သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငှက်ဖျားရောဂါပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်းရှင်တွေဆောင်ရွက်


ကရင်ကလေးငယ်တစ်ဦး ငှက်ဖျားရောဂါပိုး ရှိမရှိ စစ်ဆေးနေစဉ်။
ကရင်ကလေးငယ်တစ်ဦး ငှက်ဖျားရောဂါပိုး ရှိမရှိ စစ်ဆေးနေစဉ်။
မြန်မာနိုင်ငံရဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးမှာ ဝေဒနာသည်တွေ ဆေးယဉ်ပါးနေတာဟာ မြန်မာ့စီးပွားရေးကိုပါ ထိခိုက်နေတဲ့အတွက် ဒီကိစ္စကို ဖြေရှင်းသွားရေးမှာ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးတွဲပြီးတော့ ဆောင်ရွက်သွားနိုင်ရေး နိုဝင်ဘာလ (၂၅) နဲ့ (၂၆) ရက်နေ့တွေမှာ ၂ ရက်ကြာ ဆွေးနွေးပွဲတွေ ပြုလုပ်နေပါတယ်။ ဒီအကြောင်းကိုတော့ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြပေးထားပါတယ်။

ဒီဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ အာရှ-ပစိဖိတ်ဒေသတွင်း ငှက်ဖျားရောဂါအဖြစ်များဆုံး နိုင်ငံ စာရင်းဝင်နေတဲ့ မြန်မာနိုင်ငံမှာ အလုပ်သမားထုထဲ ရောဂါကူးစက်မှု ကာကွယ်နိုင်ဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဘက်က ပူးပေါင်းဆောင်ရွက်နိုင်တဲ့နည်းလမ်းတွေ ရှာဖွေဖို့ ဖြစ်ပါတယ်။ ငှက်ဖျားရောဂါဟာ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ကိစ္စသက်သက်တင်မဟုတ်ဘဲ နိုင်ငံရဲ့စီပွားရေးလုပ်ငန်း တိုးတက်ဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းခွင်တွေမှာပါ ထိခိုက်လာနေတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ ဘက်က တာဝန်သိသိ ပူးပေါင်း ဆောင်ရွက်ဖို့ ကတိကဝတ်နည်းလမ်းတွေ သတ်မှတ်နိုင်ရေးအတွက် ငှက်ဖျားရောဂါဆေး ယဉ်ပါးမှု ထိန်းချုပ်နိုင်ရေးဆွေးနွေးပွဲကို ကျင်းပတာဖြစ်တယ်လို့ ဦးဝင်းအောင်က ဆိုပါတယ်။

“ငှက်ဖျားရောဂါဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်တွေ၊ အထူးသဖြင့်တော့ နယ်တွေ၊ တောတွေမှာ ဆောင်ရွက်ရတဲ့ လုပ်သားတွေမှာ အများဆုံး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဲဒီမှာ ပိုပြီးတော့မှ နောက်တဆင့် အခုအနေအထားသည် Drug Resistant ပေါ့နော်၊ အရိပ်လက္ခဏာတွေလည်း တချို့နိုင်ငံတွေမှာ စတင်တွေ့ရှိနေရပြီ။ နောက် မြန်မာနိုင်ငံထဲကိုလည်း ဒီလိုကိစ္စတွေ ဖြစ်ပေါ်လာနိုင်တဲ့အနေအထားတွေလည်း ရှိနေတာ ဖြစ်တဲ့အတွက် ကျနော်တို့လုပ်သားတွေရဲ့ ကျန်းမာရေးနဲ့နွယ်ပြီးတော့မှ လုပ်ငန်းခွင်ရဲ့ Productivity တွေကိုပါ ထိခိုက်ပြီးတော့ စနစ်တကျနဲ့ မိမိရဲ့လုပ်ငန်းခွင်တွေမှာ လုံလောက်တဲ့ ကျန်းမာရေးပညာပေးမှု ကိစ္စတွေ၊ နောက်တစ်ခါ ဆရာဝန် လိုအပ်ရင် ဆရာဝန်၊ ဆေးမှူးလိုအပ်ရင်ဆေးမှူး -စသဖြင့် ဒီလို ငှက်ဖျားရောဂါ ရှိတဲ့ဒေသတွေမှာ လုပ်နေတဲ့လုပ်ငန်းရှင်တွေအတွက် မိမိတို့ရဲ့လုပ်သားတွေ အတွက်ကို တာဝန်ရှိရှိနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီးတော့မှ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။”

စစ်တမ်းကောက်ယူချက်တွေအရ မြန်မာနိုင်ငံမှာ တနှစ်ကို ငှက်ဖျားရောဂါ ဝေဒနာခံစားနေရသူ အရေအတွက် လေးသိန်းနီးပါးလောက်ရှိနေတယ်လို့ ဆိုပါတယ်။ ငှက်ဖျားရောဂါနဲ့ပတ်သက်ရင် ကမ္ဘာမှာရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတခုက ငှက်ဖျားဆေးယဉ်ပါးလာပြီး ရောဂါပျောက်ကင်းအောင် ကုသဖို့ ခက်ခဲလာနေတာပါ။ ဒါကို ထိန်းချုပ်နိုင်ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတယ်လို့ နိုင်ငံတကာငှက်ဖျားရောဂါ တိုက်ဖျက်ရေး အဖွဲ့အစည်းတခုဖြစ်တဲ့ နယူးယောက် အခြေစိုက် The Roll Back Malaria Partnership ရဲ့ ဒုတိယအမှုဆောင် ညွန်ကြားရေးမှူး Thomas Teuscher က ပြောပါတယ်။

“မဲခေါင်မြစ်ဝှမ်းဒေသက အချို့နေရာတွေမှာ ငှက်ဖျားဆေး ထိရောက်မှု နည်းလာတာ တွေ့လာရပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းအရဆိုရင်လည်း ငှက်ဖျားဆေးယဉ်ပါးလာတဲ့အဆင့် ဘယ်လောက်ထိ ရောက်နေလဲဆိုတာ ကျနော်တို့ သေသေချာချာမသိရသေးပါဘူး။ အထူးသဖြင့် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်တဲ့လုပ်ငန်းအလွန်မှ အားနည်းနေတာကြောင့်ပါ။ တကယ့်ကို စိတ်မကောင်းစရာပါ။ ဒါဟာ တနိုင်ငံကနေ အခြားနိုင်ငံကို ဆေးယဉ်ပါးလာတဲ့အခြေအနေကူးစက်ဖို့ အကြောင်းရင်းတွေပါ။ ဒါကြောင့် နယ်စွန်နယ်ဖျားမှာ အကြီးစားလုပ်ငန်း အဆောက်အဦး တည်ဆောက်မှုတွေ ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်တွေဘက်က ဒီရောဂါအန္တရာယ်နဲ့ပတ်သက်လို့ သိရှိနားလည်ပြီး ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။”

ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းဖို့ကြိုးစားနေတဲ့မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆွေးနွေး ပြောဆိုတဲ့အခါမှာ ပွင့်လင်းမြင်သာမှုတွေ ရှိနေတာဟာ အားသာချက်တခု ဖြစ်တယ်လို့ Thomas Teuscher က ပြောပါတယ်။

“အဓိကစိန်ခေါ်မှုကတော့ ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်လို့ အခမဲ့ဝန်ဆောင်မှု ပေးတဲ့နေရာမှာ အခက်အခဲတွေရှိနေတာပါ။ ဒါကြောင့် လုပ်ငန်းခွင်တွေမှာ ကောင်းမွန်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ အရှိန်အဟုန်နဲ့ တိုးတက်လာဖို့ အလုပ်ဆေးခန်းတွေကို တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိနေတာပါ။ အစိုးရဘက်ကလည်း လုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ စူးစမ်း လေ့လာနေရတဲ့ အချိန်လည်းဖြစ်နေပါတယ်။”

ငှက်ဖျားရောဂါကို ထိရောက်ရောက်ကုသနိုင်ဖို့ Artemisinin လို့ခေါ်တဲ့ ACTs ဆေးတွေယဉ်ပါးလာနေတာကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်ကြဖို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ် WHO က ထုတ်ပြန် ကြေညာထားတာပါ။ ဒီငှက်ဖျားဆေး ယဉ်ပါးမှု ထိန်းချုပ်ဖို့ အောင်မြင်ရေးမှာ အသိပညာပေးရေးအပိုင်းကလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့လည်း ဦးဝင်းအောင်က ပြောပါတယ်။

မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က ငှက်ဖျားရောဂါလျော့နည်းရေး ဗျူဟာတွေမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပညာရှင်တွေ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အလှူရှင်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲကို နှစ်ရက်တာကျင်းပတာဖြစ်ပါတယ်။
XS
SM
MD
LG