သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကမ့်ဘဲလ် ဘေဂျင်းကိုဆိုက်ရောက်


အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကပ်၊ ကမ့်ဘဲလ် (Kurt Campbell)ဟာ မြန်မာ့အရေးအပါအဝင် နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကိုဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကို ဒီကနေ့ အင်္ဂါနေ့မှာ ရောက်ရှိသွားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်သေဆုံးပြီးတဲ့နောက် အရှေ့မြောက်အာရှဒေသကို အမေရိကန် အဆင့်အမြင့်ဆုံး တာဝန်ရှိသူတဦး ပထမဆုံးအနေနဲ့ သွားရောက်တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ ၄ ရက်ကြာမယ့် ဒီခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့နဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တို့ကိုလည်း ခရီးဆက်မှာဖြစ်ပါတယ်။

တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံခရီးစဉ်အတွင်းမှာ မစ္စတာ ကပ်၊ ကမ့်ဘဲလ်အနေနဲ့ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ထွန်းမှုတွေ အပါအဝင် အိမ်ရှင်နိုင်ငံတွေနဲ့ ၂ နိုင်ငံအကြား အရေးကြီးတဲ့ကိစ္စရပ်တွေ၊ ဒေသတွင်းနဲ့နိုင်ငံတကာရေးရာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့သီတင်းပတ်တုန်းက သတင်းထုတ်ပြန်ထားပါတယ်။

နျူကလီယားလက်နက်တွေပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ အိမ်နီးချင်းတွေဖြစ်ကြတဲ့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဟာ ရှေ့မတိုး၊ နောက်မဆုတ်တန့်နေတဲ့ မြောက်ကိုရီးယား နျူကလီယားအရေး ၆ နိုင်ငံဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးကြတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

XS
SM
MD
LG