သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အရပ်ဖက် လူသားချင်းစာနာမှု အထောက်အကူ ပိတ်ဆို့မှု အခြေအနေ


ရခိုင်ပြည်နယ် နှစ်ဘက်တိုက်ပွဲတွေဖြစ်နေတဲ့ နေရာက စစ်ဘေးဒုက္ခသည် မြိုတိုင်းရင်းသား မိသားစု
ရခိုင်ပြည်နယ် နှစ်ဘက်တိုက်ပွဲတွေဖြစ်နေတဲ့ နေရာက စစ်ဘေးဒုက္ခသည် မြိုတိုင်းရင်းသား မိသားစု

ရခိုင်စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ် အင်နဲ့အားနဲ့ လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ပိတ်ဆို့မယ့်အစား နိုင်ငံတော်အစိုးရနဲ့ တပ်မတော်တို့ ပူးပေါင်းပြီး နည်းလမ်းရှာဖွေ ကူညီဖို့ ANP ရခိုင်အမျိုးသားပါတီက တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် မြန်မာစစ်တပ်က အရပ်သား ရခိုင်တိုင်းရင်းသားတွေအပေါ် ဖိနှိပ်မှုတွေ ပြင်းပြင်းထန်ထန်ရှိနေသလို စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးလို့ မရအောင် ပိတ်ဆို့ထားကြောင်း AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ တနင်္လာနေ့ က ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရခိုင်စစ်ဘေးဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ ANP ပါတီရဲ့ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

ဦးခိုင်ပြည်စိုး။ ။ ဘူးသီးတောင် ၊ ကျောက်ဖြူ၊ ပုဏ်နားကျွန်း ၊ ရသေ့တောင်ပေ့ါနော် ဒီနေရာ၃ ခုမှာက တိုက်ပွဲတွေ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ ၁၀ ရက်နေ့ကဆိုရင် မြောက်ဦးမှာဖြစ်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီထောက်ပံ့လို့မရဘူး။ ဒါကတော့ သေချာတယ်။ ရခိုင်အဖွဲ့အစည်းတွေလည်း အကုန်လုံးနေရာကို မရောက်နိုင်ဘူး။ ဆိုတော့ ကျနော်တို့ပါတီကတော့ အတတ်နိုင်ဆုံး ကူညီတာတွေတော့ရှိတယ်။ ဒါပေမယ့် ကျနော်တို့ကလည်း ဒီလောက်များတဲ့ ဒုက္ခသည်တွေကို ကျတော့ ကျနော်တို့လည်း မတတ်နိုင်ဘူး ။ အဲဒီတော့ ဆိုလိုတာကတော့ အခြေအနေအားလုံးသုံးသပ်ကြည့်ရင် ပိုပြီးတော့ ဆိုးလာနိုင်တဲ့ သဘောလက္ခဏာတော့ရှိတယ်။

မအင်ကြင်းနိုင်၊ ။ အဲဒီမှာ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေက ရွာတွေကနေပြီးတော့ ရွာသူရွာသားတွေပေ့ါနော် ရွာခံဒေသခံတွေ ကို စစ်တပ်နဲ့ အခုလို စစ်တပ်ကနေပြီးတော့ ဖမ်းဆီးနေတဲ့အခြေအနေတွေ က ဘယ်လောက်အထိဆိုးလဲရှင့်။ AI အဖွဲ့ထုတ်ပြန်ချက်မှာဆိုရင် ဖိနှိပ်တဲ့ဥပဒေနဲ့ ရွာသားတွေကို ဖမ်းဆီးနေတဲ့အခြေအနေက တကယ်ကို စိုးရိမ်စရာကောင်းတယ်လို့ ပြောထားပါတယ်ရှင့်။

ဦးခိုင်ပြည်စိုး။ ။ ဖမ်းဆီးတာက အခုကျတောတို့သိသလောက်လေ၊ ၃၈ ဦးရှိတယ်ခင်ဗျ။ ဒါက ကျနော်တို့ သိတာပဲရှိသေးတယ် တခြားပြောတဲ့ဟာတွေထဲမှာ ဘယ်နှစ်ဦးရှိသလဲမသိဘူး။ ကျနော်တို့က ထောင်တွေရောက်တဲ့စာရင်း၊ စစ်တွေရဲစခန်းတွေရောက်တဲ့စာရင်း ပဲသိတာကို။ ကျနော်တို့ထင်ပါတယ် တချို့ရွာတွေမှာ ခေါ်သွားတယ် ပြန်ရောက်မလာဘူး အဲဒါတွေတော့ကြားတယ်ခင်ဗျ။ ဒါပေမယ့် တိတိကျကျတော့ ကျနော်တို့ မသိဘူး။ ရှေ့တန်းတွေမှာလည်း ဖမ်းဆီးထားတဲ့ဟာတွေရှိနိုင်တယ် အဲဒီတော့ကျနော်တို့ ခန့်မှန်းတာကတော့ ၄-၅-၆၀ လောက်တော့ ဖမ်းဆီးခံထားရတာဖြစ်နိုင်တယ်လို့ ကျနော်တို့ အကြမ်းဖျင်းသုံးသပ်ပါတယ်။

မအင်ကြင်းနိုင်၊ ။ သူတို့က ဘာအမှုတွေနဲ့ ဆွဲချက်တင်ခံရသလဲ။

ဦးခိုင်ပြည်စိုး။ ။ အများဆုံးကတော့ ၁၇/၁ ဆိုတဲ့ ပုဒ်မနဲ့ ဖမ်းဆီးတာတို့တော့ရှိတာပေါ့နော်။ သို့သော် တရားစွဲတာတော့မရှိသေးဘူး။

မအင်ကြင်းနိုင်၊ ။ အခုတိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာ စစ်ဘေးဒုက္ခသည်တွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ၊ အစားအသောက်တွေ တကယ့်အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့ နေရာတွေကို အခု မြန်မာစစ်တပ်ဘက်က ပိတ်ထားတယ်ဆိုတော့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့အစည်းတွေလိုမျိုးတွေလည်း သွားလို့မရဘူးဆိုတော့ ဒီလိုအနေအထားမှာ ANP အနေနဲ့ရော ဘယ်လိုကူညီနိုင်မလဲ။ ဒုက္ခသည်တွေ အကူအညီပေးနိုင်အောင် ဘာတွေလုပ်သင့်သလဲရှင့်။

ဦးခိုင်ပြည်စိုး။ ။ ကျနော်တို့ ANP အနေနဲ့ကတော့ သွားစရာရှိရင် သက်ဆိုင်ရာဒေသကို အကြောင်းကြားတယ်။ ရခိုင်အမျိုးသားပါတီက ဒေသမှာ ရှိတယ်လေ။ တိုက်ပွဲဖြစ်တဲ့ ဒေသမှာ ရခိုင်အမျိုးသားပါတီကော်မတီဝင်တွေရှိတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် တွေရှိတယ်။ အဲဒီတော့ တချို့သော ကိစ္စ အခက်အခဲတွေရှိရင် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေကိုအကြောင်းကြားပြီးတော့ ရခိုင်အမျိုးသားပါတီအနေနဲ့ စားနပ်ရိက္ခာတွေကိုရောက်အောင်ပို့တဲ့ အနေအထားတွေရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ပို့တယ်ဆိုတာက နည်းနည်းလေးပဲ တတ်နိုင်ပါတယ်။ အဲဒီတော့ ကျနော်တို့ကတကယ့်ကို အထူးတောင်းဆိုတယ်ပေါ့နော် အင်နဲ့အားနဲ့ ကူညီနိုင်သမျှအဖွဲ့အစည်းတွေမျိုးကို များများစားစား လှူစေချင်တယ်။ လှူလို့ရအောင်လည်း ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ရင်ပိုကောင်းမယ်ဆိုတဲ့ဟာမျိုးကို ပေါ့နော် အဲဒီတော့ ဆိုလိုတာက နိုင်ငံတော်အစိုးရပိုင်းရော၊ တပ်မတော်ပိုင်းကရော စစ်ဘေးဒုက္ခသည်တွေကို အတတ်နိုင်ဆုံး နေရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် ပြီးတော့ ကူညီထောက်ပံ့ရင်တော့ အကောင်းဆုံးအနေအထားတခုကိုရောက်မယ်လို့ ကျနော်တို့ သဘောပေါက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG