သုံးရလွယ်ကူစေသည့် Link များ

ဖုန်းမော်နေ့ နှစ်ပတ်လည် အခမ်းအနား ကျင်းပ


မတ်လ ၁၃ ရက်နေ့ ကျောင်းသားအရေးအခင်း၂၆ နှစ်ပြည့် အခမ်းအနား
စက်မှုတက္ကသိုလ်ကျောင်းသားအချို့ သွေးမြေကျခဲ့ရတဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ ကျောင်းသားအရေးအခင်း၂၆ နှစ်ပြည့် အခမ်းအနားတရပ်ကို ရန်ကုန် ကြို့ကုန်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကို အစပျိုးခဲ့တယ်လို့ဆိုနိုင်တဲ့၊ မတ်လ ၁၃ ရက်နေ့ ကျောင်းသား လှုပ်ရှားမှုကို သမိုင်းအမှန်အတိုင်း ဖော်ထုတ်လိုတာကြောင့် ဒီအခမ်းအနား ကျင်းပရတာလို့ အခမ်းအနား စီစဉ်သူတွေက ပြောပါတယ်။ အခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက ဒီအကြောင်း သတင်းပေးပို့ ထားတာပါ။

စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတွေက ဒီအခမ်းအနားကို ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီးတော့ အဲဒီ့အရေးအခင်းမှာ သေဆုံးခဲ့ရတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကိုစိုးနိုင်အပါအ၀င် ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုမှာ သွေးမြေကျခဲ့ရသူတွေအတွက် ဘာသာရေးအရ ဆွမ်းကပ် အမျှဝေ ခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ညက စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ အစိုးရလုံခြုံရေးတပ်တွေအကြား ပဋိပက္ခဖြစ်စဉ်နဲ့ပတ်သက်လို့၊ အဲဒီအချိန်မှာ သေနက်ဒဏ်ရာရခဲ့ပေမယ့် အသက်ရှင်ကျန်ရစ်သူတဦးဖြစ်တဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုမြင့်ဦးက တက်ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။

" ဟာ ဒါဆို မသေနိုင်သေးဘူးပေါ့နော်။ ထလို့ရတယ်။ အဲ့တာနဲ့ လေးဘက်ထောက်ပြီး ကုန်းထတယ်။ အဲ့လို ကျနော် လေးဘက်ထောက်ပြီး ကုန်းထ လိုက်တဲ့ အချိန်မှာပဲ ကျနော့် ဒီ ဘယ်ဘက် ခပ်လှမ်းလှမ်းလေးမှာ ကျနော်ထင်တယ်။ ပေ ၂၀၊ ၂၅လောက်ပဲ ကွာတဲ့နေရာလေးမှာ ခုနလမ်းမဘေးက ပန်းခြံဘေးက အဝိုင်းပေါ်မှာပဲ ကားခနဲပဲ ကျောင်းသားတစ်ယောက် ဘိုင်းခနဲ ပစ်ကျသွားတာ မြင်လိုက်တယ်ဗျ။ ဟ တကယ်ထိတယ်ပေါ့။"

အရပ်သားတွေနဲ့ ကျောင်းသားတွေအကြား ပဋိပက္ခမှာ ၀င်ရောက်ဖြေရှင်းဖို့ လာတဲ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ ကျောင်းသားတွေကို တဖက်သတ် အငြိုးထားပြီး ကိုင်တွယ်နှိမ်နင်းခဲ့တယ်လို့ ကျောင်းသားတွေက ယူဆကြပါတယ်။ ထိခိုက်ဒဏ်ရာရသူ ကျောင်းသားတွေကို စက်မှုတက္ကသိုလ်ဆရာတွေက ကယ်ထုတ်ခဲ့ရတယ်လို့ ကိုမြင့်ဦးက ပြောပါတယ်။

" ဒါပေမဲ့ ဆရာတွေ ကျနော်တို့ကို ထမ်းပြီးထုတ်တဲ့အခါမှာ ဆရာတွေ အရိုက်ခံရတယ်။ သူတို့ကိုရိုက်တဲ့ အခါကျတော့ ဆရာတွေက သူတို့ကို ရိုက်တဲ့ကြားထဲကပဲ ကျနော်တို့ ဆရာတွေပါ။ ကျောင်းသားတွေကို ဆေးရုံပို့ဖို့ လိုတယ်ပေါ့နော်။ အဲ့တာနဲ့ သူတို့နဲ့ ခနဆွေးနွေးပြီးတော့မှ ကျနော်တို့ကို လုံထိန်းကားတွေနဲ့ ဆရာတစ်ယောက်ပါတယ်ပေါ့။ ကျနော်တို့ကို ရန်ကုန်ဆေးရုံကို ပို့တာပေါ့။ ကျနော်တို့ ကားထွက်ပြီးကာစလေးမှာပဲ ခဝဲခြံထဲမှာ ရှိုက်သံ အသံကြားတယ်။ ကျနော်လည်း မူးနောက်နေတဲ့အချိန်ပေါ့။ သတိမလစ်တချက်ပေါ့။ ဒီကလေးတစ်ယောက်တော့ အသက်မရှုတော့ဘူး သွားရှာပြီပေါ့။ ခဝြဲခံနားလောက်မှာ ကိုဖုန်းမော်ဆုံးတာပဲ။"

၂၆နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား (မတ်လ ၁၃၊ ၂၀၁၄)
၂၆နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား (မတ်လ ၁၃၊ ၂၀၁၄)
အဲဒီ အချိန်က သေဆုံးခဲ့သူ ကျောင်းသားနှစ်ဦးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာမိသားစုဝင်တွေကို အာဏာပိုင်တွေက အတော်လေး ဖိအားပေးခဲ့တာပါ။ ဈာပနကိုတောင် အကျဉ်းချုပ်ပြီး ကျင်းပခဲ့ရတယ်လို့ သေဆုံးသူ စက်မှုတက္ကသိုလ်ကျောင်းသား ကိုစိုးနိုင် အမဖြစ်သူက အဲဒီအဖြစ်အပျက်ကို ပြန်ပြောင်းပြောခဲ့ပါတယ်။

"ကျမတို့မှာ လူလည်းသေရသေးတယ်။ ကိုယ့်ဘာသာကိုယ်တောင် ငိုခွင့်တောင် မရှိဘူးလား။ ကျမတို့ကလည်း အဲ့ဒီ့တုန်းက လူငယ်ပီပီ အရမ်းခံစားရတယ်။ မိဘတွေကို ကျမတို့အဖေကို ထိန်းသိမ်းသွားမှာ စိုးတဲ့အတွက်ကြောင့် ကျမတို့ အော်ကြီးဟစ်ကျယ်လည်း မပြောခဲ့ရပါဘူး။ ကောင်းမှုကုသိုလ်ပြုဖို့ပဲ အဖေက အာရုံစိုက်ပြီး လုပ်ဆိုလို့ မနက်ဖြန်လို သပိတ်သွပ်ဖို့ကို ဒီနေ့လိုမှ ပြန်ရောက်တော့ အဲ့လိုပဲ အားချင်း သပိတ်သွပ်လိုက်ရပါတယ်။"

ဒီအခမ်းအနားကို စီစဉ်သူတွေကတော့ အခုလို ပြန်ပြောင်းအမှတ်တရ လုပ်ရတာဟာ၊ အခုလက်ရှိ နိုင်ငံရေးအရဖြစ်နေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းကို ထိခိုက်စေလိုတဲ့ သဘောတော့မဟုတ်ပဲ ပြီးခဲ့တဲ့ ဖြစ်ရပ်တွေကို အမှန်အတိုင်း ဖော်ထုတ်လိုတာကြောင့်ဖြစ်တယ်လို့ စီစဉ်သူတဦးဖြစ်တဲ့ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ကိုဇော်မျိုးအောင်က ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ စက်မှုတက္ကသိုလ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အမှန်လေးပေါ့။ သမိုင်းကြောင်း အမှန်လေး ဖြစ်လာဖို့။ နောင်အခါမှာ ပါးစပ်ရာဇဝင် သဘောမျိုး ဖြစ်သွားမှာမျိုး စိုးရိမ်တဲ့အတွက်ကြောင့်မို့လို့
ဒီဟာကို ကျနော်တို့ ကျင်းပတာဖြစ်တယ်။ တစ်အချက်၊

နှစ်အချက်ကတော့ ကျနော်တို့ ဒီအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည်ရဲ့ အနာဂတ် လာမယ့်ပွင့်လင်းလွတ်လပ်တဲ့ ဒီမိုကရေစီရရှိဖို့ အတွက်ဆိုလို့ရှိရင် ဒီလိုအဖြစ်အပျက်တွေ၊ ဒီလိုအခမ်းအနားတွေ ကျင်းပသင့်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ကျင်းပတာပါ။

နောက်တချက်ကတော့ ကျနော်တို့ ဒီလိုအခမ်းအနားတွေကို ဆက်ခါ ဆက်ခါ ကျင်းပသွားခြင်းအားဖြင့်၊ ကျနော်တို့ နောက်မျိုးဆက်သစ်တွေပေါ့လေ။ နောက် ကျနော်တို့ RIT တင် မကပါဘူး။ ကျောင်းသား၊ တက္ကသိုလ်က မျိုးဆက်သစ်တွေက လက်ဆင့်ကမ်းသယ်ဆောင်ပြီးတော့ ဒါကို သင်္ခန်းစာယူဖို့ ၊ အတုယူဖို့ နောက်ပြင်စရာရှိတာ ပြင်ဖို့။"

မတ်လ ၁၃ ရက်နေ့ အဲဒီညက အဖြစ်အပျက်ကို အဲဒီအချိန်အစိုးရက အမှန်အတိုင်း မထုတ်ပြန်ပေးခဲ့တဲ့ အပေါ်မှာ ကျောင်းသားတွေ ဒေါသဖြစ်ပြီး ကျောင်းသား လှုပ်ရှားမှုတွေ အဆင့်ဆင့်ဖြစ်ခဲ့ရပါတယ်။ ဒီနောက်ဖြစ်လာတဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကိုလည်း စစ်အစိုးရအဆက်ဆက်က ဆူပူမှုအဖြစ်သာ သတ်မှတ်ပြောဆိုခဲ့တာပါ။

အခု နောက်ပိုင်း အရပ်သားအစိုးရသစ်လက်ထက်မှာလည်း ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့ အမှန်အတိုင်း ထုတ်ဖော်ကြေညာ အသိအမှတ်ပြုတာ မရှိသေးဘူးလို့ ဒီမိုကရေစီရေး တတ်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဒီကနေ့ အခမ်းအနားကို အန်အယ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ မတ်လ ၁၃ရက်နေ့က ကိုဖုန်းမော်နဲ့က ကိုစိုးနိုင်တို့ ကျဆုံးမှုဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုအတွက် တပ်လှန့်သံဖြစ်စေခဲ့တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

ကျောင်းသားတွေဟာ တိုင်းပြည်ရဲ့အပူမီးကို ၀ိုင်းကူငြိမ်းနေရတာကြောင့် ပညာရှာခွင့် ဆုံးရှုံးရတဲ့ အစဉ်အလာမျိုး အပြီးတိုင်အဆုံးသတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုမယ်ဆိုပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က သူ့ သ၀ဏ်လွှာထဲမှာ တိုက်တွန်း ပြောဆိုထားပါတယ်။
XS
SM
MD
LG