သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်လုံခြုံရေးတင်းကြပ်မှုကြား စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ


ရန်ကုန်လုံခြုံရေးတင်းကြပ်မှုကြား စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ
ရန်ကုန်လုံခြုံရေးတင်းကြပ်မှုကြား စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

{{Zawgyi/Unicode}}

လမ်းမတွေပေါ်မှာ ရဲနဲ့စစ်တပ်အင်အား အလုံးအရင်းနဲ့ ကင်းလှည့်ပြီး လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ရန်ကုန်မြို့မှာ ဒီနေ့လည်း လူရာချီတဲ့ပါတဲ့ ချီတက်ဆန္ဒပြပွဲတွေကို တနေရာထက်မနည်းမှာ လုပ်ခဲ့ကြပါတယ်။

လုံခြုံရေးတွေ ရောက်မလာခင် အချိန်တိုတွင်းမှာ တောင်းဆို တင်ပြချင်တာတွေကို ကြွေးကြော် တောင်းဆိုခဲ့ကြတဲ့ ဆန္ဒပြပွဲတွေကို ပြည်သူတွေကလည်း ဝန်းရံပေးခဲ့ကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို အလိမ္မာ က ပြောပြပေးမှာပါ။

ရန်ကုန်မြို့ မြို့နယ်ပေါင်းစုံက လူငယ်တွေစုပေါင်းထားတဲ့ ရန်ကုန်သပိတ်စစ်ကြောင်းမှာ ပါဝင်ဆန္ဒပြသူ ရာဂဏန်းလောက်ဒီနေ့ ရန်ကုန်မြို့မှာ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြတဲ့အသံတွေဖြစ်ပါတယ်။

ရန်ကိုကုန်အောင်ရှင်းမယ်ဆိုတဲ့ စာတန်းကို ရှေ့မှာကိုင်ဆောင်ချီတက်ခဲ့ကြတဲ့ ရန်ကုန်သပိတ်စစ်ကြောင်းက တာမွေမြို့နယ် ယုဇနပလာဇာအနီးမှာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတွေရဲ့ လုံခြုံရေးအတွက် ပြည်သူအချင်းချင်း ပူးပေါင်းပါဝင် ကူညီတာတွေရှိခဲ့တယ်လို့လည်း ဒီသပိတ်မှာပါဝင်ခဲ့တဲ့ လူငယ်တဦးက VOA ကိုပြောပါတယ်။

“ကျနော်တို့က အလံနဲ့ အသံကိုနားထောင်ပါ ဆိုတဲ့အတိုင်း အကုန်လုံးက အဲဒီနားမှာရောက်နေပြီး အလံနဲ့အသံကို နားထောင်တယ်။ အလံထောင်လိုက်ပြီ၊ အသံကလည်း ထွက်ခဲ့တော့ဟေ့လို့ ပြောလိုက်ပြီဆိုလို့ရှိရင် သူတို့ရောက်တဲ့နေရာကနေ ထွက်လာခဲ့တယ်။ ထွက်လာပြီးတော့ ကျနော်တို့သတ်မှတ်ထားတဲ့ နေရာတခုအထိ အချိန်ခဏယူပြီးတော့ လမ်းလျှောက်လိုက်တယ်။ ပြီးတော့ ကားလမ်းတွေကိုလည်း ပိတ်တယ်ပေါ့နော်။ ပိတ်တယ်ဆိုတာ လက်တွေနဲ့တားပြီးတော့ ပိတ်တယ်။ ကားမောင်းတဲ့သူတွေကလည်း ကျနော်တို့ကို ကူညီပေးတဲ့အနေနဲ့ သူတို့တွေလည်း ကားတွေကိုဆက်မသွားဘဲနဲ့ traffic block ဖြစ်အောင် လုပ်ထားပေးတယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ထဲက စကားပြောမယ့်သူကလည်း လူထုရှေ့မှာ Speech ထွက်ပြောတယ်ပေါ့နော်။ ပြောပြီးတော့ ကျနော်တို့သတ်မှတ်ထားတဲ့ အချိန်ပြည့်ပြီဆိုတာနဲ့ လူစုကိုအမြန်ခွဲလိုက်တယ်။ ခွဲပြီးတော့ ဒီပွဲက ပြီးသွားတယ်ပေါ့နော်။ ဆိုတော့ အဲလိုမျိုး ကျနော်တို့ ဒီနေ့ကိုတော့ အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တယ်။”

စစ်အုပ်ချုပ်ရေးကောင်စီ အာဏာစသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက လူထုအင်အား အမြောက်အများ လမ်းပေါ်ထွက်ချီတက်ခဲ့ကြတဲ့ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေဟာ တပ်တွေရဲ့ ပစ်ခတ် အကြမ်းဖက်ဖြိုခွဲပြီးနောက်ပိုင်း ပြောက်ကျားပုံစံသပိတ်တွေသာ ရှိခဲ့တာပါ။ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေ၊ ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံထားရသူတွေ များလာတဲ့နောက်မှာ သူတို့နဲ့ထိပ်တိုက်မတွေ့တော့ဘဲ ရရာနည်းနဲ့ ဆန္ဒပြသပိတ်တွေကို ပုံစံမျိုးစုံနဲ့ ကျင်းပခဲ့ပါတယ်။

ချီတက်ဆန္ဒပြရာ သပိတ်လမ်းကြောင်းတလျှောက်မှာ ရဲနဲ့စစ်သားတွေ လက်နက်ကိုင်စောင့်ကြည့်တာတွေ ရှိခဲ့လို့ အချိန်စောင့်ပြီးလုပ်ခဲ့ရတဲ့ ရန်ကုန်သပိတ်စစ်ကြောင်းဟာ အတိမ်းအစောင်းမရှိ လူစုခွဲနိုင်ခဲ့ပေမဲ့ တာမွေသပိတ်စစ်ကြောင်းက လူငယ်တချို့ တော့ ဒီကနေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရတယ်ဆိုတဲ့ သတင်းတချို့လည်း ထွက်ခဲ့ပါတယ်။

စစ်တပ်၊ ရဲတို့နဲ့ ထိပ်တိုက်မတွေ့ရအောင် ကြိုတင်ပြင်ဆင်ထားတဲ့ကြားက အခုလိုသပိတ်စစ်ကြောင်းက လူငယ်တွေဖမ်းဆီးခံရလို့ လုံခြုံရေးအပိုင်းကို ပိုပြီးသတိထားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“အဲလိုမျိုး သတင်းပေါက်သွားတော့ ကျနော်တို့ တာထွက်အနေနဲ့ စထွက်မယ့်နေရာမှာတည်းကိုက သူတို့တွေက ရဲအင်အားအလုံးအရင်းနဲ့ စောင့်နေတယ်။ ပလာဇာနား အဆုံးသတ်နားမှာဆိုရင်လည်း သူတို့စစ်သားတွေ၊ ရဲတွေ သေနတ်ကိုင်ပြီး စောင့်နေတာ ကျနော်တို့ တမနက်လုံးတွေ့ရတယ်။ ၁၀ နာရီခွဲလောက် အထိပေါ့ ... အဲဒီနောက်ပိုင်းတော့ သူတို့အဲဒီနေရာကနေ ထွက်ခွာသွားပြီးတော့ လမ်းကြောင်းရှင်းပြီးတာနဲ့ စလုပ်ဖြစ်ကြတယ်ပေါ့နော်။ အဲဒီအချိန်မှာပဲ ကျနော်တို့မြန်မြန်ဆန်ဆန် အောင်အောင်မြင်မြင်လုပ်ပြီး လူစုခွဲနိုင်ခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ ဒီလိုမျိုး အဖမ်းခံရတယ်ဆိုတာလည်း ကျနော့်အထင်တော့ ခုနကပြောသလို သတင်းပေါက်ကြားမှုရဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဖြစ်သွားတယ်လို့တော့ ကျနော်တော့ယူဆတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုးကြားရတဲ့အတွက် စိတ်တော့မကောင်းဘူး၊ တော်တော်လည်း ဝမ်းနည်းရတယ်။ အဲတော့ နောက် ဒီလိုများပွဲတွေရှိခဲ့မယ်ဆိုရင်လည်း ဒီလိုမဖြစ်အောင်လို့ ကျနော်တို့ဘက်က ကြိုတင်စီစဉ်ပြီးတော့ သေသေချာချာလေး လုပ်ဖို့တော့ စဉ်းစားနေပါတယ်။”

လက်နက်ကိုင် ရဲအင်အားအများအပြား ရှိနေတဲ့ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံအနီး အင်းစိန်လမ်းမပေါ်မှာလည်း ဘယ်ထိတိုက်မလဲ၊ အဆုံးထိတိုက်မယ်ဆိုတဲ့ ဆန္ဒပြလူငယ်သပိတ်ဟာ အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ချီတက်နိုင်ခဲ့ပါတယ်။ အာဏာရှင်ကို ဆန့်ကျင်ကြောင်း နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒပြပုံစံတွေထဲက ည ၈နာရီအချိန် သံဗုံးတီးတဲ့ ပြည်သူတွေကိုလည်း အကြမ်းဖက်ဖိနှိပ်တာတွေ ရှိလာပါတယ်။ သံဗုံးကို အဆက်မပြတ်တီးခိုင်းတာ၊ အမျိုးသမီးငယ်တွေကို ကခိုင်းတာနဲ့ တချို့ကို ဖမ်းထားပြီး ပုံစံထိုင်ခိုင်းတာတွေကို စစ်ကောင်စီလက်အောက်ခံ တပ်တွေဟာ မရမ်းကုန်းမြို့နယ်က ရပ်ကွက်တချို့မှာ ပြုလုပ်ခဲ့ပါတယ်။ စမ်းချောင်းမြို့နယ်ထဲမှာတော့ သံဗုံးတီးပြီး မီးဖွင့်ထားတဲ့ နေအိမ်တချို့ကို လေးခွနဲ့လှမ်းပစ်တာမျိုးတွေ လုပ်နေတဲ့အကြောင်း ဒေသခံတဦးက ပြောပါတယ်။

“စမ်းချောင်း-ဗဟိုလမ်း တလျှောက်မှာတော့ ရဲကားတွေသွားလာနေတာတော့ မြင်တယ်။ ည ၈နာရီဆိုရင်တော့ သံဗုံးတွေက တီးကြတယ်။ သံဗုံးတီးရင် ရဲကားတွေလာကြတယ်။ တချို့နေ့တွေဆိုရင် မီးဖွင့်တဲ့အိမ်ကို သူတို့က လေးခွနဲ့ပစ်ကြတယ်။ ပြီးတော့ သံဗုံးတီးတဲ့ ၈နာရီအချိန်ဆို သူတို့စောင့်ကြည့်တယ်။ တချို့နေ့တွေ ဆိုးဆိုးရွားရွားပဲ ... လိုက်ဖမ်းတဲ့နေ့တွေရှိတယ်။ လမ်းကြားတွေဝင်ပြီး ဟိုတနေ့ကဆိုရင် ဒီဘက်လမ်းနားမှာ ၃-၄ ယောက်လောက် ဆွဲသွားတာ တွေ့တယ်။”


ရပ်ကွက်အနီးမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ တပ်စွဲနေရာယူတာ၊ လမ်းပေါ်ထွက်လာတဲ့ယာဉ်တွေကို တားဆီးစစ်ဆေးတာနဲ့ လမ်းမတွေပေါ် လက်နက်ကိုင် စောင့်ကြပ်တာအပြင် သံဗုံးတီးသူတွေကို ဖမ်းဆီးအနိုင်ကျင့်တာနဲ့ ညဖက် ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိနေတဲ့ ရန်ကုန်မြို့မှာ အခြေအနေတွေ တင်းကြပ်ထားတဲ့ကြားက ခုလိုလမ်းပေါ်ထွက် ချီတက်ဆန္ဒပြမှုတွေ ပြန်ရှိလာနေတာပါ။

လာမယ့် မေလ ၂ရက်နေ့မှာလည်း တကမ္ဘာလုံးက မြန်မာ့အရေးလှုပ်ရှားသူ အားလုံးပါဝင်မယ့် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးဆန္ဒပြပွဲတွေကို နိုင်ငံစုံမှာလုပ်ကြဖို့ စီစဉ်ထားကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို လက်မခံဘူးဆိုတာ ကမ္ဘာသိအောင် နိုင်ငံစုံမှာ ရောက်နေကြသူတွေက ညီညီညွတ်ညွတ်ပြသဖို့ ရည်ရွယ်ထားကြပါတယ်။

........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}















XS
SM
MD
LG