သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစီစဉ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ တက်ကြွလှုပ်ရှားသူတို့အမြင်


thumbnail Under New Chair, ASEAN Seeks to Resolve Conflict in Myanmar
thumbnail Under New Chair, ASEAN Seeks to Resolve Conflict in Myanmar
မနေ့က ကျင်းပတဲ့ ထိုင်းအစိုးရ စီစဉ်တဲ့ ဝန်ကြီးအဆင့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကတော့ ရလဒ်အဖြေတစုံတရာမရှိပြီး ပြီးသွားခဲ့ပါတယ်။ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုပါ ဖိတ်ကြား ထားတဲ့အတွက် အာဆီယံနိုင်ငံတချို့ တတ်ရောက်ဖို့ ငြင်းဆန်တဲ့အပြင်၊ တက်ရောက်လာတဲ့ အာဆီယံနိုင်ငံ တွေကလည်း ဝန်ကြီးအဆင့်အစား အဆင့်မြင့်ကိုယ်စားလှယ်တွေပဲ လွှတ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့တုန့်ပြန်ချက်တွေ စုစည်းထားတာကို မသိဂီထိုက်ပြောပြပါမယ်။
မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကနဦးအားဖြင့် ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက် - ၂ ရက်တာ ဆွေးနွေးသွားမယ်ဆိုပြီး ထိုင်းအစိုးရဘက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒီအပေါ်မှာ ကန့်ကွက်မှုတွေနဲ့အတူ ဝေဖန်တာတွေရှိခဲ့ပြီး ဆွေးနွေးပွဲကို လည်း တရက်နောက်ဆုတ်ပြီး ဇွန်လ ၁၉ ရက်နေ့မှာပဲ ကျင်းပသွားပါတယ်။
မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေဟာ အိမ်နီးချင်းထိုင်းနိုင်ငံအတွက် အခြားနိုင်ငံတွေထက် ထိခိုက်မှုရှိနေတယ် ဆိုပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ခုခံရှင်းလင်းခဲ့ပါတယ်။ အာဆီယံဝန်ကြီးအဆင့် အလွတ်သဘော ဆွေးနွေးပွဲဆိုပေမယ့် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ထိုင်းနဲ့ လာအို နိုင်ငံခြားရေးဝန်ကြီး တွေပဲတက်ရောက်ပါတယ်။ နိုင်ငံတချို့ကတော့ အဆင့်မြင့်ကိုယ်စားလှယ်ပဲ စေလွှတ်ပါတယ်။ အစည်းအဝေးကတော့ ရလဒ်တစုံတရာမရှိခဲ့ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောခဲ့ပါတယ်။ အခုလို ထိုင်းနိုင်ငံကပြုလုပ်မယ့် အလွတ်သဘော ဆွေးနွေးပွဲကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေ နဲ့ ပတ်သက်လို့ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေသူ ကိုရဲကသူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။
"နှစ်နိုင်ငံကြား တစုံတရာသက်ရောက်မှု ရှိမယ်လို့တော့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ထိုင်းအိမ်စောင့် အစိုးရအနေနဲ့ အခုလုပ်တဲ့ဟာက အခုရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမတ်တွေကိုယ်တိုင်၊ ထိုင်းနိုင်ငံရေးသမားတွေကိုယ်တိုင်က ပြင်းပြင်းထန်ထန် ဝေဖန်နေတာရှိတယ်။ ဒါတွေမလုပ်သင့်ဘူး၊ နောက်လာမယ့် အစိုးရသစ်အနေနဲ့ပဲ လုပ်သင့်တယ်ဆိုတဲ့ ဟာမျိုးပေါ့လေ။ အာဆီယံမှာရှိတဲ့ ကျန်တဲ့အမတ်တွေကပါ ဒါကအာဆီယံကိုရော၊ မြန်မာပြည်သူတွေကိုပါ သစ္စာဖောက်တဲ့ လုပ်ရပ်ဖြစ်တယ် ဆိုတဲ့ဟာမျိုး သူတို့ဝေဖန်ကြတယ်။ ဒါကြောင့် ထိုင်းစစ်တပ်ဦးဆောင်တဲ့ အိမ်စောင့်အစိုးရဆိုတာ အာဏာသိမ်းထားတဲ့ အာဏာရှင်တွေပဲလေ။ အဲတော့ ထိုင်းစစ်အာဏာရှင်တွေက မြန်မာစစ်အာဏာရှင်တွေ ကို သူတို့ဆင်းခါနီး၊ သူတို့ရာထူး သက်တမ်းကုန်ခါနီး၊ သူတို့ရဲ့ ရှိနေသေးတဲ့ အခွင့်အာဏာကို ရသလောက်အသုံးချပြီးတော့ အာဏာရှင်အချင်းချင်း ဖေးမသွားတာလို့ပဲ ကျနော့်အနေနဲ့ မြင်ပါတယ်။"
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကတော့ ထိုင်းနိုင်ငံရဲ့ အခုလိုစီစဉ်မှုကို စိတ်ပျက်မိတယ်လို့ ပြောတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်က ပြောခဲ့ပါတယ်။ စင်္ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံကလည်း ဆွေးနွေးပွဲ တက်ရောက်ဖို့ ငြင်းဆိုခဲ့ပါတယ်။
ထိုင်းအစိုးရဖက်ကတော့ အခုဆွေးနွေးပွဲဟာ အာဆီယံအသင်းအနေနဲ့ စီစဉ်တာမဟုတ်ဘဲ ဒေသတွင်း အကျိုးအတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာ့အရေး လှုပ်ခတ်မှုဟာ တခြားနိုင်ငံတွေထက် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံက ပိုပြီးထိခိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးချုပ်ကလည်း ပြောထားပါတယ်။
ထိုင်းနိုင်ငံက စီစဉ်တဲ့ တတိယအကြိမ်မြောက် အစည်းအဝေးအပေါ် မြန်မာနိုင်ငံ အရပ်ဖက်အဖွဲ့ပေါင်း ၃၁၆ ဖွဲ့ကလည်း အိတ်ဖွင့်စာပို့ပြီး ရှုတ်ချထားပါတယ်။ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ အနေနဲ့ အခုအစည်းအဝေးကို ချက်ချင်းဖျက်သိမ်းပေးဖို့ တောင်းဆိုထားတဲ့ အရပ်ဖက်အဖွဲ့ ၃၀၀ ကျော်ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ စောအဲလက်စ်ကလည်း သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။
"လက်ရှိ ထိုင်းအိမ်စောင့်အစိုးရရဲ့ လှုပ်ရှုားမှုက ကြီးကြီးမားမား ရှိလာနိုင်မယ်လို့တော့ မထင်ဘူးပေါ့နော်။ ဒါပေမဲ့ တခုပဲရှိတာက တရုတ်နဲ့ အိန္ဒိယက ဒီဆွေးနွေးပွဲမှာပါလာမယ်၊ တရားဝင်ပြောဆိုလာမယ်၊ တရားဝင် စစ်ကောင်စီကို ကျေကျေနပ်နပ် လက်ခံလာနိုင်မယ်ဆိုတာ အာဆီယံအတွက် ဖိအားတွေ ဖြစ်လာနိုင်တယ် ပေါ့နော်။ သို့ပေမယ့်လည်း ကျနော်ထင်တာကတော့ အာဆီယံက သူတို့ရဲ့မူ ၅ချက်ကို အခြေခံပြီးတော့မှ စစ်ကောင်စီက အခုလက်ရှိ တခုမှအကောင်အထည် မဖော်တဲ့ဟာက စစ်ကောင်စီကို အရင်အတိုင်း အစိုးရတရပ်အနေနဲ့ ပြန်လက်ခံဆွေးနွေးဖို့ အာဆီယံအနေနဲ့ လုပ်မှာမဟုတ်ဘူး။ အဓိက ကျနော်တို့ စောင့်ကြည့်ရမှာက တရုတ်နဲ့ အိန္ဒိယက ဒီဆွေးနွေးပွဲမှာ ဘယ်လောက်အတိုင်းအတာအထိ ထဲထဲဝင်ဝင် ပါလာနိုင်မလဲပေါ့နော်။ အာဆီယံနိုင်ငံ တချို့ကလည်း လက်မခံဘူးဆိုရင်တော့ တရုတ်နဲ့ အိန္ဒိယကလည်း ဒါကို ထဲထဲဝင်ဝင် တရားဝင် တိုက်တိုက်တွန်းတွန်းနဲ့ ပါလာဖို့လည်း သူတို့အတွက် ခက်ခဲနိုင်တာပေါ့နော်။ ဒါကတော့ ဖြစ်နိုင်ခြေရှိတဲ့ အလားအလာပေါ့။"
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ထိုင်းနိုင်ငံက အခုလို မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့တဲ့အပေါ် စိတ်ပျက်ရသလို၊ ဒီအစည်းအဝေးကို ဖျက်သိမ်းပေးဖို့နဲ့ ဖိတ်ကြားခံရတဲ့ အဖွဲ့ဝင်နိုင်ငံတွေကို မတက်ရောက်ဖို့ တောင်းဆိုထားပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG