သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်က ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် (အပိုင်း ၃)


မန္တလေးမြို့ရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းတစ်ခု စင်္ကြန်လမ်း။
မန္တလေးမြို့ရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းတစ်ခု စင်္ကြန်လမ်း။

မြန်မာနိုင်ငံထဲမှာရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေအတွက် တူးဖော်ဆန်းစစ် လေ့လာမယ်ဆိုရင် ဘာတွေ သိထားဖို့လိုတယ် ဆိုတာတွေကို ပြောပြမှာပါ။

မြန်မာနိုင်ငံက ရှေးဟောင်း ယဉ်ကျေးမှုလက်ရာတွေအတွက် ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းဖို့ နေရာ (၈) နေရာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှု UNESCO ယူနက်စ်ကို အဖွဲ့ကို ၁၉၉၆ ခုနှစ်မှာ တင်သွင်းခဲ့ပြီး အခု ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးကော်မတီရဲ့ ယာယီ စာရင်းမှာတော့ ဝင်နေပြီဖြစ်ပါတယ်။ အဲဒီနေရာတွေကတော့-

နံပါတ် (၁) အထက်မြန်မာနိုင်ငံ ရှေးဟောင်း မြို့ကြီးတွေဖြစ်တဲ့ အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်းနဲ့ မန္တလေး။
နံပါတ် (၂) ပြဒါးလင်းဂူနဲ့ ပတ်ဝန်းကျင်က ဂူတွေ။
နံပါတ် (၃) က ပုဂံဒေသနဲ့ ရှေးဟောင်းလက်ရာတွေ။
နံပါတ် (၄) က အင်းလေးကန်။
နံပါတ် (၅) က မွန်မြို့ကြီးတွေဖြစ်တဲ့ ပဲခူး၊ ဟံသာဝတီ။
နံပါတ် (၆) က ရခိုင်ပြည်နယ် မြောက်ဦးဒေသနဲ့ ရှေးဟောင်းလက်ရာတွေ။
နံပါတ် (၇) က ပျူမြို့ကြီးတွေ ရှိရာ ပိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ။ နောက်
နံပါတ် (၈)က စကု၊ ပခန်းကြီး၊ ပခန်းငယ်၊ လယ်ကိုင်းနဲ့ မန္တလေးက ရွှေကျောင်းတော်ကြီးလို ကုန်းဘောင်ခေတ် သစ်သားကျောင်းတော်ကြီးတွေ ပါဝင်ပါတယ်။

ဒီနေရာအပြင် တခြား ရှေးဟောင်း ယဉ်ကျေးမှုလက်ရာတွေရှိတဲ့ နေရာတွေမှာ ရှေးဟောင်း သုတေ သန တူးဖော်မှုနဲ့ ဆန်းစစ်လေ့လာမှုတွေလုပ်ခဲ့ရင် ရှေးခေတ်မြန်မာနိုင်ငံသားတွေရဲ့ အသုံးအဆောင်၊ ယဉ်ကျေးမှု ဓလေ့ စရိုက်တွေအပြင် ရှေးခေတ် အပင်သတ္တဝါတွေနဲ့ ရှေးက သဘာ၀၀န်းကျင်ကိုပါ တစေ့တစောင်း သိလာနိုင်မှာဖြစ်ပါတယ်။

ရှေးဟောင်းနေရာတခုရဲ့အတိတ်ကို လေ့လာဖော်ထုတ်နိုင်ဖို့ တူးဖော်ရေးလုပ်တဲ့နေရာမှာ ရှေးမူ မပျက် ထိန်းသိမ်းရေးလုပ်နိုင်ဖို့က အရေးကြီးပါတယ်။ အဲဒီလိုထိန်းသိမ်းနိုင်ဖို့ သတိထားသင့်တဲ့ အချက်တွေထဲမှာ ပထမဆုံး ဆိုက် (Site) လို့ခေါ်တဲ့ ရှေးဟောင်းနေရာနဲ့ ပတ်သက်ပြီး ဘယ်လို တူးဖေါ်သင့်တယ်ဆိုတာကို သေသေချာချာ လေ့လာစဉ်းစားဖို့လိုတယ်လို့ မန္တလေးရတနာပုံ တက္ကသိုလ်က ရှေးဟောင်း သုတေသနဌာန ပါမောက္ခ ဒေါက်တာဦးသာထွန်းမောင်က ပြောပါတယ်။

“ကျနော်တို့က ရှေးဟောင်း site ဆိုက်နေရာ တခုကို အကုန်လုံးကို တူးမလား- ။ ဒါဟာ အားလုံးကို တူးတဲ့ total excavation ခေါ်တာပေါ့လေ။ ဒါမှ မဟုတ်ရင် တချို့တဝက်တူးတဲ့ partial excavation လုပ်မလား။ ဘယ်နေရာကို total လုပ်ပြီးတော့ ဘယ်နေရာကို partial ထားခဲ့မလဲ၊ တချို့တဝက်ထားခဲ့ မလဲပေါ့။ ဒီလို တူးဖော်တဲ့နေရာမှာလည်းပဲ အတော် သိမ်မွေ့ပါတယ်။ အကုန်လုံးကိုတူးဖို့ ဆိုတာ ကလည်း တဘက်မှာ တူးလိုက်လို့ ရှိရင် သူ့အတွက် excavation တူးတာကနေ သူ့ကို destruction ဖျက်ဆီးပစ်တာတွေ ဖြစ်တာရှိပါတယ်။ များများ တူးလေ များများ ပျက်စီးလေပဲ။

ဒီပစ္စည်း တခုသည် နောက်တခါ ဒါမျိုးရဖို့ဆိုတာ အစားထိုးလို့လည်း မရပါဘူး။ ရှေးဟောင်းပစ္စည်း ဆိုတာ အဲဒီလို တူးလို့ ရှိရင်တောင်မှ ဒီဟာကို ဘယ်လို တူးခဲ့တယ်။ ဘယ်လို record (မှတ်တမ်း) လုပ်မလဲ။ ဒါ recording မှတ်တမ်းတင်တာ သိပ်အရေးကြီးပါတယ်။ recording (မှတ်တမ်း )မရှိဘဲနဲ့ တူးဖော်တဲ့ excavation လုပ်ခြင်းသည် (without having any recording, excavation) ဟာ လုံးဝဖျက်ဆီးပစ်သလို (total destruction) ပါပဲ”

-ပြောရမယ် ဆိုရင် အားလုံးကို တူးရင် အားလုံးကို ဖျက်တာနဲ့ အတူတူပါပဲ။ ရှေးဟောင်းပစ္စည်း တခုကို တူးတဲ့အခါမှာ ဒါသည် အစားထိုးလို့ မရတဲ့အရာဖြစ်တဲ့ အတွက်ကြောင့် တူးတဲ့လူဟာ စံနစ်တကျ record (မှတ်တမ်း) လုပ်ဖို့ လိုပါတယ်။ detail ပေါ့လေ။ အတိအကျ မှတ်တမ်းတင်ဖို့ လိုပါတယ်။

စံနစ်တကျဖြစ်အောင် မှတ်တမ်းတင်တဲ့နေရာမှာ ပုံစံအမျိုးမျိုး ရှိသလို တင်ထားတဲ့ ဒီမှတ်တမ်း မှတ်ရာတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့အပြင် အရေးအကြီးဆုံးအချက်က လူထုသိအောင် ဖြန့်ဖြူးပေးဖို့-လို့ဆိုပါတယ်။

“မှတ်တမ်း ဆိုတဲ့နေရာမှာ (written record) စာရေးသားပြီးတော့ မှတ်တမ်းတင်တာ ရှိတယ်။ ဓာတ်ပုံရိုက်ပြီးတော့ မှတ်တမ်းတင်တာ ရှိတယ်။ ပန်းချီနဲ့ မှတ်တမ်းတင်တာ ရှိပါတယ်။ ဒါမျိုးတွေ စံနစ်တကျ တူးဖော်ရမယ်။ တူးဖော်ပြီးတော့ ဒါကို ပုံနှိပ်ထုတ်ဝေဖို့ လိုပါတယ်။

ကိုယ်တူးထားတဲ့ ဆိုက်တွေကို ပြည်သူတွေသိအောင်၊ ဒါမှ ဒီဟာသည် လူတွေကြားထဲမှာ အသိတွေ ရောက်သွားပြီးaတာ့ မတိမ်မကော မပျောက်ပျက်အောင် ဆက်လက် တည်ရှိနေမှာ ဖြစ် ပါတယ်။ တူးဖော်ပြီး ပုံနှိပ်ထုတ်ဝေမှု မရှိဘူး။ ပြည်သူတွေကို အသိမပေးဘူး ဆိုရင်လည်း ဒါသည် အလကား ပါပဲ။ ကျနော်တို့ တူးဖော်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့-ရရှိလာတဲ့ အသိပညာတွေ ကို ပြည်သူတွေကို မျှဝေခံစားစေဖို့ ဖြစ်ပါတယ်”

အခုလို တူးဖော်တဲ့ အပိုင်းမှာတင် အရေးပါတာမဟုတ်ပါဘူး။ တူးဖော်ပြီးချိန်မှာ post excavation analysis လို့ ခေါ်တဲ့ တူူးဖော်လိုက်တဲ့ ပစ္စည်းတွေကို နောက်ပိုင်းမှာ ဆန်းစစ်လေ့လာတာကလည်း အရေးပါပါတယ်။

“နောက်တခုက ကျနော်တို့ ဘာအရေးကြီး မလဲဆိုတော့ ရှေးဟောင်းပစ္စည်းတွေ တူးဖော်တဲ့အခါ မှာ နှစ်ပိုင်းရှိတာပေါ့လေ။ တူးဖော်တာ တပိုင်းရှိတယ်။ နောက် တူးဖော်ပြီးတဲ့အခါမှာ ရရှိလာတဲ့ ပစ္စည်း တွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာတာပေါ့ ခင်ဗျာ။ ကျနော်တို့ သိပ္ပံဆိုင်ရာတွေကို ပို့ပြီးတော့ သိပ္ပံပညာ ရှင်တွေ scientists တွေဆီက ဓာတုဗေဒနဲ့ ပတ်သက်တာတွေ အကူညီယူရတာ ရှိတယ်။ နောက် geology (ဘူမိဗေဒ) နဲ့ ပတ်သက်ပြီး အကူညီယူရတာရှိတယ်။ ရူပဗေဒ (physics )နဲ့ ပတ်သက်လို့ အကူညီယူရတာရှိတယ်။ ဒါက ကျနော်တို့ တူးဖော်မှုနောက်ပိုင်းမှာ လုပ်ရတဲ့ သုတေသန process လုပ်ငန်းအဆင့်ဆင့်ပေါ့ခင်ဗျ။ ဒါကို ကျနော်တို့က post excavation analysis လို့ ခေါ်ပါတယ်။ တူးဖော်ပြီး လေ့လာမှုပေါ့လေ။ ဒီအပိုင်းက ကျွန်တော်တို့ ဆီမှာ အားနည်းပါတယ်။ အခုကျနော်ထင်တယ်၊ ယူနက်စကို UNESCO က ထိန်းသိမ်းရေး ဝင်လာလို့ ရှိရင် post excavation analysis မှာ အများကြီး အားသာလာမယ်လို့ ထင်ပါတယ်”

ကုလသမဂ္ဂရဲ့ပံ့ပိုးမှုနဲ့ ထိန်းသိမ်းမှုတွေကနေ မြန်မာနိုင်ငံထဲက ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်တွေ ပျောက်ပျက်ကုန်မယ့် အန္တရာယ်ကို တားဆီးရာမှာ အမျာကြီး အထောက်အကူ ရလာမှာ ပါ။ ဒါပေမဲ့ ကိုယ့်မြေပေါ်က ရတနာတွေကို ကိုယ်တိုင်လည်း ချစ်တတ်မှ ထိန်းသိမ်းရာမှာ ထိရောက် မယ်လို့ ဆိုပါတယ်။

“ကျနော်တို့အားလုံး ရှေးဟောင်းပစ္စည်းကို ချစ်တတ်ဖို့ လိုတာပေါ့။ ဘယ်လိုချစ်တတ်ရမလဲ ဆို ရင် ရှေးဟောင်းပစ္စည်း ဆိုတာ အဟောင်းကို အဟောင်းအတိုင်းထားတာ အကောင်းဆုံး ပါပဲလို့။ ဆက်လက်ပြီးတော့ မပျက်စီးအောင် ထိန်းသိမ်းဖို့က လိုပါတယ်။ ရှေးဟောင်း အဆောက်အဦးတွေ ကို အသစ်ပြန်ဆောက်ခြင်းသည် ချစ်ရာ မမည်ပါဘူးလို့။ ဒါကိုပြည်သူတွေ အားလုံးကို ကျွန်တော်က သိစေချင်ပါတယ် ခင်ဗျာ”

ရှေးဟောင်းသုတေသန ပညာရှင် ဒေါက်တာဦးသာထွန်းမောင်ပါ။

ရှေးဟောင်း ယဉ်ကျေးမှုတွေကို ဖော်ထုတ်ပေးနိုင်မယ့်နေရာ site (ဆိုက်) တွေကို မြင်သာ ထင် သာ တွေ့နေရတာမျိုးရှိသလို တခါတလေမှာတော့ မမျှော်လင့်ဘဲ ကံကောင်းထောက်မစွာ နဲ့ တွေ့ရ တတ် တာမျိုးလည်း ရှိပါတယ်။

တခါတလေမှာတော့ ရှေးလူကြီးတွေရဲ့ ပြောကြားချက်တွေကနေ တွေ့လာ တာမျိုးပါ။ အခုခေတ် မှာတော့ ကောင်းကင် ဓာတ်ပုံတွေကနေဖြစ်စေ၊ ဘူမိ-ရူပ နည်းတွေ သုံးပြီးဖြစ်စေ ရှေးဟောင်း ဆိုက်တွေကို ရှာဖွေလာနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုပုံစံနဲ့ ရှာဖွေတွေ့ သည်ဖြစ်စေ အရေးကြီးတာက တူးဖော်တဲ့အပိုင်းနဲ့ တူးဖော်ပြီး လေ့လာဆန်းစစ်တဲ့ အပိုင်းတွေအပြင် ဒေသခံတွေအနေနဲ့ ကိုယ့်ရှေးဟောင်းအမွေကို ကိုယ်ချစ်တတ်ဖို့ လိုပါတယ်ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
XS
SM
MD
LG