သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားနယ်စပ်ဖြတ်ပြေးတဲ့ကန်စစ်သည်တဦး မြောက်ကိုရီးယားထိန်းသိမ်း


တောင် မြောက်ကိုရီးယားနယ်စပ်က စစ်မဲ့ဇုန်
တောင် မြောက်ကိုရီးယားနယ်စပ်က စစ်မဲ့ဇုန်
အမေရိကန်စစ်သည်တဦးဟာ ကိုရီးယားနှစ်နိုင်ငံကြား ပူးတွဲလုံခြုံရေးယူထားတဲ့ဧရိယာကို ပိုင်းထားတဲ့ နယ်ခြားကို အင်္ဂါနေ့က တရားမဝင်ဖြတ်ကျော်ဝင်ရောက်ပြီးနောက် မြောက်ကိုရီးယားရဲ့ ဖမ်းဆီးမှုခံ ထားရတယ်လို့ ယူဆရပါတယ်။ အဲဒီစစ်သည်ဟာ နှစ်နိုင်ငံလုံခြုံရေးယူထားတဲ့နယ်မြေမှာ သွားရောက် လည်ပတ်နေတဲ့အချိန် နယ်စပ်မျဉ်းကိုဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံကို ခွင့်ပြုချက်မရှိပဲ ဝင်ရောက်သွား ပြီးနောက် မြောက်ကိုရီးယားရဲ့ဖမ်းဆီးမှုခံထားရတယ်လို့ ယူဆတဲ့အကြောင်း အမေရိကန်ကာကွယ်ရေး ဌာန အရာရှိတဦးက ပြောပါတယ်။
ဒီမတော်တဆမှုကိုဖြေရှင်းနိုင်ဖို့ မြောက်ကိုရီးယားစစ်တပ်က တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက် နေတယ်လို့လည်း ပြောပါတယ်။ သူဟာ စည်းကမ်းဖျောက်ဖျက်မှုနဲ့ အချုပ်ခန်းထဲ တလခွဲနေခဲ့ရပြီး အမေရိကန်ကို ပြန်ပို့ဖို့ လေဆိပ်ခေါ်ယူချိန်မှာ လေယာဉ်ပေါ်ရောက်မလာခဲ့တာလို့ အဲဒီ အမေရိကန်အရာရှိက ဗွီအိုအေကို ပြောပါတယ်။
သူဟာ မပြန်ခင် အဲဒီနယ်စပ်က Pamunjom ကျေးရွာကို သွားရောက်လည်ပတ်ပြီး၊ အဲဒီကတဆင့် ထွက်ပြေးတာလို့ အမေရိကန်အရာရှိတဦးက ပြောပါတယ်။ ၁၉၅၀ ကိုရီးယားစစ်ပွဲကို ရပ်နားစေခဲ့တဲ့ နယ်စပ်က ငြိမ်းချမ်းရေးကျေးရွာလို့ သိကြတဲ့ Panmunjom ကျေးရွာမှာ ထိုင်နေတဲ့ နိုင်ငံစုံတပ်ရဲ့ ကုလသမဂ္ဂတပ်ဌာနချုပ်ကလည်း ဒီ ကိစ္စရပ်ကို ဖြေရှင်းဖို့ မြောက်ကိုရီးယားစစ်တပ်နဲ့ ညှိုနှိုင်းဆောင် ရွက်နေတယ်လို့ ပြောပါတယ်။
အဲဒီ စစ်သည်ဟာ အင်္ဂါနေ့၊ နေ့လည်ပိုင်း ၃နာရီခွဲလောက်မှာ နှစ်ဖက်နယ်စပ်မျဉ်းကိုကျော်ဖြတ်ပြီး မြောက်ကိုရီးယားထဲကို ဝင်သွားတာလို့ တောင်ကိုရီးယားသတင်းစာစောင်တခုက ဖော်ပြပါတယ်။ ၂၄နာရီပတ်လုံး နှစ်ဖက်ကိုရီးယားတပ်တွေ မျက်နှာချင်းဆိုင်နေရာယူထားတဲ့ အဲဒီ ရှေ့တန်းစစ်နယ်စပ် နေရာမှာ ပစ်ခတ်မှုတစုံတရာတော့ ရှိပုံမရပါဘူး။
တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း Busan မြို့ကို အမေရိကန်နျူကလီးယားပဲ့ထိန်းတပ်ဒုံးတင် ရေငုတ် သင်္ဘောတစင်း ဆိုက်ရောက်လာတဲ့ အဲဒီနေ့မှာပဲ မြောက်ကိုရီးယားဖက်က ရန်စမှုပေါ်လာနိုင်တဲ့ အတွက် တောင်ကိုရီးယားစစ်တပ်က အသင့်အနေအထားပြင်ဆင်ထားချိန်မှာပဲ အခု အဖြစ်အပျက်ပေါ်လာတာပါ။ ကီလိုမီတာ တသောင်းနှစ်ထောင်၊ မိုင်အားဖြင့် မိုင် ၇၀၀၀ကျော်အထိ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးတွေ တင်ဆောင်နိုင်တဲ့ the USS Kentucky ရေငုတ်သင်္ဘော တောင်ကိုရီးယားကို ဆိုက်ရောက်လာတာဟာ၊ မြောက်ကိုရီးယားက နျူကလီးယားတိုက်ခိုက်မှုလုပ်လာမယ်ဆိုရင် အမေရိကန်အနေနဲ့ တောင်ကိုရီးယားနဲ့ အတူ ရပ်တည်မယ်ဆိုတာကို ခိုင်ခိုင်မာမာပြသလိုက်တဲ့သဘောလည်းဖြစ်ပါတယ်။
ဒါဟာ ဆယ်စုနှစ်တွေအတွင်း အမေရိကန်နျူကလီးယားရေငုတ်သင်္ဘောနဲ့ ပထမဆုံးခရီးဖြစ်တယ်လို့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အိမ်ဖြူတော်ညှိုနှိုင်းရေးမှုး Kurt Campbell က အင်္ဂါနေ့ ဆိုးလ်မြို့ သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။ တောင်ကိုရီးယားနဲ့ နျူကလီးယားညှိုနှိုင်းရေးပူးပေါင်းမှု တရားဝင် စတင်တဲ့အနေနဲ့ လူ ၃၀ ပါ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို Kurt Campbell က ဦးဆောင်ရောက်ရှိနေတာဖြစ်ပါတယ်။
နျူကလီးယားဆိုင်ရာညှိုနှိုင်းမှု မဟာမိတ်အဖြစ် ဒီလိုဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ဧပြီလက အမေရိကန်သမ္မတ Joe Biden နဲ့ တောင်ကိုရီးယား သမ္မတ Yoon Suk Yeal တို့နှစ်ဦးရဲ့ ဝါရှင်တန်ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။ NCG ခေါ်တဲ့ နျူကလီးယားအရေးညှိုနှိုင်းဆောင်ရွက်မှု စတင်ပြီး ပူးတွဲကြေညာချက် ထဲမှာတော့ အမေရိကန်ကိုဖြစ်စေ၊ သူ့ မဟာမိတ်နိုင်ငံတွေကိုဖြစ်စေ မြောက်ကိုရီးယား နျူကလီးယားတိုက်ခိုက်မှုလုပ်လာရင် မြောက်ကိုရီးယားအစိုးရကို အဆုံးသတ်သွားစေမှာဖြစ်သလို၊ တောင်ကိုရီးယားကို နျူကလီးယားတိုက်ခိုက်တာနဲ့ အလျှင်အမြန် ပြတ်ပြတ်သားသား တုန့်ပြန်သွားမယ် လို့လည်း သတိပေးဖော်ပြထားပါတယ်။
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG