သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး အမေရိကန် ဆက်လက်စောင့်ကြည့်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဗဟို) ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski (တတိယမြောက်-ဝဲ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဗဟို) ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski (တတိယမြောက်-ဝဲ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့အတူ မြန်မာနိုင်ငံကို ရောက်ရှိနေခဲ့တဲ့ အမေရိကန်အဆင့်မြင့် သံတမန်ဟာ မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဒီကနေ့လည်း ရန်ကုန်မြို့မှာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြတဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ အုပ်ချုပ်ရေးပိုင်းရဲ့ ဝင်ရောက် စွက်ဖက်မှုတွေကြောင့် တရားစီရင်ရေးမှာ ကြုံနေရတဲ့ အခြေအနေတွေကို ရှင်းပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း တရားရေးစီရင်မှုတွေမှာ အာဏာပိုင်တွေဘက်က အာဏာလွှမ်းမိုးနေဆဲ အခြေအနေတွေကို လက်ထောက် နိုင်ငံခြားရေးဝန်ကြီးTom Malinowski နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ပြောဆိုလိုက်တာပါ။ အထူးသဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေရဲ့အမှုတွေမှာ တရားရုံးတွေရဲ့ ကိုင်တွယ်မှုတွေဟာ အာဏာပိုင်တွေရဲ့ သဘောထားအပေါ် မူတည်နေတာကို တွေ့ရတဲ့အကြောင်း အမေရိကန် သံတမန်ကို ရှင်းပြခဲ့တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“အဓိက-ကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းစုစီ ဥပဒေနဲ့ပတ်သက်တာရယ်၊ သတင်းမီဒီယာသမားတွေအပေါ် အမှုစွဲဆိုနေတဲ့ အခြေအနေ၊ ဥပဒေကြောင်းအရ အမြင်၊ ကျနော်တို့ဘက်က ရှေ့နေတွေရဲ့ အခက်အခဲပေါ့။ ဘယ်လိုခေါ်မလဲဆိုတော့ တရားစွဲတဲ့ အဖွဲ့အစည်းတချို့ဘက်က ဘယ်ရှေ့နေတော့ငှား၊ ဘယ်ရှေ့နေတော့ မငှားနဲ့ဆိုပြီးတော့ နောက်ကွယ်ကနေပြီး အမှုသည်တွေကိုပြောဆိုမှုတွေနဲ့ပတ်သက်တာတွေ စွက်ဖက်မှုတွေကို ကျနော်တို့က မရှိစေချင်ဘူး။ ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ဖို့ တရားခံတွေဘက်ကလည်း ခုခံချေပနိုင်ခွင့်ရှိဖို့အတွက် ဒီအချိန်မှာ သမ္မတကြီး ဦးသိန်းစိန်က ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေတဲ့အချိန်မှာ အရေးကြီးတယ်ဆိုတဲ့အကြောင်း ကျနော်တို့ တင်ပြခဲ့ပါတယ်။”

အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲအတွက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မြန်မာနိုင်ငံကို ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့အပေါ် ချီးကျူးခဲ့ပေမဲ့ တိုးတက်ဖို့ လိုအပ်နေတာတွေကိုလည်း ထောက်ပြပြောဆိုခဲ့တာပါ။ ခရီးစဉ် အဆုံးမသတ်မီ တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့၊ ရှေ့နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့် ဆောင်ရွက်ဖို့ လိုအပ်နေတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ NLDပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ကတော့ အခြေခံဥပဒေမှာ အဓိကကျတဲ့ အချက်တွေကို မပြင်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။

“အခြေခံဥပဒေကတော့ အန်ကယ်လ်တို့ NLD အနေနဲ့ ပြင်ဖို့ကြိုးစားတာလည်းရှိတယ်။ လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌ ဖွဲ့ထားတဲ့ ကော်မတီက ပြင်ဖို့ လုပ်နေတာတွေလည်း ရှိတယ်။ ဒါတွေက စောင့်ကြည့်ရမယ့်ကိစ္စတွေပါ။ သို့သော် ရွေးကောက်ပွဲအတွက် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲတို့ ၂၀၁၅ ရွေးကောက်ပွဲတွေ ဆိုတာကတော့ ၂၀၁၀ တုန်းကဖြစ်ခဲ့တဲ့ မသမာမှုတွေ မရှိအောင်တော့ သက်ဆိုင်ရာ ပါတီက လူတွေကရော၊ တာဝန်ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်က လူတွေမှာလည်း တာဝန်ရှိတယ်။ သူတို့ပြင်မှာ ကျနော်တို့ စောင့်ကြည့်ရေးအဖွဲ့တွေကလည်းပဲ ဖျတ်ဖျတ်လတ်လတ် နိုးနိုးကြားကြားနဲ့ လုပ်မှ ဖြစ်လာမှာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့က ရွေးကောက်ပွဲကော်မရှင်ရော၊ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ရော၊ မျှမျှ တတဖြစ်ရမယ်။ ပါတီနဲ့ပတ်သက်လို့ ဘက်မလိုက်ရဘူး။ မဲအရေအတွက်နဲ့ပတ်သက်ပြီး စည်းကမ်းသတ်မှတ်မှု မျှတမှုရှိရမယ်။ အဲ့တာမျိုးတွေစုံမှ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာပါ။”

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Malinowski နဲ့ တွေ့ဆုံခဲ့ကြတဲ့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်ကတော့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊ အခြေခံ အခွင့်အရေးတွေကို မထိခိုက်စေဖို့ ဥပဒေတွေကို ပြင်ဆင်နိုင်ဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ရှေ့နေဦးရောဘတ်စန်းအောင် ကပြောပါတယ်။

“သူကိုယ်ကိုယ်တိုင်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ လိုအပ်တယ်ဆိုတဲ့အကြောင်းပြောပါတယ်။ ကျနော်တို့က မြန်မာနိုင်ငံရဲ့ အနေအထားမှာ ဒီမိုကရေစီနိုင်ငံ ထူထောင်နေတာဆိုတော့ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ က သူတို့ကို ရှင်းပြတာပါ ဒီလိုဒီမိုကရေစီနိုင်ငံ ထူထောင်နေတဲ့ သမ္မတကြီးဦးသိန်းစိန်အစိုးရလက်ထက်မှာ တရားရေးအဖွဲ့အစည်းက ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က သြဇာပေးမှုရှိတယ်လို့ ပြန်သိရတဲ့အချက်အလက်တွေက ဝမ်းနည်းစရာကောင်းတယ်ဆိုတဲ့အကြောင်း ကျနော်တို့ပြောခဲ့ပါတယ်။ နှစ်ဖက်စလုံး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုပါ။ တိုင်းပြည်တိုးတက်ရေးအတွက် ဆွေးနွေးတာပါ။"

တနင်္လာနေ့ မွန်းလွဲပိုင်းက အမေရိကန်သံရုံးမှာ တွေ့ဆုံရာမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Malinowski က မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တရားရေးမဏ္ဍိုင် ခိုင်မာရေး အမေရိကန်က တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားဖို့ ကတိပြုခဲ့တယ်လို့လည်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ပြောပါတယ်။

XS
SM
MD
LG