သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအဝိုင်း ခေါ်ဆိုဖို့ သတ်မှတ်ချက်သစ် ANP ကန့်ကွက်


သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်သူတွေကို “ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအဝိုင်း” လို့ သုံးနှုန်း ပြောဆိုဖို့ မြန်မာအစိုးရက ကုလသမဂ္ဂမှာ တင်ပြတာနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီက ကန့်ကွက်လိုက်ပါတယ်။

မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်း နှစ်ဘက်ကြားမှာ အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှု ရဖို့အတွက် “ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအဝိုင်း” လို့ သုံးနှုန်းပြောဆိုဖို့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂမှာ ပြီးခဲ့တဲ့အပတ်က တင်ပြခဲ့တာဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက် အစိုးရက ဘင်္ဂါလီလို့ ခေါ်ပြီး၊ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်နေသူတွေကို “ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအဝိုင်း” လို့ သုံးနှုန်းပြောဆိုဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ ၃၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ပြီးခဲ့တဲ့အပတ်က တရားဝင် ပြောဆိုလိုက်တာပါ။

“ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအဝိုင်း” လို့ သုံးနှုန်းဖို့ မြန်မာအစိုးရရဲ့ တင်ပြမှုနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီက ဇွန်လ ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြီး ကန့်ကွက်လိုက်ပါတယ်။

ဒီကြေညာချက်ထဲမှာတော့ ရခိုင်အမျိုးသားပါတီအနေနဲ့ “ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအဝိုင်း” လို့ခေါ်ဝေါ် သုံးစွဲခြင်းကို လုံးဝ လက်မခံကြောင်း ဖော်ပြထားပြီး၊ အစိုးရအနေနဲ့ ကုလသမဂ္ဂမှာ “ရခိုင်ပြည် နယ်က မူဆလင်” လို့ သုံးနှုန်းပြောဆိုဖို့ တင်ပြတာဟာ ရခိုင်ပြည်နယ်က လူနည်းစုတွေရဲ့ ပြဿနာကို ရခိုင်တိုင်းရင်းသားတွေအပေါ် အပြစ်ပုံချလိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီ ကြေညာချက်နဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီရဲ့ ဒုဥက္ကဌ ဒေါ်အေးနုစိန်က အခုလို ပြောပါတယ်။

“ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအဝိုင်းကို သုံးနှုန်းလိုက်တာနဲ့ တပြိုင်တည်း သူတို့ရဲ့ ပင်ရင်းဒေသဟာ ရခိုင်ပြည်နယ် ဖြစ်နေစေအောင် ပုံမှားရိုက်လိုက်တဲ့သဘောလို့ ကျမတို့က ခံစားရတယ်။ ဒီလို ပုံမှားရိုက်ပြီးတော့ ဒီလို အချိန်ကိုက်တင်ပြတဲ့အချက်ဟာ ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးကိစ္စ လုပ်နေတဲ့အချိန်။ အဲဒီတော့ အဲဒီဘင်္ဂါလီတွေဟာ နိုင်ငံသားဖြစ်ခွင့် အခွင့်သာအောင် ဒီလို အချိန်ကိုက်လုပ်လိုက်တယ်လို့ ကျမတို့ ယူဆတယ်။ ဒါကြောင့် ကျမတို့ ကန့်ကွက်ရတယ်။”

ပြန်ကြားရေးဝန်ကြီးဌာနဘက်ကလည်း နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ “ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာ ကိုးကွယ်သူများ” လို့ သုံးနှုန်းဖို့ ညွှန်ကြားတဲ့ကိစ္စဟာ နိုင်ငံရေးနဲ့ဆိုင်တဲ့ ပြဿနာကို ဘာသာရေးအရ ခွဲခြားတာဖြစ်တဲ့အတွက် လက်မခံဘူးလို့ ဒေါ်အေးနုစိန်က ဆက်ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်တဲ့အချိန်နဲ့ အချိန်ကိုက် လုပ်ဆောင်မှုဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီဘက်က စွပ်စွဲပြောဆိုထားပါတယ်။ နိုင်ငံသားစိစစ်ရေးကိစ္စတွေကို လက်ရှိ အစိုးရအနေနဲ့ ဥပဒေနဲ့အညီ လုပ်ဆောင်နေတာမို့ ရခိုင်အမျိုးသားပါတီရဲ့ စွပ်စွဲမှု သက်သက်လို့ ယူဆတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ပြောပါတယ်။

“ဒါက တဘက်သတ်စွပ်စွဲတာပါ။ ဒေါ်အောင်ဆန်းစုကြည် အခုလုပ်နေတာက သူက တဘက်က ကြိုပြီးတော့ သူပြောထားတယ်။ ဒီစကားလုံးတွေကို ရှောင်ကြဉ်ပြီးတော့မှ သုံးစွဲသွားမယ်ဆိုတာ တဘက်က ပြောထားတယ်။ တဘက်က နိုင်ငံသားစိစစ်တဲ့ကိစ္စဆိုရင်လည်း ဥပဒေမှာ ပါတဲ့အတိုင်းပဲ သူလုပ်နေတာပဲ။ ဥပဒေကို ကျော်လွန်ပြီး သူလုပ်တာမရှိဘူး။ ပြီးတော့မှ အခုဆိုရင် အဲဒီ စိစစ်ပြီးတော့မှ တင်ပြတဲ့အဖွဲ့ ဖွဲ့တဲ့အပေါ်မှာလည်း တပ်မတော်သား နယ်လုံဝန်ကြီးက ဦးဆောင်ပြီးတော့မှ သူတို့ဖွဲ့စည်းပြီးတော့မှ လုပ်ကိုင်နေကြတာ။ လုပ်ကိုင်နေကြတယ် ဆိုတဲ့အခါကျတော့ ဒါက ဘာမှ အချိန်ကိုက်ပြီး လုပ်နေတဲ့အလုပ်မဟုတ်ဘူး။ တကယ်ကတော့ စွပ်စွဲတာပါ။”

ပဋိပက္ခတွေဖြစ်ပွားထားတဲ့ မတူညီတဲ့ လူမှု အသိုင်းအဝိုင်း နှစ်ခုကြားမှာ အခြေအနေတွေ ပိုပြီး မဆိုးရွားသွားအောင် လက်ရှိ အစိုးရအနေနဲ့ တင်ပြတဲ့ နည်းလမ်းက မှန်ကန်တယ်လို့ ယူဆကြောင်း ဦးစည်သူအောင်မြင့်က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအဝိုင်းနှစ်ဘက်ကြား လက်မခံနိုင်တဲ့ နာမည်အသုံးအနှုန်းကြောင့် ပဋိပက္ခ တွေမဖြစ်အောင် NLD အစိုးရအနေနဲ့ ကြိုးစားကိုင်တွယ်သွားမှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသလို ရခိုင်ပြည်နယ်က အသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာတွေကို ဖြေရှင်းဖို့အတွက် လုံလောက်တဲ့ အချိန်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့လက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG