သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင် တောင်းဆိုမှု လိုက်လျောမှာမဟုတ် − စစ်ကောင်စီအကြီးအကဲ


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) ၉ နှစ်မြောက် နှစ်ပတ်လည်မိန့်ခွန်းပြောကြားနေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (အောက်တိုဘာ ၁၅၊ ၂၀၂၄)
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) ၉ နှစ်မြောက် နှစ်ပတ်လည်မိန့်ခွန်းပြောကြားနေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (အောက်တိုဘာ ၁၅၊ ၂၀၂၄)

လက်နက်ကိုင် နည်းလမ်းနဲ့ တောင်းဆိုမှုတွေကို လိုက်လျောမှာ မဟုတ်သလို၊ စစ်တပ်အနေနဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ လိုအပ်တာတွေ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုတာ ထပ်မံ အသိပေးလိုတဲ့အကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းမှာ နိုင်ငံရေး စကားဝိုင်းကို ဖိတ်ခေါ်ထားပေမဲ့ လက်နက်ကိုင် လမ်းစဥ်ကို မစွန့်လွှတ်ဘူးဆိုရင် သူ့ဘက်ကလည်း လိုက်လျောဖြေရှင်းဖို့ မရှိဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားခဲ့ပါတယ်။

"လက်နက်ကိုင် အကြမ်းဖက်နည်းနဲ့ မိမိတို့ လိုလားချက်တွေကို တောင်းဆိုလို့မရဘဲ နိုင်ငံရေး စကားဝိုင်းကို ရောက်ရှိလာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စွာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ကျနော့် အနေနဲ့ လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုတွေ အပေါ်မှာ လိုက်လျော ဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်။"

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို စစ်ရေးနဲ့ မဟုတ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ ပြီးခဲ့တဲ့လကပဲ စစ်ကောင်စီက ဖိတ်ခေါ်ခဲ့တာရှိပေမဲ့၊ တချိန်တည်းမှာလည်း အပြစ်မဲ့ ပြည်သူတွေအပေါ်မှာ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ဒီကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူးလို့ လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း တုံ့ပြန်ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဒီကနေ့ မိန့်ခွန်းမှာတော့ NCA စာချုပ်အတိုင်း ဆက်ပြီး အကောင်အထည် ဖော်သွားမှာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဘက်က "မြန်မာဆိုတဲ့ စိတ်ဓါတ်"နဲ့ NCA မှာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ သန်းခေါင်စာရင်း ကောက်ယူတာတွေ အတိုင်းအတာတခုထိ ရောက်နေပြီး ပါတီစုံ ပါ၀င်နိုင်ရေး အလေးထား ဆောင်ရွက်နေတဲ့အကြောင်းနဲ့ နယ်မြေဒေသအလိုက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့ လုံခြုံရေး အခြေအနေ ရောက်အောင် ကြိုးပမ်း ဆောင်ရွက်နေတဲ့အကြောင်းလည်း ဒီကနေ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂနဲ့ ပြည်တွင်းပြည်ပက စောင့်ကြည့်သူတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေကတော့ မြန်မာနိုင်ငံတွင်း ဒေသတိုင်းလိုလိုမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတာကြောင့် ဒီလို အခြေအနေအောက်မှာ အားလုံး ပါဝင်နိုင်တဲ့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထောက်ပြ ပြောဆိုနေကြပါတယ်။

ရှေ့နှစ် ၂၀၂၅ ခုနှစ်ထဲမှာ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ စစ်ကောင်စီ အကြီးအကဲက ပြောကြားထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG