သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းတွင်း တိုက်ခိုက်ခံရမှု အနည်းဆုံး ၃ ဦးသေဆုံး

ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)
ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ရန်ဖက်လက်နက်ကိုင် အဖွဲ့ ၂ ခုကြား တိုက်ခိုက်မှု ဖြစ်ရာက အနည်းဆုံး ၃ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ပဲ အတည်ပြု ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ARSA နဲ့ RSO အဖွဲ့တွေကြား မကြာခဏ တိုက်ခိုက်မှုတွေ ဖြစ်လေ့ရှိတတ်တဲ့ ဒုက္ခသည်စခန်းမှာ မနေ့တုန်းက ဖြစ်ရပ်ကြောင့် ၇ ဦး ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။

မနေ့တုန်းက ARSA အဖွဲ့ဝင် ၁၀၀ လောက် စခန်းမှာ ကာရံထားတဲ့ သံဆူးကြိုးတွေကို ဖြတ်တောက် ဝင်ရောက်လာခဲ့ပြီး စခန်းကို ကာကွယ်နေသူတွေကို တိုက်ခိုက်ခဲ့သလို၊ နောက်ပိုင်းမှာ ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံရဲအရာရှိ Mohammad Iqbal ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

သေဆုံးသူတွေမှာ သေနတ်ဒဏ်ရာတွေနဲ့ ဓားဒဏ်ရာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။ စခန်းတွင်းရှိ ရိုဟင်ဂျာ အသိုင်းအဝန်းက အမည်မဖော်လိုတဲ့ ခေါင်းဆောင် တဦးကတော့ အသတ်ခံရသူတွေဟာRSO အဖွဲ့ဝင်တွေဖြစ်တယ်လို့ ပြောပါတယ်။ စခန်းမှာ လူသတ်မှုနဲ့ သေနတ်ပစ်ခတ်မှုတွေက နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေကြောင်းနဲ့၊ ARSA နဲ့ RSO တွေကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ လုံခြုံမှုမရှိဘူးလို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်ပြေးခိုလှုံနေကြရတာပါ။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာရော ကုလသမဂ္ဂနဲ့ပါ သဘောတူညီမှုတွေ ရထားပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးသလို၊ အခုအခါ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည် ပေါ်ပေါက်နေတာကြောင့် အခြေအနေတွေဟာလည်း ပိုဆိုးလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG