သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံ


ွမြန်မာပြည်ကို ၆ ရက်ကြာ ခရီးစဉ်ရောက်လာတဲ့ မစ္စတာကင်တားနားကို မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့အတူ တွေ့ရစဉ်။ (ဇန်နဝါရီလ ၃၁၊ ၂၀၁၂။)
ွမြန်မာပြည်ကို ၆ ရက်ကြာ ခရီးစဉ်ရောက်လာတဲ့ မစ္စတာကင်တားနားကို မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့အတူ တွေ့ရစဉ်။ (ဇန်နဝါရီလ ၃၁၊ ၂၀၁၂။)

မြန်မာနိုင်ငံကို ၆ ရက်ကြာခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တာနားဟာ ဒီကနေ့ နေပြည်တော်မှာ အစိုးရခေါင်းဆောင်တွေ တွေ့ဆုံပါတယ်။ မစ္စတာကင်တာနားဟာ လွှတ်တော်ပိုင်းက ခေါင်းဆောင်တွေကို တွေ့ဆုံဖို့ရှိတဲ့အပြင် နို်င်ငံရေးပါတီကခေါင်းဆောင်တွေ လူမှုအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့မယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

မစ္စတာကင်တာနားဟာ ဒီကနေ့မနက်ပိုင်း နေပြည်တော်ကိုရောက်ရှိပြီး အစိုးရပိုင်း တာဝန်ရှိ ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့တာပါ။ လက်ရှိ မြန်မာနိုင်ငံတွင်းက အခြေအနေတွေ အထူးသဖြင့် ဝန်ကြီး ဌာနအလိုက် သက်ဆိုင်ရာ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ သူ နေပြည်တော်မှာ ရှိစဉ်တော့ အစိုးရပိုင်း တာဝန်ရှိသူတွေကို အဓိကထား တွေ့ဆုံမှာဖြစ်တယ်လို့ ရန်ကုန် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

“ဒီကနေ့ မစ္စတာကင်တာနား နေပြည်တော်ရောက်တယ်လေ။ ရောက်ရောက်ချင်းမှာပဲ နိုင်ငံခြားရေး ဒုဝန်ကြီး ဒေါက်တာမျိုးမြင့်၊ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်လှမင်းနဲ့တွေ့တယ်။ တခါ နယ်စပ် ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဗိုလ်ချုပ်သိန်းဌေးနဲ့တွေ့တယ်။ အခုနောက်ဆုံး ညနေက ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကိုကိုနဲ့ တွေ့ခဲ့တယ်”

မစ္စတာကင်တာနားဟာ ပြီးခဲ့တဲ့ ၂၀၁၁ သြဂုတ်လအတွင်းက နောက်ဆုံးအကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အခု ခရီးစဉ်အတွင်းမှာ အကဲဖြတ်ဖို့ဖြစ်တယ်လို့ မြန်မာပြည်မလာခင်မှာ မစ္စတာကင်တာနားက ကြေညာချက်ထုတ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင်းမှာ သိသာထင်ရှားတဲ့တိုးတက်ပြောင်းလဲမှုတွေ မြင်နေရတဲ့အချိန်ဖြစ်တာမို့ အခုလို မြန်မာသမိုင်းမှာ အရေးကြီးအချိန်အခါနဲ့တိုက်ဆိုင်ပြီး သူ ရောက်ရှိလာတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အခုဒီခရီးစဉ်အတွင်းက လေ့လာတွေ့ရှိချက်တွေကိုတော့ လာမယ့် မတ်လ ၁၉ ကြိမ်မြောက် လူ့ အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်သွင်းမှာဖြစ်ပါတယ်။ မစ္စတာကင်တာနားအနေနဲ့ မနက်ဖြန် နေပြည်တော်မှာပဲ လွှတ်တော်ပိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီနောက် ရန်ကုန်ကို သွားပြီး နိုင်ငံရေးပါတီတွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့လည်း ဆုံတွေ့ဖို့ အစီအစဉ်ရှိပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိတဲ့အပြင် ရန်ကုန်အပြင် တိုင်းရင်းသားဒေသအချို့ကိုလည်း သွားရောက် ကြည့်ရှုမယ်လို့ မျှော်လင့်ရပါတယ်။ မစ္စတာကင်တာနားဟာ ဖေဖဝါရီလ ၅ ရက်နေ့အထိ မြန်မာနိုင်ငံတွင်း ရှိမှာဖြစ်ပြီး ခရီးစဉ်အပြီးမှာတော့ သတင်းစာရှင်းလင်းပွဲတရပ်လုပ်ဖို့ အစီအစဉ်လည်းရှိတယ် ကုလသမဂ္ဂ ပြန်ကြားရေးအရာရှိက ပြောပါတယ်။

မစ္စတာကင်တာနားဟာ ၂ဝဝ၈ ခုနှစ် မေလကစပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အရင် မြန်မာစစ်အစိုးရကာလတုန်းက မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင့် နောက်ပိုင်း ကာလတွေမှာ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်မရခဲ့ပါဘူး။ အရပ်သားအစိုးရသစ်တက်လာပြီးနောက် ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြရပါတယ်။

မစ္စတာကင်တာနားအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာအပါအဝင် အခြား တိုးတက် ပြောင်းလဲမှုတွေကို ကြိုဆိုခဲ့ပေမယ့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်စရာတွေ ကျန်နေသေးတယ် လို့ ထောက်ပြခဲ့ပါတယ်။ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ပြောသလို ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ လွတ်လပ်မျှတမှုကို စောင့်ကြည့်မယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းဖြစ်ခဲ့တဲ့ ဆိုးဝါးလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ်မှာ ဘယ်လို တာဝန်ယူ ဖြေရှင်း ကိုင်တွယ်မလဲ ဆိုတာကိုလည်း အခုအချိန်အထိ တွန်းအားပေး မေးခွန်းထုတ်နေသူ ဖြစ်ပါတယ်။

XS
SM
MD
LG