သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲအရှိန်မြင့်


AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေဆဲ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြား မနေ့က မြောက်ဦးမြို့နဲ့ ကျောက်တော်မြို့နယ်တွေမှာတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ နှစ်ဖက်အဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပွါးစဉ် ဒေသခံတွေဘေးလွတ်ရာကိုတိမ်းရှောင်နေရသလို ကျောင်းနေအရွယ်ကလေးတွေ စာမေးပွဲဖြေဆိုဖို့အခက်တွေ့ နေ တယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွါးရာဒေသကို တပ်မတော်နဲ့နယ်မြေခံရဲတွေကနေ စစ် ဆေးမှုတွေလုပ်ဆောင်နေတဲ့အခြေအနေမှာရှိနေပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန် ကနေသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးနဲ့ကျောက်တော်မြို့နယ်အတွင်းမှာ ရခိုင့်တပ်မတော်နဲ့မြန်မာ့တပ်မတော်တို့အကြား မနေ့ကတနင်္ဂနွေတရက်ထဲမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့တယ်လို့AAပြန်ကြားရေးတာဝန်ခံခိုင်သုခကပြောပါတယ်။

“မနေ့ကတော့တိုက်ပွဲဖြစ်တာ နှစ်နေရာတောင်ဖြစ်တယ်ဗျာ။ ဖေဖေါ်ဝါရီ(၁၀)ရက် မနက်(၈)နာရီ(၁၀)မိနစ်အချိန်မှာ ရခိုင်ပြည်မြောက်ဦးမြို့နယ်ထိပ်ဝပြင်ရွာရဲ့အရှေ့ဖက်(၂.၅) ကီလိုမီတာအကွာမှာ အဲဒီမှာ ရန်ကုန်-စစ်တွေကားလမ်း မ “ထိပ်ဝပြင်”နဲ့ပေါက်ပင်ကွင်းရွာ”အကြားမှာ ဗမာစစ်တပ်ရဲ့ ကား(၈)စီးပါတဲ့ အဲဒီစစ်ယာဉ်တန်းကို ကျွန်တော်တို့ ရခိုင့်တပ်မတော်ကနေကြားဖြတ်တိုက်ခိုက်တာရှိတယ်။ ဖေဖေါ်ဝါရီ(၁၀)ရက်နေ့မှာဘဲ နေ့လယ်(၂)နာရီလောက်မှာ ကျောက်တော်မြို့နယ် တောင်မင်းကုလားရွာရဲ့တောင်ဖက် (၁.၅) ကီလိုမီတာအကွာအဝေးမှာ ကျွန်တော်တို့ ရခိုင့်တပ်မတော်တပ်ဖွဲ့တွေရှိတဲ့ နေရာကို အင်အား(၂၀၀)လောက်ရှိတဲ့ မြန်မာစစ်တပ်ရဲ့တပ်မ(၂၂)လက်အောက်ခံ တပ်ရင်းတရင်းကနေပြီးတော့ ဝင်ရောက်လာတဲ့အတွက်ကြောင့်မို့လို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်ဗျ။ တိုက်ပွဲမှာတော့ မြန်မာစစ်တပ်ကနေပြီးတော့ အကျဆုံးအထိခိုက်များတယ်။ ကျွန်တော်တို့ရခိုင့်တပ်မတော်ဖက်ကလဲဘဲ ရဲဘော်တဦး တိုင်းပြာ်နဲ့လူမျိုးအတွက် အသက်ပေးခဲ့ရတယ်။”

မနေ့ကဖြစ်တဲ့တိုက်ပွဲကြောင့်ချောင်းတူကျေးရွာက အမျိုးသမီးနဲ့ကလေးတွေအပါဝင်ရွာသား(၂၀၀)ခန့်စစ်ဘေး တိမ်းရှောင်နေရသလို တိမ်းရှောင်သူတွေအထဲမှာ လတ်တလောစာမေးပွဲဖြေဆိုရမဲ့ကျောင်းသားတွေရှိနေတယ်လို့ ချောင်းတူရွာသားတဦးကပြောပါတယ်။

“ဒီကလေးတို့ မိန်းမတွေလေ။ တိမ်းရှောင်ရတာ(၂၀၀)ကျော်တယ်ဗျ။ ဒီယိုးသယုတ်ပင်မဘုန်းကြီးကျောင်းမှာလေ။ အဲဒီမှာကျောင်းသားတွေလဲပါတယ်ဗျ။ ဒီနေ့အလယ်တန်းတို့စာမေးပွဲမပြီးသေးဘူးလေ။ ကလေးတွေလဲ အစုံမရှိ တော့ဘူး။ ရှောင်နေတဲ့သူတွေရှိတယ်။ အဲဒီတော့ စာမေးပွဲဖြေဖို့(၁၅၀)ကျော်လောက် အဲဒီလောက်တော့ရှိလိမ့်မယ်။ ခုနကအုပ်ချုပ်ရေးမှူးကလာပြီးတော့ သုံးဘီးနဲ့လာခေါ်လို့ပြောတယ်။”

ကျောက်တော်မြို့နယ်တောင်မင်းကုလားရွာနဲ့ချောင်းတူရွာအကြားဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် ချောင်းတူကျေးရွာ ဘက်ကို ဒီမနက်မှာ တပ်မတော်နဲ့နယ်မြေခံရဲတပ်ဖွဲ့တွေကနေ တအိမ်တက်ဆင်း ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ် နေတယ်လို့လဲအဆိုပါဒေသခံကပြောပါတယ်။

“ကန်စောက်ရဲကင်းစခန်းကစခန်းမှူးရယ် ရဲတပ်သားတချို့ရယ် သူတို့ကအိမ်ထောင်စုတွေကို စစ်ဆေးတာတွေ ဘာတွေလုပ်တယ်။ စစ်တပ်ကဘယ်လောက်ပါလဲတော့ ကျွန်တော်တို့ရွာထဲတော့အယောက်(၃၀)လောက်တော့ ရှိမယ်။ ရွာအပြင်မှာလဲရှိတယ်ဗျ။”

မြောက်ဦးနဲ့ကျောက်တော်မြို့နယ်အတွင်းမှာ ရခိုင့်တပ်မတော်နဲ့မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွါးမှု ဖြစ်စဉ်မှာ နှစ်ဖက်ထိခိုက်မှုရှိတယ်လို့AAဘက်ကပြောဆိုနေသလို ဗွီအိုအေအနေနဲ့သီးခြားအတည် မပြုနိုင်သေး ပါဘူး။

မနေ့က ကျောက်တော်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွါးမှုနဲ့ပက်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကအခုလိုပြောပါတယ်။

“မနေ့တုန်းကတော့ ကျောက်တော်နားလေးမှာ မိုင်းခွဲအတိုက်ခံမှုဖြစ်တယ်။ မနေ့က(၁၀)ရက်နေ့ကျွန်တော်တို့ မနက်(၉)နာရီလောက်မှာတော့ အဲဒီကျောက်တော်နားလေးမှာ မိုင်း(၃)လုံးထိတယ်ပေါ့။ ထိခိုက်ဒဏ်ရာရမှု တော့ မရှိပါဘူး။”

တိုက်ပွဲဖြစ်စဉ်အခြေအနေအသေးစိတ်သိရဖို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်မတော်ပြောရေးဆိုခွင့် ရှိသူ ကိုဆက်သွယ်ပေမဲ့ အဆက်သွယ်မရခဲ့ပါဘူး။

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့အကြား ဖေဖော်ဝါရီလ(၄) ရက်နေ့က ချင်းပြည်နယ် ပလက်ဝ မြို့နယ်၊”ထအို့ပီရွာ” နဲ့“ရှင်မဒိန် ရွာ”အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ အမ်းမြို့ နယ် ရှောက်ခြုံရွာ”အနီးမှာလဲ မြန်မာ့တပ်မတော်စစ်ယာဉ်တန်းကိုတိုက်ခိုက်ခဲ့တယ်လို့ AAဘက်က မနေ့က ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ထားပါတယ်။

၂၀၁၈နိုဝင်ဘာလကုန်ပိုင်းကနေ ၂၀၁၉ ဖေဖေါ်ဝါရီလအထိ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ တိုက်ပွဲ တွေဆက်တိုက်ဖြစ်ပွါးနေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်(၅)မြို့နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်ဘက်တွေမှာ စစ်ဘေးတိမ်းရှောင်နေရသူ(၇၀၀၀)ကျော်ရှိလာနေပြီး စစ်ဘေးရှောင်တွေအတွက် နေထိုင်စားသောက်ရေးမှာ အခက်တွေ့နေတယ်လို့လဲ အကူညီပေးရေးအဖွဲ့တွေကပြောပါတယ်။

ဒီလိုတိုက်ပွဲဖြစ်စဉ်အတွင်း ချင်းပြည်နယ်ပလက်ဝမြို့နယ်ကစစ်ရှောင်(၂၀၀)ကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ဘက်ကိုပါ ထွက်ပြေးသူတွေ ရှိနေတာကြောင့် သူတို့အတွက်စိုးရိမ်မိကြောင်းကိုလဲ ဒုက္ခသည်များဆိုင်ရာ ကုလ သမဂ္ဂမဟာမင်းကြီးရုံးUNHCR က ပြီးခဲ့တဲ့သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရဖက်ကတော့ တိုင်းရင်းသား ၂၀၀ လောက်ကို AA အဖွဲ့ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခေါ်ဆောင် သွားတဲ့လုပ်ရပ်ဟာ အိမ်နီးချင်းနှစ်နိုင်ငံအကြား နားလည်မှုလွဲမှားအောင် ဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG