ဘီလာရုစ်နိုင်ငံမှာ သုံးနှစ်ကျော်ကြာ အကျဥ်းချခံနေရတဲ့ Radio Free Europe/Radio Liberty သတင်းဌာနက သတင်းထောက် Andrey Kuznechyk ဟာ ဗုဒ္ဓဟူးနေ့က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖမ်းဆီးခံခဲ့ရတာလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြတဲ့ အဲဒီ သတင်းထောက် ပြန်လွတ်လာကြောင်း ဓားစာခံကိစ္စဆိုင်ရာ အမေရိကန် အထူးသံတမန် Adam Boehler က အတည်ပြုပါတယ်။ အမေရိကန် နိုင်ငံသားတဦးအပါအဝင် အခြားလူနှစ်ဦးလည်း ဘီလာရုစ်ကနေ လွတ်မြောက်လာတယ်လို့ Boehler က ပြောပေမယ့် ဘယ်သူတွေဆိုတာတော့ ထုတ်မပြောပါဘူး။ အမေရိကန်သမ္မတအိမ်ဖြူတော် သတင်းပြန်ကြားရေး Karoline Leavitt ကတော့ ဘီလာရုစ်နိုင်ငံကနေ အကျဉ်းသားတွေ လွတ်မြောက်လာတာက “ပြောင်မြောက်တဲ့ အောင်ပွဲ” လို့ ထုတ်ပြန်ပါတယ်။ RFE/RL ဥက္ကဋ္ဌ Stephen Capus ကလည်း Kuznechyk လွတ်မြောက်လာမှုကို ကြိုဆိုခဲ့ပြီး လွတ်မြောက်ရေးအတွက် အကူအညီပေးခဲ့ကြတဲ့ သမ္မတ ဒေါ်နယ်ထရမ့်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို နဲ့ လစ်သူယေးနီးယား အစိုးရတို့ကို ကျေးဇူးတင်ကြောင်းပြောပါတယ်။
ဒီလို လွတ်မြောက်လာတာအတွက် အပြန်အလှန်အဖြစ် အမေရိကန်ဘက်က အကျဉ်းသား လဲလှယ်ရတာမျိုးမရှိဘူးလို့ အမေရိကန်အထူးသံတမန် Boehler က ပြောပါတယ်။ဒါဟာ နိုင်ငံရပ်ခြားမှာ မှားယွင်းဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေလွတ်မြောက်ရေး သမ္မတထရမ့်ရဲ့ ကတိကဝတ်ကို အကောင်အထည်ဖော် ဆောင်ရွက်ချက်လို့ ဆိုပါတယ်။ “သမ္မတ အနေနဲ့ အမေရိကန်တွေ အိမ်ပြန်လာနိုင်ဖို့ ထိပ်တန်းဦးစားပေးလုပ်ဆောင်နေတယ်” လို့ Boehler က ပြောပါတယ်။
ဗွီအိုအေ သတင်းဌာနရဲ့ မိတ်ဖက် သတင်းဌာန ဖြစ်တဲ့ Radio Free Europe/Radio Liberty မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အခု လွတ်မြောက်လာသူ သတင်းထောက် Kuznechyk ဟာ ၂၀၂၁ ခုနှစ်နိုဝင်ဘာလကတည်းက ဘီလာရုစ်နိုင်ငံမှာ အကျဥ်းချခံခဲ့ရတာပါ။ သူ့ကို အစောပိုင်းမှာ အများပြည်သူ နှောင့်ယှက်မှု စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၁၀ ရက်ချမှတ်ခဲ့ပါတယ်။ ဒီစွပ်စွဲချက်ကို Kuznechyk ကငြင်းဆိုခဲ့ပါတယ်။ ပထမ အမှုနဲ့ ပြန်လွတ်လာဖို့ ရက်စေ့ချိန်မှာ ဘီလာရုစ် အာဏာပိုင် တွေက သူ့ကို ထောင်ထဲမှာ ဆက်လက် ထိန်းသိမ်းထားပြီး အစွန်းရောက်အဖွဲ့ တည်ထောင်မှုနဲ့ နောက်ထပ် စွဲချက်တင်ခဲ့ပါတယ်။
အဲဒီ အမှုနဲ့ တရက်ပဲတရားရုံးတင် စစ်ဆေးခဲ့ပြီး ဒေသဆိုင်ရာတရားရုံးတခုက Kuznechyk ကို ၂၀၂၂ ခုနှစ် ဇွန်လမှာအပြစ်ရှိကြောင်းတွေ့ရှိခဲ့တယ်ဆိုကာ ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခဲ့တာပါ။ RFE/RL နဲ့ VOA သတင်းဌာနတို့ကို ကြီးကြပ်ရတဲ့ အမေရိကန် ပြည်ထောင်စု၊ ကမ္ဘာလုံးဆိုင်ရာမီဒီယာ အေဂျင်စီ (USAGM) ကတော့ Kuznechyk အပေါ် စွဲချက်တွေကို ပယ်ချပြီး သူ့ကို ပြန်လွှတ်ပေးဖို့ တစိုက်မတ်မတ် တောင်းဆိုခဲ့ပါတယ်။
ဘီလာရုစ်ဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို အဆိုးရွားဆုံး ထောင်သွင်းအကျဉ်းချထားတဲ့ နိုင်ငံတွေထဲကတနိုင်ငံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းအထိ မှတ်တမ်းတွေအရ ဘီလာရုစ်မှာသတင်း လုပ်ငန်းကြောင့်သတင်းထောက် ၃၁ ဦးထက်မနည်း ထောင်ချခံခဲ့ရကြောင်း သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ထုတ်ပြန်ထားပါတယ်။
Forum