သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အထူးကိုယ်စားလှယ် မြန်မာ့အရေး တရုတ်နဲ့ ညှိနှိုင်းမည်


အမေရိကန်အထူးကိုယ်စားလှယ် မြန်မာ့အရေး တရုတ်နဲ့ ညှိနှိုင်းမည်
အမေရိကန်အထူးကိုယ်စားလှယ် မြန်မာ့အရေး တရုတ်နဲ့ ညှိနှိုင်းမည်

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာ ဒေသတွင်းက တရုတ် အပါအဝင် နိုင်ငံသုံးနိုင်ငံကို သွားရောက်ဖို့ ရှိပြီး မြန်မာနိုင်ငံရေး တိုးတက်ပြောင်းလဲမှု ကိစ္စတွေအတွက် တူညီတဲ့ အခြေခံအမြင်တွေအပေါ် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးတိုင်ပင်ဖို့ ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး Derek Mitchell ဟာ အခု ဒီဇင်ဘာ ၁၂ ရက်နေ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာ တရုတ်အာဏာပိုင်တွေနဲ့တွေ့ဆုံပြီး မြန်မာ နိုင်ငံအခြေအနေကို ဆွေးနွေးကြဖို့ ရှိနေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မကြာခင် ရက်ပိုင်းအတွင်းမှာပဲ မြန်မာအထူးကိုယ်စားလှယ်ရဲ့ တရုတ်ခရီးစဉ်ဖြစ်လာတာပါ။ အထူးကိုယ်စားလှယ် မစ္စတာ မစ်ချဲလ်ဟာ တရုတ်အပြင် ဒေသတွင်းက ဂျပန်နဲ့ တောင်ကိုရီယားနိုင်ငံတွေကိုလည်း မြန်မာ့အရေးဆွေးနွေးဖို့ သွားရောက်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူးနဲ့ အထူးကိုယ်စားလှယ်ဖြစ်သူ Derek Mitchell ဟာ တောင် ကိုရီယား၊ ဂျပန်နဲ့တရုတ်နိုင်ငံတို့ကို ဒီဇင်ဘာ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် နေပြည်တော်နဲ့ ရန်ကုန်မြို့တွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ကိစ္စ၊ မြန်မာပြည်မှာ အရေးကြီးတဲ့ အခြေခံကျကျ အပြောင်းအလဲတွေဖြစ်ဖို့ ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေ၊ ဒီမိုကရေစီ ဖြစ်ထွန်းမှုနဲ့ လက်နက်မပြန့်ပွားရေးကိစ္စရပ်တွေနဲ့ပတ်သက်လို့ တူညီတဲ့အခြေခံတွေရှာပြီး ပိုမို ပူးပေါင်း ဆောင်ရွက်သွားနိုင်မယ့် နည်းလမ်းတွေ ဆွေးနွေးတိုင်ပင်ဖို့ ရှိပါတယ်”

ပြီးခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ နှစ် ၅၀ကျော်အတွင်း အမေရိကန်ထိပ်တန်း ခေါင်းဆောင်တဦး မြန်မာနိုင်ငံကို လာရောက်တာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဒေသတွင်း ဓနအင်အား ကြီးမားလာတဲ့ တရုတ်နိုင်ငံသြဇာကို အင်အားချိန်ခွင်မျှအောင် ဖြစ်နိုင်တယ်လို့ ယူဆမှုတွေ အတော် များများ ထွက်ခဲ့သလို မြန်မာအစိုးရဘက်က အမေရိကန်နဲ့ နီးနီးကပ်ကပ် ဆက်ဆံလာတာဟာလည်း တရုတ်ကို ပြန်ခွာလိုတဲ့သဘောလို့ ယူဆမှုတွေ သုံးသပ်မှုတွေ အတော်များများရှိခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီအမေရိကန် မြန်မာဆက်ဆံရေးဟာ တရုတ် အမေရိကန်ဆက်ဆံရေး၊ တရုတ် မြန်မာ ဆက်ဆံရေးတွေမှာ ထိခိုက်နိုင်မလား စိုးရိမ်သူတွေလည်းရှိပါတယ်။ အမေရိကန်ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်ရဲ့ခရီးစဉ် တရုတ်မဆိုင်ဘူးလို့ ပြောခဲ့သလို တရုတ်ဘက်ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်နေတဲ့အချိန်မှာပဲ မြန်မာပြည်အပေါ်ထားတဲ့ အမေရိကန်ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ မြန်မာအပေါ် ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ အချိန်မရောက်သေးဘဲ အကယ်လို့ မြန်မာဘက်က ပြုပြင်ပြောင်းလဲမှု ခြေလှမ်းတွေ ဒီထက် မြန်လာမယ်ဆိုရင်တော့ ဒီအချက်ကို စဉ်းစားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ပြောခဲ့ပါတယ်။

အခု မစ္စတာမစ်ချဲလ်ရဲ့ တရုတ်ခရီးစဉ်ဟာ မြန်မာနိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေကို ဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဌာနက ပြောပေမယ့် တရုတ်ဘက်က စိုးရိမ်မှုတွေကို ဖြေဖျောက်လိုတဲ့ သဘောဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ အခု မြန်မာအစိုးရသစ်လက်ထက်မှာပဲ တရုတ်က ရင်းနှီးမြုပ်နှံထားတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက ရေအားလျှပ်စစ်စီမံကိန်းကိုလည်း ယာယီရပ်ဆိုင်းထားလိုက်တာကြောင့် တရုတ်နဲ့မြန်မာဆက်ဆံရေး အရင်လိုပုံမှန်မဟုတ်တော့ဘူးလို့ တွေးဆသူတွေရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာနိုင်ငံကို မသွားခင်ရက်ပိုင်းမှာပဲ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ တရုတ်ကို ရောက်ရှိနေခဲ့တာပါ။

မစ္စတာမစ်ချဲလ်ဟာ တရုတ်ခရီးစဉ်မတိုင်ခင်တော့ ဂျပန်နဲ့တောင်ကိုရီယားကိုလည်း သွားမှာဖြစ်ပါတယ်။ အခု ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဂျပန်ဘက်ကလည်း မြန်မာနိုင်ငံကို အကူအညီတွေ ပြန်ပေးဖို့ တာစူနေပါပြီ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ စက်မှုဝန်ကြီးတို့ဟာလည်း မကြာခင် မြန်မာနိုင်ငံကို သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG