သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံး ၂၈ နှစ်ရှိပေမဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီမရသေး


မြန်မာနိုင်ငံဟာ ဒီမိုကရေစီအပြောင်းအလဲကို ရောက်နေပြီလို့ ပြောနေကြပေမဲ့ ရှစ်လေးလုံးအရေးတော်ပုံ စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂၈ နှစ်တာကာလ ဖြတ်သန်းမှု ပေးဆပ်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီစနစ်ဟာ စပ်ကူးမတ်ကူး အခြေနေသာရှိပြီး ပြည့်ဝတဲ့ ဒီမိုကရေစီ မဟုတ်သေးဘူးလို့ ရှစ်လေးလုံးမှာကိုယ်တိုင်ပါဝင်ခဲ့သူတွေက သုံးသပ်လိုက်ကြပါတယ်။ ရှစ်လေးလုံးအရေးတော် အခမ်း အနားတွေကို ပြည်တွင်းပြည်ပမှာ ပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်နေတဲ့ အခြေအနေကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

၁၉၈၈ ခုနှစ်မှာစတင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံဟာ အခု သြဂုတ်လ (၈) ရက်နေ့ဆိုရင်၂၈ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်း ဖြိုခွင်းခဲ့တာကြောင့် ရှစ်လေးလုံးကာလအတွင်း လူအများအပြားသေဆုံး ပျောက်ဆုံးခဲ့ရသလို၊ လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ မြန်မာနိုင်ငံ နယ်စပ်တလျှောက်ကိုလည်း တောခိုခဲ့ကြတာပါ။ ဒီလိုဘဝနဲ့ရင်းပြီး ပေးဆပ်မှုတွေရှိလာခဲ့တဲ့ ရှစ်လေးလုံး (၂၈) နှစ်ကာလကို ပြန်ပြောင်းသုံးသပ်ရင် ဒီကနေ့မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ အားရစရာမရှိသေးဘူးလို့ လက်ရှိအမေရိကန် ပြည်ထောင်စုမှာနေထိုင်သူ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဇော်မင်းက ပြောဆိုလိုက်ပါတယ်။

“၁၉၈၈ ခုနှစ်က တပါတီ အာဏာရှင်စံနစ် ပျောက်ဆုံးဖို့၊ စစ်အာဏာရှင်စံနစ် ပျောက်ဆုံးဖို့ ကျနော်တို့ ကြိုးစားခဲ့ကြတယ်။ အဲဒီလို ပျောက်ဆုံးဖို့ ခရီးလမ်းတလျှောက်မှာ သေသွားတဲ့ သူရဲကောင်းတွေ အများကြီး ရှိခဲ့သလို နစ်နာခဲ့တဲ့သူတွေ၊ ဘဝပျက်သွားခဲ့တဲ့သူတွေ အများကြီး ရှိခဲ့တယ်။ အဲဒီ ပေးဆပ်မှုတွေဟာ ဒီကနေ့ ဒီအချိန်မှာ စစ်မှန်တဲ့ ဒီမိုကရေစီလို့ ပြောနေပေမယ့် လက်ရှိအချိန်မှာ ကျနော်တို့နိုင်ငံရဲ့ စပ်ကူးမတ်ကူး ဒီမိုကရေစီနဲ့ ကျနော်တို့ ဖြတ်သန်းနေရတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးလို့ ခေါင်းစဉ် တပ်ထားပေမယ့် ၂၈ နှစ်တာကာ ကျနော်တို့ ရင်းနှီး ပေးဆပ်မှုတွေနဲ့ တိုင်းတာမယ်ဆိုရင်တော့ အားရတဲ့အခြေအနေ မရှိသေးပါဘူး။”

ရှစ်လေးလုံးမှာ ပါဝင်ခဲ့တဲ့ မုံရွာမြို့က ကိုကျော်မိုးလှိုင်ကလည်း (၂၈) နှစ်တာကာလကို အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ ကျောင်းသားနဲ့ ပြည်သူတွေ အနစ်နာခံပြီးတော့ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့တဲ့ဟာတွေရဲ့ ရလဒ်ကတော့ အတိုင်းအတာ တခုအထိတော့ အပြောင်းအလဲ ဖြစ်လာခဲ့ပြီးပြီ။ ဒါပေမယ့် ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော့ ကျနော်တို့ လက်ရှိ အချိန်အထိက မဖြစ်ပေါ်သေးဘူး။”

ရှစ်လေးလုံး (၂၈) နှစ်တာကာလ ဆုံးရှုံးမှု အောင်မြင်မှုတွေကိုတော့ ကိုဇော်မင်းက ခုလိုသုံးသပ်ပါတယ်။

“ခေတ်ပြောင်း စံနစ်အပြောင်းမှာ ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဆုံးရှုံးမှုကို ကျနော်က အဓိကထားပြီး မပြောချင်ပါဘူး။ အဲ…. အောင်မြင်မှုအရ တစ်အချက်က ဒီ အရပ်သားအစိုးရ တခုကို လူထုက နှစ်နှစ်ကာကာ လိုချင်ကြတယ်၊ စစ်ဝါဒီနဲ့ စစ်အာဏာရှင်စံနစ်ကို မုန်းတီးကြတယ် ဆိုတဲ့အသိ၊ သူတို့ ဒီမိုကရေစီကို မြတ်နိုးတဲ့ စိတ်ဓာတ်၊ အဲဒါတွေကို သူတို့ လက်ခံလာတဲ့အတွက် ဒါဟာ ကျနော်တို့အတွက် အကြီးဆုံးသော အောင်မြင်မှု၊ အနာဂတ် ဒီမိုကရေစီမှာ တွန်းအားတခုအနေနဲ့ ခိုင်ခိုင်မာမာဖြစ်လာတဲ့ အခြေအနေ တခုလို့ပဲ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

ဒီမိုကရေစီ စပ်ကူးမတ်ကူး အခုလိုကာလမှာ NLD အစိုးရအနေနဲ့ နိုင်ငံရေးအင်အားစုတွေကို အခုထက်ပိုပြီးပါဝင်ခွင့်ပေးဖို့ တိုက်တွန်းလိုက် သလို၊ ၈၈မျိုးဆက်တွေ အနေနဲ့လည်း ဒီထက်ပိုပြီး တာဝန်ယူလုပ်ဆောင်ကြဖို့ ၈၈မျိုးဆက်ကျောင်းသား ကိုဇော်မင်းက တိုက်တွန်းလိုက် ပါတယ်။

“တချက်ကတော့ လက်ရှိနိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီဘက် အစိုးရပေါ့နော်။ သူတို့တွေမှာ အကျပ်အတည်းတခု ရှိပါတယ်။ အဲဒီ အကျပ်အတည်းက သူတို့ စိတ်ထင်တိုင်းသွားလို့မရဘူး၊ သူတို့ ရုန်းထရမှာ ကျနော်တို့ နားလည်တယ်။ အဲဒီလို ရုန်းထတဲ့အခါမှာ ပြည်သူ ပြည်သားတွေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေကို ပါဝင်လာဖို့၊ ပါဝင်လာနိုင်ဖို့ အခွင့်အရေး သူတို့ ဖန်တီးပေးသင့်တယ်လို့ ကျနော် မြင်တယ်။ နောက်တချက်၊ ကျနော်တို့နဲ့ ခေတ်ပြိုင်တွေပေါ့နော်၊ ၁၉၈၈ က အသက် (၂၀) အရွယ် ကျောင်းသားတွေပေါ့၊ ကျနော်တို့နဲ့ ခေတ်ပြိုင်တွေဟာ သူတို့ ထိထိရောက်ရောက် ဆုံးဖြတ်ချက်တွေကို တိတိကျကျ မဆုံးဖြတ်နိုင်သေးဘူးဆိုတာကို ကျနော်တို့ သွားတွေ့တယ်။ ဒါက ကျနော်တို့တွေဟာ လိုအပ်ချက်တွေ ရှိနေသေးတယ်၊ ဒါကြောင့်မို့လို့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ရဲရဲတင်းတင်း လုပ်ဆောင်ပါ၊ အမျှော်အမြင်ကြီးစွာ လုပ်ဆောင်ပါလို့ ကျနော်တို့ ခေတ်ပြိုင်တွေကို ပြောချင်ပါတယ်။”

မုံရွာမြို့မှာ ကျင်းပမယ့် ရှစ်လေးလုံးအခမ်းအနားနဲ့ပတ်သက်လို့ ကိုကျော်မိုးလှိုင်က ရှင်းပြပါတယ်။

“အဲဒီ ရှစ်လေးလုံးအခမ်းအနားမှာ ခေတ်အဆက်ဆက်က ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင် ကျဆုံးသွားတဲ့ အာဇာနည်တွေကို ပထမ အလေးပြုမယ့် အစီအစဉ် ဖြစ်ပါတယ်။ နောက် လူကြီးပိုင်းက ကျနော်တို့ မုံရွာ ရှစ်လေးလုံး သမိုင်းဖြစ်စဉ်ကို ပြောမယ်ပေါ့လေ။ အခမ်းအနားရှေ့မှာလည်း မှတ်တမ်း ပြခန်းဆိုပြီး လုပ်ပါမယ်။ အဲဒီ “သမိုင်းနဲ့မှတ်တမ်း ပြခန်း” ဆိုရင် အရေးအခင်းကာလမှာ ဓါတ်ပုံ မှတ်တမ်းတွေ၊ ကျနော်တို့ ဂျာနယ်တွေ၊ စာဆောင်တွေ၊ အဲဒီ စာအုပ်တွေ၊ စာဆောင်တွေဆိုတာကလည်း တကယ်တန်းက တချို့ဆို ဆယ်စုနှစ်နဲ့ချီပြီးတော့ မြေအောက်မှာ အသေအချာ လုံအောင်ထုပ်ပိုးပြီးတော့ မြုပ်ထားခဲ့တဲ့ စာရွက် စာတမ်းတွေ ဖြစ်ပါတယ်။ အဲဒီစာရွက် စာတမ်းတွေကို ကျနော်တို့ ပြန်လည် ပြသမှာ ဖြစ်ပါတယ်။”

မုံရွာမြို့မှာတော့ ရှစ်လေးလုံး အခမ်းအနားကို အရှေ့ရေမိန်ကျောင်းတိုက် နာရီစင်အနီးမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ (၂၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကိုတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဦးဆောင်ပြီး သြဂုတ်လ ၈ ရက်နေ့၊ မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ ဓမ္မပီယသာသနာ့ရိပ်သာမှာ ကျင်းပသွားမှာဖြစ်ပြီး အားလုံးကို တက်ရောက်ကြဖို့ ဖိတ်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG