သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အခြေအနေရှုပ်ထွေးမှုကြောင့် ANP ညီလာခံရက်ရွှေ့


ရခိုင်အမျိုးသား ပါတီညီလာခံ ဌာနချုပ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေတာတွေကြောင့် အခုနှစ်မှာ ကျင်းပမယ့် ရခိုင်အမျိုးသားပါတီရဲ့ ပါတီ ညီလာခံ ရက်ရွေ့ဆိုင်းလိုက်ကြောင်း ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ညီလာခံကို အခုနှစ်စောပိုင်းအစား ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းလောက်မှာ ကျင်းပဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ဒုတိယအကြိမ်ကျင်းပမယ့် ရခိုင်အမျိုးသား ပါတီညီလာခံကို ရခိုင်ပြည်နယ်မှာ နိုင်ငံရေးအခြေအနေရှုပ်ထွေးတာတွေ ဖြစ်ပေါ်နေတာကြောင့် ပါတီညီလာခံ ကျင်းပတာ ကိုနောက်ဆုတ်လိုက်တာဖြစ်ပါတယ်။ မြောက်ဦး ပဋိပက္ခ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေ ပါတီရဲ့ ဥက္ကဌဖြစ်သူ ဒေါက်တာအေးမောင် ဖမ်းဆီးခံလိုက်ရတာတွေ ကြောင့် အခုလို နောက်ဆုတ်လိုက်ရတာဖြစ်ပါတယ်။

အခုလို ပါတီညီလာခံ နောက်ဆုတ်လိုက်တာနဲ့ ပတ်သက်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က အခုလိုပြောပါတယ်။

"ရခိုင်အမျိုးသားပါတီအနေနဲ့ အခုလောလောဆယ်ဖြစ်ပျက်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေတွေက တော်တော်ကိုရှုပ်ထွေးနေ တယ်။ ဖြစ်သွားတာတွေလည်း ဆရာတို့သိမှာပေါ့ မောင်တောပြသာနာတွေ မြောက်ဦးပြသာနာတွေ နောက်ကျွန်တော်တို့ပါတီရဲ့ ဥက္ကဌ ဖမ်းဆီးခံထားရတာတွေ အဲ့လိုကိစ္စတွေပေါ့။ လက်ရှိရခိုင်ပြည်နယ်ရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာ ပြီးတော့ ၂၀၁၈ ခုနှစ်မှာတော့ ဘယ်လိုနည်းနဲ့မှ ကျွန်တော်တို့ ညီလာခံလုပ်နိုင်မယ့် အခြေအနေမရှိဘူးလို့ သုံးသပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျင်းပခဲ့တဲ့ ၄,၅,၆,၇မှာ လုပ်ခဲ့တဲ့ ဒီ ဇန်န၀ါရီ ၄,၅,၆,၇မှာလုပ်ခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးကနေ ဘယ်အချိန် ဘယ်လမှာ လုပ်မယ်လို့ ဆုံးဖြတ်ချက် ချပေးခဲ့တာ မရှိခဲ့ဘူးခင်ဗျ။ အဲ့ဒါကြောင့် ကျွန်တော်တို့က ကျွန်တော်တို့ ပါတီညီလာခံကိုမလုပ်နိုင်သေးဘူးဆိုတာ ဖြစ်ပါတယ်။

မြောက်ဦးပြဿနာ မဖြစ်ခင်မှာ ပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်ဟာ ပါတီကနေ နှုတ်ထွက်ကြောင်း တရားဝင် စာတင်ထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှု နိုင်ငံတော် အကြည်ညို ပျက်စေမှု မတရားအသင်း ဆက်သွယ်မှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရပါတယ်။

၂၀၁၈ ခုနှစ်မှာ မကျင်းပနိုင်ပေမယ့် ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းမှာ ကျင်းပဖို့ ရည်ရွယ်ထားတယ်လို့လည်း ပါတီဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

"ကျွန်တော်တို့ ဒီ ၂၀၁၈ မှာလေ ပထမတော့ ၂၀၁၈ မှာ လုပ်မယ်ဆိုပြီး အဲ့သလို လျာထားခဲ့တယ်ခင်ဗျ။ ဒါပေမယ့်အခု နိုင်ငံရေး အခြေအနေ ကြောင့် ကျွန်တော်တို့ ၂၀၁၉ နှစ်ဦးပိုင်းလောက်မှာ လုပ်ဖြစ်မယ်ဆိုပြီး စဉ်းစားထားတာတော့ ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စကိုလည်း ကျွန်တော် တို့ ဗဟို ကော်မတီ အစည်းအဝေး ခေါ်ပြီးမှ ဆုံးဖြတ်ရမှာပါ။"

၂၀၁၈ ခုနှစ် မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ရခိုင်အမျိုးသားပါတီအနေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုအပေါ်မူတည်ပြီး ၀င်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်အမျိုးသားပါတီအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ နေရာပေါင်း ၇၇ နေရာကို ၀င်ရောက်ယှဉ်ပြိုင်ရာမှာ နေရာ ၅၀ ကျော်ကို အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ပါတီ ၂ ခုကွဲသွားပြီးနောက်ပိုင်း ပါတီကနေ နှုတ်ထွက်သွားတဲ့ လွှတ်တော်အမတ်တွေလည်း ရှိပါတယ်။ ပထမအကြိမ်ပါတီညီလာခံကို ၂၀၁၄ ခုနှစ်က သံတွဲမြို့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG