သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောက်လှမ်းရေးမိုးပျံပူဖေါင်း ကန်ဝေဟင်ပိုင်နက်ကို ထပ်မလွှတ်ဖို့ တရုတ်ကို ကန်သတိပေး 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး   Wang Yi (ယခင်မှတ်တမ်းဓာတ်ပုံ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး   Wang Yi (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ဂျာမနီနိုင်ငံ မြူးနစ်မှာကျင်းပနေတဲ့ လုံခြုံရေးဆိုင်ရာညီလာခံကိုတက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ စနေနေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့တွေ့ဆုံပြီး အမေရိကန်ဝေဟင်ကို တရုတ်က ထောက်လှမ်းရေးမိုးပျံပူဖေါင်း လွှတ်တင်တာမျိုး ထပ်မလုပ်ဖို့ ပြောကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက တွေ့ဆုံပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှုဆိုင်ရာ ဘယ်လိုချိုးဖေါက်မှုကိုမှ လက်ခံမှာမဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သလို အတော်မြင့်မားတဲ့ဝေဟင်မှာပျံသန်းတဲ့ တရုတ်ရဲ့ထောက်လှမ်းရေး မိုးပျံပူဖေါင်းအစီအစဉ်ဟာ ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှာရှိတဲ့ နိုင်ငံပေါင်း ၄၀ ကျော်ရဲ့ ဝေဟင်ပိုင်နက်တွေကို ကျူးကျော်ပျံသန်းခဲ့ကြောင်း ကမ္ဘာကသိရှိခဲ့တာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့ပြင် အမေရိကန်ရဲ့အရေးယူဒဏ်ခတ်မှုတွေကို စနစ်တကျရှောင်တိမ်းတာ ဒါမှမဟုတ် ရုရှားကို ပစ္စည်းဆိုင်ရာ တရုတ်ကပံ့ပိုးပေးတာမျိုးလုပ်ခဲ့မယ်ဆိုရင် နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ၊ အကျိုးဆက်တွေကိုရင်ဆိုင်ရဖို့ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ဝန်ကြီး Blinken က သတိပေးခဲ့တယ်လို့လည်း ပြောခွင့်ရ Price က ပြောပါတယ်။

အမေရိကန် တရုတ် ၂ နိုင်ငံကြား တင်းမာမှုတွေ လျော့ပါးအောင် ကြိုးစားနေကြတာဖြစ်ပြီး ခေါင်းဆောင် ၂ ဦးကတော့ လျှို့ဝှက်တနေရာမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ်ကလွှတ်တင်တဲ့ ထောက်လှမ်းရေးမိုးပျံပူဖေါင်းကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က ဝန်ကြီး Blinken က တရုတ်နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းခဲ့တဲ့နောက် အခုလို မြူးနစ် လုံခြုံရေးညီလာခံ တက်ရောက်ချိန်မှာ သီးသန့်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ညီလာခံတက်ရောက်လာတဲ့ အမေရိကန်ဒုသမ္မတ Kamala Harris ကတော့ ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ဆင်နွဲချိန်ကစပြီး တရုတ်အစိုးရရဲ့ ရုရှားနဲ့ ဆက်ဆံရေး ပိုနက်ရှိုင်းမှုအပေါ် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း စနေနေ့ မနက်ပိုင်းက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]








XS
SM
MD
LG