ နိုင်ငံတကာက အမုန်းတရားကို ပိုမိုပြီးတော့ဖြစ်စေတဲ့ ဆောင်ရွက်ချက်တွေက ကျနော်တို့ ပြည်တွင်းမှာ ပဋိပက္ခတွေ ပိုပြီးတော့ ပြင်းထန်စေတယ်ဆိုတာကို ကျနော်တို့ ပြောချင်တယ်။ ဒီ Act က တရားဝင် ဥပဒေအဖြစ် မတည်သေးခင် ကျနော်တို့က တိုက်တွန်းချင်တယ်။ ပြန်လည်သုံးသပ်စေချင်တယ်။"

ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားတွေ ပေးနေတဲ့အထဲမှာ အခု နောက်ဆုံး အမေရိကန်က ဥပဒေတရပ်ပြဌာန်း အရေးယူဖို့ ပြင်ဆင်လာတာလည်း ပါဝင်တာပါ။ မြန်မာ အစိုးရ အပေါ် ဒီလိုနိုင်ငံတကာရဲ့ဖိအားတွေ လျှော့ချဖို့ဆိုရင် မြန်မာနိုင်ငံရဲ့ လွှတ်တော်တွေအနေနဲ့ သံတမန် ရေး လမ်းကြောင်းအရ အားထုတ်ဆောင်ရွက်သင့်တယ်လို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက မြင်ပါတယ်။

"လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝန်းကနေပြီးတော့ ဖိအားပေး တာတွေ များ လာတာကို တွေ့ရတယ်။ နောက်ပြီးတော့ အကျပ်အတည်း များလာတာကိုတွေ့ရတယ်။ အဲဒီအခြေအနေမျိုးမှာ ကျနော့်အမြင်ကတော့ မြန်မာအစိုးရ၊ နောက် လွှတ်တော်တွေ၊ နောက် တပ်မတော်အနေနဲ့ ဖိအားများလာရင် နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုကို ပိုပြီးတော့ ချဲ့ထွင်ဖို့လိုအပ်တယ်။ ပိုပြီးတော့ ထိထိရောက်ရောက် ထိတွေ့ ဆက်ဆံ၊ ရှင်းလင်းနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အထူးသဖြင့်တော့ပေါ့လေ- ဒါက အမေရိကန် ကွန်ဂရက် လွှတ်တော်ရဲ့ဆောင်ရွက်ချက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံရဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တွေအနေနဲ့ ဒီ Act နဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာပြီးတော့ ဘယ်လိုပုံစံမျိုးပေါ့လေ၊ lobby လုပ်လို့ရမလဲ၊ ဘယ်လိုပုံစံမျိုး ဖြေရှင်းလို့ရမလဲ၊ ဘယ်လိုပုံစံမျိုး ထိတွေ့ညှိနှိုင်းဆောင်ရွက်ဖို့ ဖြစ်နိုင်မလဲ ဆိုတာကို ဆန်းစစ်ဖော်ဆောင်ဖို့ အရေးကြီးတယ်လို့ အဲဒီလို မြင်ပါတယ်။"

Burma Act 2018 ဥပဒေမူကြမ်းထဲမှာတော့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက် မှုတွေမှာ တာဝန် ရှိတယ်လို့ စွပ်စွဲထားတဲ့ မြန်မာစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ကိုယ့်လုပ်ရပ်အတွက် တာဝန်ခံစေဖို့လည်း တောင်းဆိုထားပါတယ်။ မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲ နေသလို လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ဖြစ်ပွားတာမျိုး မရှိကြောင်း ငြင်းဆန်ထားပြီး၊ ကျုးလွန်သူ တချို့ကိုလည်း အရေးယူ အပြစ်ပေး တာတွေ ရှိခဲ့ကြောင်း ပြောဆိုထားပါတယ်။ အမေရိကန် အောက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ ဥပဒေမူကြမ်းထဲမှာတော့ ရိုဟင်ဂျာ်တွေအပေါ် လူ့အခွင့် အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းဖော် ထုတ်ရာမှာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့နဲ့လည်းပူးပေါင်း ဆောင်ရွက်ဖို့၊ လူသားစာနာမှု အကူ အညီပေးရေး အဖွဲ့တွေကို ခွင့်ပြုဖို့၊ ရိုဟင်ဂျာတွေ နေရပ်ပြန်လာနိုင်ရေး အမြန် စီစဉ်ဆောင်ရွက်ပေးဖို့တွေ အပြင် ရခိုင်ပြည်နယ်က အခြေအနေတွေကို သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ ရိုက်တာသတင်းထောက် ၂ ဦး ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အမြန်ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေကိုလည်း တောင်းဆို ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG