လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်တွေ ရရှိဖို့ ရည်ရွယ်ကျင်းပတဲ့ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးအစည်းအဝေးပွဲတွေ တနင်္ဂနွေနေ့ကပဲ အဆုံးသတ်သွားခဲ့ ပါတယ်။ ဆွေးနွေးပွဲတွေ အဆုံးသတ်ချိန်မှာ စီးပွားရေး၊ ကုန်သွယ်မှုတွေ တိုးမြှင့်ဖို့ သဘောတူညီမှုတွေ ရရှိခဲ့ကြပေမဲ့လည်း လက်တွေ့အားဖြင့် အကောင်အထည်ဖော် ကျင့်သုံးနိုင်မယ့် အခြေအနေတွေနဲ့ကတော့ အလှမ်းဝေးနေဆဲပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက်တွေ ဖြစ်ကြတဲ့ Akiko Fujita နဲ့ Dan Robinson တို့ရဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ APEC ညီလာခံမှာ ဆွေးနွေးခဲ့ကြတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့က အာရှပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (APEC) ရဲ့ ၂ ရက်ကြာ ထိပ်သီးအစည်းအဝေးပွဲ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အဆုံးသတ်ချိန်မှာတော့ လွတ်လပ်စွာကုန်သွယ်ရေး ဇုန်နယ်မြေတခု ထူထောင်ဖို့ ကြေညာ လိုက်ကြပါတယ်။ အဖွဲ့ဝင် ၂၁ နိုင်ငံကြား လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်နယ်မြေ ဖန်တီးသွားဖို့ ဒီလို သဘောတူညီမှု ရခဲ့ပေမဲ့လည်း အချိန်အတိအကျ သတ်မှတ်နိုင်တာမျိုး မရှိခဲ့သလို နောက်ထပ် ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ဖို့သာ ပြောခဲ့ကြတာပါ။
ပစိဖိတ်နိုင်ငံတွေကြား ကုန်သွယ်မှုတွေ တိုးချဲ့ရေးကို ဖိအားပေး တိုက်တွန်းနေသူတွေထဲမှာတော့ အမေရိကန် ဦးဆောင်ပါဝင်နေတာ ဖြစ်သလို ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ခဲ့တဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ကလည်း ဒီကိစ္စတွေကိုပဲ အဓိကအာရုံစိုက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ပြည်ပပို့ကုန် ၆၀ ရာခိုင်နှုန်းဟာ အာရှ ပစိဖိတ် ဒေသကို တင်ပို့နေတာဖြစ်သလို ရှေ့လာမယ့် ၅ နှစ်အတွင်း အာရှတိုက်ရဲ့ စီးပွားရေးဟာ ၅၀ ရာခိုင်နှုန်း တိုးလာမယ်လို့ မျှော်လင့် ထားကြတာမို့ စီးပွားရေးဖွံ့ဖြိုးမှုဟာ အမေရိကန်နဲ့ အာရှအတွက် အကျိုးဖြစ်ထွန်းမယ့် ယှဉ်ပြိုင်မှုတွေ ထွက်ပေါ်လာမှာ ဖြစ်တဲ့ အကြောင်းလည်း သမ္မတ က APEC ခေါင်းဆောင်တွေကို ပြောဆိုလိုက်တာပါ။
“ဒီခရီးစဉ်တလျှောက်လုံး ကျနော် ပြောခဲ့တာကတော့ ၂၁ ရာစုနှစ်ထဲမှာ ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး ဒါမှမဟုတ်ရင်လည်း စီးပွားရေး ဖွံ့ဖြိုးမှုတွေဟာ နိုင်ငံတနိုင်ငံအပေါ် အမြတ်ထုတ်ပြီး တခြားတနိုင်ငံက ကြီးပွားချမ်းသာတဲ့ အကြွင်းမဲ့ ကစားနည်းမျိုး မဟုတ်ဘူး ဆိုတာပါပဲ။ တကယ်တော့ အတူတကွ လက်တွဲပြီး အလုပ်လုပ်သွားကြမယ်ဆိုရင်၊ ကျနော်တို့ရဲ့ စီးပွားရေးဆက်ဆံမှုတွေ တောင့်တင်းခိုင်မာပြီး နိုင်ငံအားလုံးအတွက် အကျိုးရှိနိုင်ကြမှာ ဖြစ်ပါတယ်။”
ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တွေ ရရှိဖို့ကတော့ APEC ထိပ်သီးအစည်းအဝေးပွဲမှာ အဓိက ကိစ္စရပ် တခုပါ။ ဂျပန်နိုင်ငံအပါအဝင် ပစိဖိတ် ဒေသ ၉ နိုင်ငံက ကုန်တင်သွင်းမှုတွေအပေါ် အခွန်အတုပ် စည်းကျပ်မှုတွေကို ဖယ်ရှားတဲ့ ပစိဖိတ်ဒေသ နိုင်ငံများအဖွဲ့တခု ဖန်တီးသွားဖို့ အမေရိကန် ပြည်ထောင်စုက ဦးဆောင် တိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။ ပစိဖိတ်ဒေသ ၉ နိုင်ငံ ကုန်သွယ်ရေးအဖွဲ့ ဖန်တီးရေးဟာ APEC နိုင်ငံတွေ အားလုံးပါဝင်တဲ့ သဘောတူညီမှုတွေ ရရှိရေးအတွက် ပထမခြေလှမ်းတရပ် ဖြစ်မယ်လို့လည်း သမ္မတ အိုဘားမား က ပြောဆိုခဲ့တာပါ။
ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်လာတဲ့ ဒေသတွင်း ခေါင်းဆောင်တွေကို မိန့်ခွန်းစကားပြောဆိုရာမှာတော့ ရှေ့လာမယ့် ၅ နှစ်အတွင်း အမေရိကန်ရဲ့ ပြည်ပပို့ကုန် ပမာဏကို ၂ ဆတိုးနိုင်ဖို့ ရည်ရွယ်ထားကြောင်းကိုလည်း အလေးထား ပြောသွားခဲ့တာ ဖြစ်ပါတယ်။
“အမေရိက အတွက်ကတော့ ဒါဟာ အလုပ်အကိုင်ရရှိရေး နည်းဗျူဟာ ဖြစ်ပါတယ်။ ပြည်ပပို့ကုန် အမေရိကန် ဒေါ်လာ သန်း ၁,၀၀၀ ဘိုး ရောင်းရတိုင်း တိုင်းပြည်မှာ အလုပ်အကိုင်ပေါင်း ၅,၀၀၀ ရရှိစေမှာပါ။ ပြည်ပပို့ကုန်တွေက ရလာတဲ့ အလုပ်အကိုင်တွေကနေ ပျမ်းမျှ နိုင်ငံတော်အဆင့်ရတဲ့ ဝင်ငွေထက် ၁၈ ရာခိုင်နှုန်းအထိ ရှိပါတယ်။”
ဂျပန်ဝန်ကြီးချုပ် Naoto Kan ကတော့ ပစိဖိတ် ဒေသ ၉ နိုင်ငံ ပူးတွဲဆောင်ရွက်ရေး အဆိုပြုချက်နဲ့ ပတ်သက်လို့ စတင် ဆွေးနွေးလိုကြောင်းနဲ့ ဂျပန်နိုင်ငံ အနေနဲ့ သိသိသာသာ လမ်းဖွင့်ပေးဖို့အတွက် အဆင်သင့်ရှိနေကြာင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေမှာ ဈေးနှုန်းတွေ ကျဆင်းကုန်မယ်ဆိုပြီး စိုးရိမ်နေကြသူတွေရဲ့ ကန့်ကွက်မှုတွေ ရှိနေတာကြောင့် အဆိုပြုချက်ကို အတည်ပြုလက်ခံဖို့ အတွက်ကိုတော့ ဂျပန်နိုင်ငံက လက်တွန့်နေတာပါ။
“ပစိဖိတ် ပူးတွဲဆောင်ရွက်ရေး သဘောတူညီချက်ဟာ ဒီအထဲမှာ ပါဝင်တဲ့ နိုင်ငံ ၉ နိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် သင်္ကေတတခု ဖြစ်လာနေပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ ဒါကို သဘောတူ လက်မှတ်ရေးထိုးတာမျိုး မရှိသေးပေမဲ့၊ ဒါကို ဘယ်လို မှန်မှန်ကန်ကန် အကောင်အထည် ဖော်သွားမလဲ ဆိုတာကို ဆုံးဖြတ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ တွေ့ဆုံရေးကို ပြင်းပြင်းထန်ထန် စီစဉ်နေပါတယ်။”
APEC ထိပ်သီးအစည်းအဝေးပွဲအပြီး ကြေညာချက်မှာ ဒေသတွင်း စီးပွားရေး အင်အားကောင်းလာအောင် လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကိုလည်း ကြေညာခဲ့သလို နိုင်ငံခေါင်းဆောင်တွေကလည်း ချိန်ခွင်လျှာညီမျှပြီး နက်ရှိုင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရရှိဖို့ကို အလေးထားပြောဆိုခဲ့ပါတယ်။ ပြည်တွင်းမှာ လုပ်ခလာစာတွေ တိုးလာစေဖို့နဲ့ ပြည်တွင်း ဝယ်လိုအား ကောင်းလာစေရေးအပေါ် အာရုံစိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ရှေ့လာမယ့် ၃ နှစ်အတွင်း ကုန်သွယ်မှုတွေအပေါ် အဟန့်အတား ဖြစ်နေတာတွေကို တားဆီးဖို့နဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်မှုတွေကို တိုက်ဖျက်သွားကြဖို့လည်း ကတိပြုခဲ့ကြတာပါ။ ကမ္ဘာနဲ့အဝန်း ကုန်သွယ်ရေးတွေ တိုးမြှင့်နိုင်ရေး အတွက်ကိုတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရဲ့ ဒိုဟာမြို့ အစည်းအဝေးပွဲမှာ အပြီးသတ် ဆွေးနွေးနိုင်ဖို့လည်း ရည်မှန်းခဲ့ကြပါတယ်။
တကယ်တော့ APEC အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပျမ်းမျှ ကုန်ထုတ်လုပ်မှု ပမာဏဟာ တကမ္ဘာလုံးရဲ့ ထုတ်လုပ်မှု ထက်ဝက်ကျော် ရှိနေတာမို့၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေး သဘောတူညီမှု အသစ်တွေ ရရှိခဲ့တဲ့အတွက် သိသာတဲ့ တိုးတက်မှု တခုလို့ ဆိုရမှာပါ။ ဒါပေမဲ့လည်း အဖွဲ့ဝင်နိုင်ငံတွေကြား ငွေကြေးဆိုင်ရာ မူဝါဒတွေ၊ နိုင်ငံချင်းအလိုက် ဆက်ဆံရေးတွေမှာ မပြေမပြစ် ဖြစ်နေရတဲ့ ကိစ္စတွေကလည်း စိမ်ခေါ်မှုတွေအဖြစ် ရှိနေဆဲပါ။
ဒါပေမဲ့လည်း ကုန်သွယ်ရေးမှာ ပိုငွေပြနေတဲ့အထိ ကုန်သွယ်မှုတွေမှာ အသာစီးရစေဖို့ ယွန်ငွေတန်ဘိုးကို ရှိသင့်တာထက် လျှော့ချထားတယ်လို့ စွပ်စွဲခံနေရတဲ့ တရုတ်နိုင်ငံက ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်လာတဲ့ သမ္မတ ဟူဂျင်တောင်း ကတော့ နိုင်ငံတကာနဲ့ အတူတကွ ပူးတွဲ အလုပ်လုပ်ဖို့ ကတိပြု ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖွံ့ဖြိုးတိုးတက်လာနေတဲ့ ဈေးကွက်တွေဟာ အတိမ်းအစောင်း မခံတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်တာမို့ သူတို့နိုင်တဲ့ဝန်ထက် ပိုပြီးတာဝန်ယူဖို့ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေက မတောင်းဆိုသင့်ဘူးလို့ သူက သတိပေး ပြောဆိုခဲ့တာပါ။
“နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ အာရှ-ပစိဖိတ် ဒေသက ပေါ်ထွန်းစဈေးကွက်တွေကို၊ သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်၊ တိုင်းပြည် အခြေအနေနဲ့ ဖွံ့ဖြိုးမှုအဆင့်အတန်းအပေါ် အခြေခံပြီး နိုင်ငံတကာရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ တိုက်တွန်းသင့်ပါတယ်။”
APEC ထိပ်သီးအစည်းအဝေးပွဲ မတိုင်မီကလေးမှာပဲ ကျင်းပပြီးစီးသွားတဲ့ စက်မှုထွန်းကားတဲ့ နိုင်ငံပေါင်း (၂၀) G-20 အဖွဲ့ရဲ့ ဆွေးနွေးပွဲတွေမှာလည်း အလားတူ သဘောထား မတိုက်ဆိုင်မှုတွေကို တွေ့မြင်ခဲ့ကြရတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုလို ပြည်ပက ကုန်တင်သွင်းနေတဲ့ နိုင်ငံတွေရဲ့ ကုန်သွယ်မှုတွေမှာ အကြီးအကျယ် လိုငွေပြနေချိန်မှာ၊ တရုတ် ဂျာမဏီတို့လို ပြည်ပကုန်တင်ပို့နေတဲ့ နိုင်ငံတွေရဲ့ ကုန်သွယ်မှု ပမာဏမှာတော့ ပိုငွေတွေပြနေတာလို ဘက်မညီမျှ ဖြစ်နေရတာတွေကို ဖြေရှင်းဖို့ ဆွေးနွေးရာမှာ သဘောထား ကွဲလွဲမှုတွေ ကြီးကြီးမားမား ရှိခဲ့တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။