သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Apple ကုမ္မဏီဝင်ငွေကျဂယက် အာရှအစုရှယ်ယာဈေးကျ


တရုတ်နိုင်ငံမှာ iphone ဈေးကွက်ထိုးကျသွားပြီး နယူးယောက် စတော့ဈေးကွက်အခြေအနေ။ (ဇန်နဝါရီ ၃၊ ၂၀၁၉)
တရုတ်နိုင်ငံမှာ iphone ဈေးကွက်ထိုးကျသွားပြီး နယူးယောက် စတော့ဈေးကွက်အခြေအနေ။ (ဇန်နဝါရီ ၃၊ ၂၀၁၉)

အမေရိကန်နည်းပညာကုမ္ပဏီကြီးရဲ့ဝင်ငွေ ကျဆင်းမှုနဲ့ ကြိုတင်ခန့်မှန်းဝင်ငွေကလည်း အားတက် စရာ မရှိတာကြောင့် ဒီနေ့ သောကြာနေ့ အာရှအစုရှယ်ယာဈေးကွက်မှာ ဈေးတွေဆက်ကျဆင်း ခဲ့ပါတယ်။

Tokyo ဈေးကွက်မှာ မနက်ဖက်အရောင်းအဝယ် ဈေးတွေကျခဲ့သလို Shanghai၊ Sydney၊ Seoul နဲ့ Taipei အစုရှယ်ယာဈေးကွက်တွေမှာလည်း ဈေးတွေကျဆင်းခဲ့ပါတယ်။ iPhone ၊ iPad စတဲ့ Apple လုပ်ပစ္စည်းတွေရဲ့ရောင်းအား တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လက သိသိသာသာကျဆင်းသွားတယ်လို့ Apple ကုမ္ပဏီက ကြာသပတေးနေ့က ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ကမ္ဘာတဝန်းအစုရှယ်ယာ ဈေးတွေ ကျခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးတာကို ပြသနေတာဖြစ်တယ်လို့ တွက်ချက်ပြီး ရင်းနှီးမြှုပ်နှံ သူတွေက အစုရှယ်ယာတွေကို ထုတ်ရောင်းနေကြပါတယ်။ အမေရိကန်သမ္မတရဲ့ ကုန်သွယ်ရေး ဆိုင်ရာ တရုတ်နဲ့ဖြစ်နေတဲ့ပြဿနာကြောင့် Apple ရဲ့အနာဂါတ်ဝင်ငွေ ကြုံသွားလိမ့်မယ်လို့ ကုမ္ပဏီရဲ့ ကြိုတင်ခန့်မှန်းချက်မှာ အပစ်တင်ထားပါတယ်။

သမ္မတ Donald Trump ကတော့ တရုတ်အပါအဝင် အမေရိကန်နဲ့ ကုန်သွယ်ရေးမမျှတတဲ့ နိုင်ငံတွေ ကနေ သွင်းကုန်ခွန် ဒေါ်လာသန်း ထောင်နဲ့ချီရအောင်ယူနေတာဖြစ်တယ်လို့ Twitter ပေါ်မှာ ရေးသား တုံ့ပြန်ပါတယ်။ ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေကို ညှိနှိုင်းဆွေးနွေးဖို့ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ ဘေဂျင်းမြို့တော်ကို ရှေ့သီတင်းပါတ်ထဲလာပြီး ၂ ရက်ဆွေးနွေးဖို့ရှိတယ်လို့ တရုတ် အစိုးရက ဒီကနေ့ ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား သွင်းကုန်ခွန်တိုးမယ့်အစီအစဉ်တွေကို ကုန်သွယ်ရေးသဘောတူညီမှု မရခင် ဆိုင်းထားဖို့ အမေရိကန်သမ္မတ Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ သဘောတူထားကြ ပါတယ်။

XS
SM
MD
LG