သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီယား လက်နက်လုပ်ရင် အမေရိကန် တကယ်တိုက်မယ်


အီရန်နိုင်ငံက နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ တကယ်တန်း လုပ်လာတယ်ဆိုရင် အမေရိကန်နိုင်ငံက စစ်ရေးအရ အရေးယူဖို့ သေသေချာချာ လုပ်ဆောင်မှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်ပါတယ်။

အီရန်ပြဿနာနဲ့ပတ်သက်ပြီး စစ်ရေးအရ အပါအဝင် နည်းလမ်းအားလုံးအတွက် စဉ်းစားထားတယ်လို့ The Atlantic မဂဇ္ဇင်းနဲ့ လူတွေ့မေးမြန်းခန်းမှာ သမ္မတရဲ့ပြောကြားချက်ကို ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့တာပါ။ အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကနေ စိုးရိမ်စိတ်ပူနေသလို အစ္စရေးက အီရန်ကို ဦးအောင်ဝင်ပြီး တိုက်ခိုက်နိုင်ခြေ ရှိနေချိန်မှာပဲ မစ္စတာအိုဘားမားရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာခဲ့တာပါ။

အမေရိကန်သမ္မတ တယောက်အနေနဲ့ သူ အခုလို ပြောတာဟာ ကြောက်အောင် ဟန်ဆောင်ပြီး ခြောက်လှန့်နေတာမျိုး မဟုတ်ဘဲ တကယ်ပြောနေတယ် ဆိုတာကိုတော့ အစ္စရေးအစိုးရက သေသေချာချာသိမယ်လို့လည်း ပြောပါတယ်။

အစ္စရေးနဲ့အီရန်ကြား စစ်မက် ဖြစ်ပွားလာမှာနဲ့ ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ ဒီပြဿနာ ဂယက်ရိုက်လာမယ့် ကိစ္စကို သမ္မတအိုဘားမားက အဓိက ပူပန်တာပါ။ တနင်္လာနေ့ကတော့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ရာဟုကို သမ္မတအိမ်ဖြူတော်မှာ သူက လက်ခံတွေ့ဆုံခဲ့ပါတယ်။

အီရန်အနေနဲ့ သူ့ရဲ့ အငြင်းပွားဖွယ် နျူကလီယားလုပ်ငန်းစဉ်တွေဟာ ငြိမ်းချမ်းရေးအတွက်ပါလို့ ပြောပြီး နိုင်ငံတကာနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ အသင့်ဖြစ်နေကြောင်း ကြေညာချက်တွေ အများအပြား ထုတ်ပြန်နေပေမယ့် ညှိနှိုင်းလို့မရနိုင်အောင် ကြိုတင်သတ်မှတ်ချက်တွေကို ချထားနေတာပါ။

XS
SM
MD
LG