သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ် မြန်မာ အမြန်ဆုံးရေးထိုးဖို့ တိုက်တွန်း


ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးနေ့အထိမ်းအမှတ် (ဓါတ်ပုံ-ခိုင်စိုးဦး)
ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးနေ့အထိမ်းအမှတ် (ဓါတ်ပုံ-ခိုင်စိုးဦး)

ကမ္ဘာ့ ကုလသမဂ္ဂ ရဲ့ ၁၉၈၄ခုနှစ်မှာ စတင်ပြဌာန်းလိုက်တဲ့ ညှဉ်းပန်းနှိပ်စက်မှု နှင့်အခြား ရက်စက်လူမဆန်သော (သို့မဟုတ်) လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု (သို့မဟုတ်) ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ်ကို မြန်မာနိုင်ငံအနေနဲ့ အမြန်ဆုံးရေးထိုးနိုင်ဖို့ လိုတယ်လို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မည်သည့် ညှဉ်းပန်းနှိပ်စက်မှုမျိုးကိုမဆို တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက် ဖို့လိုနေသေးတယ်လို့လည်း မနေ့က ပြုလုပ်တဲ့နှိပ်စက်ခံရသူများအား အားပေးကူညီတဲ့ နိုင်ငံတကာနေ့ အခမ်းအနားမှာ ထောက်ပြကြတာပါ။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးသွားမှာပါ။

မြန်မာနိုင်ငံအနေနဲ့ ညှင်းနှိပ်စက်တာမျိုးတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာမျိုးတွေ လျော့နည်းလာစေဖို့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ဆန့်ကျင့်တဲ့ ကုလသမဂ္ဂစာချုပ် (UNCAT)ကို အမြန်ဆုံးလက်မှတ်ထိုးပြီး ပြည်တွင်းကဥပဒေတွေကိုလည်း ပြုပြင်ပြောင်းလဲရမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ကိုအောင်မျိုးကျော်က မနေ့က ပြုလုပ်တဲ့နှိပ်စက်ခံရသူများအား အားပေးကူညီတဲ့ နိုင်ငံတကာနေ့ အခမ်းအနားမှာ ပြောပါတယ်။

“အဓိက ညှဉ်းပန်းနှိပ်စက်မူတွေကိုပပျောက်ဖို့အတွက်က ပထမဦးဆုံးအလွယ်ကူဆုံးဖြစ်တာကတော့ UNCAT ကို လက်မှတ်ထိုးလိုက်ဖို့လိုပါတယ်။ UNCAT ကို လက်မှတ်ထိုးလိုက်ပြီးတဲ့အခါမှာ သူ့အထဲမှာပါတဲ့ အချက်တွေအတိုင်း ပြည်တွင်းဥပဒေထဲမှာ လိုက်ပြီးတော့ ပြင်ဆင်ဖို့လိုပါတယ်။ ပြီးတဲ့အခါမှာ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းဥပဒေထဲမှာညှဉ်းပန်းနှိပ်စက်မူ မကျူးလွန်ရဘူးဆိုတဲ့ ဥပဒေတွေက ရှိထားပြီးသားပါ။ အဲဒီမှာ ထပ်ပြီးတော့ တချို့အပိုင်းလေးတွေ ပြင်ဆင်ဖို့လိုတာတွေ ပြင်ဆင်ရမယ်။ တချို့ဖြုတ်ရမယ့်ဟာတွေ ဖြုတ်ပစ်ရမယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံက ဒီအုပ်ချုပ်တဲ့သူတွေ ၊ အာနာပိုင်အဖွဲ့အစည်းတွေက ညှဉ်းပန်းနှိပ်စက်မူတွေကို ကျူးလွန်နေဆဲပဲဖြစ်တယ်။ ညှဉ်းပန်းနှိပ်စက်မူကိုပြောမယ်ဆိုရင် ကျနော်တို့ အစိုးရတခုတည်းကိုပြောနေလို့ မရဘူး၊ စစ်တပ်တခုတည်းကို ပြောနေလို့မရဘူး။ အလားတူ ညှဉ်းပန်းနှိပ်စက်မူကျူးလွန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုယ်တိုင်ကလည်း ဒီညှဉ်းပန်းနှိပ်စက်မူတွေကို မကျူးလွန်ဖို့အတွက် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့လိုအပ်တယ်။ လက်ရှိအနေအထားမှာဆိုရင် UNCAT ကို လက်မှတ်ထိုးလိုက်ပြီးတော့ ပြည်တွင်းဥပဒေတွေကို ပြုပြင်သင့်တာပြုပြင်မယ်။ ပြောင်းလဲသင့်တာတွေ ပြောင်းလဲမယ်၊ ထပ်ဖြည့်သင့်တာတွေ ထပ်ဖြည့်မယ်။ ပြီးတော့ ဒီဥပဒေတွေကို လိုက်နာမယ်ဆိုရင် ကျနော်တို့နိုင်ငံက ညှဉ်းပန်းနှိပ်စက်မူတွေ တဖြည်းဖြည်းနဲ့ လျှော့နည်းသွား ပြီးတော့ တချိန်မှာတော့ ညှဉ်းပန်းနှိပ်စက်မူတွေပပြောက်သွားတဲ့ လုံးဝမရှိတော့တဲ့ နိုင်ငံတနိုင်ငံအဖြစ် နိုင်ငံတကာအလယ်မှာ မျက်နှာဘန်းလှမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားတဲ့ ညှဉ်းပန်းနှိပ်စက်မှူတွေကို နီးစပ်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကနေတစ်ဆင့် တိုင်ကြားနိုင်ပီး ထိရောက်တဲ့ ပစ်ဒဏ်တွေချမှတ်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။

“မျက်မှောက်ခေတ်ကာလမှာ ကျနော်တို့ ထင်ထင်ရှားရှားတွေ့ရတဲ့ ၁၉၈၈ အရေးတော်ပုံကာလဆိုရင် ဘယ်သူမှ ထုတ်ဖော်ပြောကြားလို့မရပါဘူး။ အားလုံးဟာ ကိုယ်စီ ကြိတ်မှိတ်ပြီးတော့ ခံခဲ့ရတာဆိုရင်ကြေကွဲစရာအဖြစ်ဆိုးနဲ့ ကျနော်တို့ ကြုံခဲ့ရပါတယ်။ အခုလိုပြောင်းလဲလာတဲ့ အခြေအနေတရပ်မှာ ကျနော်တို့ ဒါတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောကြားလို့ရပါပြီ။ နောက်တခုက အစိုးရအနေနဲ့လည်း တတ်နိုင်သမျှကို အရေးယူဆောင်ရွက်မှုတွေကို ဆောင်ရွက်ပေးနေပါပြီလို့ ကျနော်ဒီနေရာကနေ အသိပေး ပြောကြားလိုပါတယ်။ အဲဒီတော့ ကိုယ့်နေရာ ၊ ကိုယ့်ဒေသမှာ ဒီလိုမျိုးတွေ ပေါ်ပေါက်လာတယ်ဆိုရင် ကျနော်တို့ အဓိကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အသိပေးအကြောင်းကြားလို့ရပါတယ်။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အသိပေးအကြောင်းကြားလို့ရပါတယ်။ အဲဒီကနေမှတဆင့် ကျနော်တို့က ထိရောက်တဲ့ ပြစ်ဒဏ်တွေပေးဖို့၊ ထိရောက်တဲ့ ဥပဒေတွေကို ဆောင်ရွက်ဖို့ဆိုတာက ကျနော်တို့ တဆင့်ပြီးတဆင့် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ လက်ရှိမကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက UNCAT စာချုပ်လက်မှတ်ရေးထိုးဖို့ အဆိုတင်သွင်းရာမှာ အောင်မြင်ခဲ့ပေမယ့် လည်း ယနေ့အချိန်ထိတော့ လက်မှတ်မရေးထိုးနိုင်သေးပါဖူး။

အစိုးရအနေနဲ့ UNCAT လက်မှတ်ကို အမြန်ဆုံးရေးထိုးနိုင်ဖို့ကိုတော့ လွှတ်တော်ကနေ အဆိုတင်သွင်းပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကိုအောင်မျိုးကျော်ကပြောပါတယ်။

“စာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့အတွက်ကို ကျနော်တို့အဓိကတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ UNCAT သတ်သတ် ဆွေးနွေးရတာမရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့ အကျဉ်းထောင်ဥပဒေဟာမျိုးတွေ အခြားကိစ္စတွေနဲ့ လွှတ်တော်ကိုသွားတဲ့အခါမှာ လွှတ်တော်ကနေ UNCAT လက်မှတ်ကို အစိုးရအနေနဲ့လက်မှတ်ထိုးနိုင်ဖို့ ကိစ္စကိုလုပ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြောနေဆိုနေ တာတော့ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်း UNCATကို လက်မှတ်ထိုးဖို့ ကိစ္စက မူအားဖြင့်သဘောတူထားပြီးသားပါ။ UNCATက အရင်လွှတ်တော် သက်တမ်းမှာတုန်းက ကျနော်တို့တွေ ဒီလက်ရှိမကွေးတိုင်းဝန်ကြီးချုပ်ဖြစ်နေတဲ့ ဒေါက်တာအောင်မျိုးညှိက UNCATကို လက်မှတ်ထိုးဖို့ အဆိုတင်တဲ့အခါမှာ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တယ်။ အဲဒီမှာ အောင်မြင်ခဲ့တယ်။ အစိုးရကလည်း ဒါကိုလက်မှတ်ထိုးမယ်ဆိုပြီး ကတိပေးခဲ့တယ်။ ဒါပေမယ့် ယနေ့အချိန်အထိ UNCATကို လက်မှတ်မထိုးနိုင်သေးဘူး။ ဆိုတော့ အဲဒီအောင်မြင်ထားတဲ့ အဆိုကိုပဲ ဆက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရကို ဆက်ပြီးမေးခွန်းမေးတာတွေ၊ အဆိုတင်တာတွေနဲ့ ဆက်ပြီးတော့ လုပ်နိုင်ဖို့အတွက်ကို ကျနော်တို့ကြိုးစားဆောင်ရွက်သွားမှာပါ။”

အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်သူများ ပပျောက်ရေးနေ့ အခမ်းအနားး အထိမ်းအမှတ်ပွဲကိုတော့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာကျင်းပခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG