သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Apple ကုမ္ပဏီ အခွန်ဒေါ်လာ ၁၄ ဘီလီယံ ပေးချေရန် EU အမိန့်ထုတ်


နာမည်ကျော် နည်းပညာ လုပ်ငန်းကြီးတခုဖြစ်တဲ့ Apple ကုမ္ပဏီကြီးကို အိုင်ယာလန်နိုင်ငံက အကြီးအကျယ် အခွန်သက်သာခွင့် ပေးခဲ့တာဟာ ဥပဒေနဲ့ ဆန့်ကျင်နေကြောင်း ဥရောပကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။

Apple ကုမ္ပဏီကို အိုင်ယာလန်နိုင်ငံက အခွန်သက်သာခွင့် ပေးထားတာဟာ ဥပဒေနဲ့ မညီကြောင်း အရင်ကတည်းက ဥရောပသမဂ္ဂ (EU) က ပြောဆိုထားတာ ဖြစ်ပေမဲ့ ဥရောပရဲ့ ဈေးကွက်ယှဉ်ပြိုင်မှုဆိုင်ရာ ကော်မရှင် တာဝန်ရှိသူတွေရဲ့ ဒီကနေ့ ဆုံးဖြတ်ချက်မှာတော့ အိုင်ယာလန်နိုင်ငံကို ပေးဆောင်ရမယ့် အခွန်ငွေဟောင်းတွေအဖြစ် Apple ကုမ္ပဏီက ဒေါ်လာ ၁၄.၅ ဘီလီယံ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဥရောပရဲ့ ဈေးကွက်ယှဉ်ပြိုင်မှုဆိုင်ရာ ကော်မရှင်နာမင်းကြီး ကတော့ Apple ကုမ္ပဏီဟာ တခြားလုပ်ငန်းတွေ မရတဲ့ အခွန်သက်သာခွင့် အခွင့်အရေးတွေ အိုင်ယာလန်နိုင်ငံမှာ တရားမဝင် ရရှိပြီး၊ အကျိုးအမြတ် ခံစားနေရတယ်လို့ ပြောဆိုခဲ့ပါတယ်။

"ဥရောပကပဲဖြစ်ဖြစ်၊ နိုင်ငံခြားကပဲဖြစ်ဖြစ်၊ လုပ်ငန်းကြီးငယ်မရွေး ဘယ်လိုကုမ္ပဏီမျိုးကိုမှ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မတရားသဖြင့် အခွန်သက်သာအောင် ပေးပိုင်ခွင့်မရှိတဲ့အကြောင်း" ကော်မရှင်နာမင်းကြီး Margrethe Vestager က ပြောဆိုခဲ့တာပါ။

Apple ကုမ္ပဏီကတော့ နိုင်ငံတကာ ဈေးကွက်မှာ ရောင်းချရာက ရလာတဲ့ ဝင်ငွေတွေကို အိုင်ယာလန်မှာ တရားဝင် လွဲှပြောင်းလက်ခံပြီး အခွန်သက်သာအောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။ Apple ကုမ္ပဏီ အနေနဲ့ အိုင်ယာလန်မှာ အခွန်သက်သာခွင့် ရနေတဲ့အတွက် EU တခုလုံးမှာ ရောင်းချပြီး ရလာတဲ့ အကျိုးအမြတ် အားလုံးနီးပါးအတွက် အခွန်ပေးစရာ မလိုတဲ့ အခွင့်အရေးမျိုး ခံစားနေရတယ်လို့လည်း ကော်မရှင်ရဲ့ ကြေညာချက်က ဖော်ပြခဲ့တာပါ။

ဥရောပမှာ အခွန်နဲ့ ပတ်သက်လို့ အများဆုံး ဒဏ်ကြေးပေးဆောင်ရမယ့် ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာတော့ ပြန်လည်အယူခံဝင်မှာ ဖြစ်တဲ့အကြောင်း အိုင်ယာလန် ဘဏ္ဍာရေး ဝန်ကြီး Michael Noonan က တုံ့ပြန် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG