၂၀၁၀ ခုနှစ်ဟာ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအတွက် ထူးခြားမှုရှိတဲ့ နှစ်တနှစ်ဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် သြဇာကြီးတဲ့ အစိုးရတွေဟာ သူတို့ မဟာမိတ်တွေကို ဥပဒေအရ အရေးယူနိုင်ခြင်းမရှိအောင် အကာကွယ်ပေးနေကြပြီး သူတို့အတွက် နိုင်ငံရေးအရ အကျိုးအမြတ်ရှိမှသာ အရေးယူတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေ ပိုဆိုးလာပြီး နိုင်ငံရေးအကျဉ်းသားအရေအတွက်တွေ တိုးလာတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ဗီအိုအေ သတင်းထောက် Selah Hennessy ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။
ကမ္ဘာတလွား လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေနဲ့ဆိုင်တဲ့ ၂၀၁၀ ခုနှစ်အတွက် အစီရင်ခံစာကို Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက မနေ့က ထုတ်ပြန်လိုက်တာပါ။ ယေဘုယအားဖြင့်တော့ ၂၀၁၀ ခုနှစ်ဟာ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအတွက် သိသာ ထူးခြားတဲ့နှစ်တနှစ်ဖြစ်တယ်လို့ဆိုပေမယ့် ဆင်းရဲနွမ်းပါးမှုနဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေဟာ အဓိက ပြဿနာအဖြစ် တည်ရှိနေတုန်းဘဲလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးစံနစ်ဟာ တိုးတက်မှုရှိလာနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ ယာယီ အတွင်းရေးမှူးချုပ် Claudio Cordone က အစီရင်ခံစာထုတ်ပြန်တဲ့ အခမ်းအနားမှာ ဗီအိုအေကို ပြောပြခဲ့ပါတယ်။
“လက်တင်အမေရိကတိုက်က နမူနာတွေ၊ အလားအလာတွေကိုကြည့်ပြီး ကျနော်တို့ အထူးပဲ အားတက်မိပါတယ်။ အဲဒီက ပီရူးနိုင်ငံ၊ ဥပဂွေးနိုင်ငံနဲ့ အာဂျင်တီးနား နိုင်ငံတို့မှာဆိုရင် နိုင်ငံခေါင်းဆောင်ဟောင်းတွေကို တရားဥပဒေအရ စစ်ဆေး စီရင်နိုင်ခဲ့ကြပါတယ်။”
ဒါပေမယ့် သြဇာကြီးတဲ့အစိုးရတွေက ဒီ နိုင်ငံတကာ တရားဥပဒေစိုးမိုးမှု တိုးတက် ကောင်းမွန်လာမှာကို ကန့်သတ်နေကြတုန်း ဖြစ်ပြီး သူတို့အတွက် နိုင်ငံရေး အကျိုးအမြတ်ရှိမှသာ တရားနည်းလမ်းကျ ဆောင်ရွက်လေ့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
“သူတို့ကိုယ်သူတို့ တရားဥပဒေအပေါ်မှာ ရှိနေအောင် လုပ်ထားတဲ့ အစိုးရတွေလည်း တွေ့နေရပါတယ်။ ဥပမာအားဖြင့် သူတို့ဟာ ICC လို့ခေါ်တဲ့ နိုင်ငံတကာ ပြစ်မှုခုံရုံးရဲ့ စီရင်ပိုင်ခွင့်ကို လက်မခံကြတာမျိုးပါ။ အဲဒီနိုင်ငံတွေထွမှာ G – 20 တို့ခေါ်တဲ့ ကမ္ဘာအချမ်းသာ အကြွယ်ဝဆုံး နိုင်ငံတွေထဲက ၇ နှစ်နိုင်ငံလည်း ပါဝင်ပါတယ်။ ဒါ့အပြင် တချို့အစိုးရတွေဟာဆိုရင် သူတိုရဲ့ နိုင်ငံရေးမဟာမိတ်တွေကို နိုင်ငံတကာ စည်းမျူဉ်း စည်းကမ်းတွေအရ အရေးယူမယ့် ကိစ္စက အကာအကွယ် ပေးနေကြတာလည်း တွေ့ရပါသေးတယ်။”
ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ခုံရုံးမှာ လက်မှတ်မထိုးသေးတဲ့နိုင်ငံတွေကတော့ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဖြစ်ကြပါတယ်။
၂၀၀၉ ခုနှစ်တုန်းက ဆူဒန်နိုင်ငံသမ္မတ Omar Hassan Al Bashir ကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ခုံရုံးက ဖမ်းဝရမ်းထုတ်လိုက်တဲ့ ကိစ္စဟာ ထူးခြားတဲ့ တိုးတက် ပြောင်းလဲမှုတခုဖြစ်တယ်လို့ မစ္စတာ Cordone က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေတွေကို ကုလသမဂ္ဂအဖွဲ့ကြီးက ဦးဆောင်ပြီး နိုင်ငံတကာက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး အလားတူ စုံစမ်း စစ်ဆေးပေးဖို့ လူ့အခွင့်အရေး အထူးသံတမန် Tomas Ojea Quintana က မတ်လအစောပိုင်းက မြန်မာနိုင်ငံက ပြန်လာပြီး တင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာ အဆိုပြုခဲ့ပါတယ်။ အဲဒီအဆိုပြုချက်ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ချက်ချင်း ကြိုဆို ထောက်ခံခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့အခြေအနေဟာလည်း လွန်ခဲ့တဲ့ ၂ နှစ်၊ ၂ နှစ်ခွဲလောက်အတွင်းမှာ အခြေအနေတွေ ဆိုးရွားလာနေတာကနေ အဆိုးဆုံးအဆင့်ကို တဖြည်းဖြည်း လျော့ကျလာတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာနက မြန်မာ့အရေး သုတေသနပြုနေသူ Benjamin Zawacki က ပြောပါတယ်။
“၂၀၀၇ နှစ် ရွှေဝါရောင်တော်လှန်ရေးကစပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခိုက်ခဲ့တဲ့ကာ၊ နောက် ၂၀၀၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်းတိုးလိုက်တဲ့ ကိစ္စတွေ၊ ဒီနောက်မှာ ရွှေဝါရောင်တော်လှန်ရေးအတွင်း အဖမ်းခံခဲ့ရသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေ မလိုအပ်ဘဲ ချလိုက်တဲ့ကိစ္စနဲ့ အခုနောက်ဆုံး ၂၀၁၀ ခုနှစ်အတွင်း တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ခဲ့တဲ့ကိစ္စတွေဟာ ရွေးကောက်ပွဲမတိုင်ခင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စည်းရုံးပြောဆိုခွင့် စတဲ့ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်လိုက်တာဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာလည်း ၂၀၀၇ ခုနှစ်ကစပြီးတော့ နှစ်ဆတိုးလာတယ် ဆိုတာကို ကြည့်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ဘယ်ဘက်ကြည့်ကြည့် တိုးတက်တယ်ဆိုတာ မရှိပါဘူး။”
အခုထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ ၂၀၁၀ ခုနှစ် လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာထဲမှာ နိုင်ငံပေါင်း ၁၅၉ နိုင်ငံက အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။