သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဒဂုံ တကိုယ်တော်ဆန္ဒပြသူဖမ်းဆီးခံရ


ဒီကနေ့ ရန်ကုန်၊ တောင်ဒဂုံမြို့နယ်မှာ တကိုယ်တော်ဆန္ဒပြခဲ့သူ အသက် ၆၇ နှစ်အရွယ် NLD ပါတီဝင် ဦးစိုးကြွယ်ကို အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။ ဦးစိုးကြွယ်ဟာ လူအခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိုရည်ရွယ်ပြီး ပြည်သူတွေရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဒီကနေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ လောလောဆယ် သူ့ကို ဘယ်မှာထိန်းသိမ်းထားသလဲ၊ နောက်ဆုံးအခြေအနေတွေကိုသိရအောင်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

တောင်ဒဂုံမြို့နယ် ကျန်စစ်သားလမ်းမကြီးပေါ်မှာ လူအခွင့်ရေးနဲ့တရားဥပဒေ စိုးမိုးရေးအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခြေခံလိုအပ်ချက်တွေကို တောင်းဆိုဆန္ဒပြတဲ့ NLD ပါတီဝင် ဦးစိုးကြွယ်ဟာ မနက် ၉ နာရီကျော်မှာပဲ အဖမ်းဆီးခံရကြောင်း မိသားစုဝင်တဦးက ပြောပြပါတယ်။

“ခေါင်းစဉ်ကတော့ မိမိအခွင့်အရေးကို မိမိတောင်းဆိုခွင့်ရှိသည်။ တောင်းဆိုချက်ထဲမှာ ပါတီအမည် သုံးပြီး လမ်းသူလမ်းသားများထံမှ ငွေကြေးကောက်ခံထားခြင်းကို အရေးယူပေးပါ၊ နံပါတ် (၁) က၊ နံပါတ် (၂) က အကျင့်ပျက်ဝန်ထမ်းများအား တိုင်ကြားထားခြင်းကို အရေးယူပေးပါ။ နံပါတ် (၃) က ရပ်ကွက်အတွင်း ကျန်ရှိနေသည့်လမ်းများအား တပြေးညီ ကွန်ကရစ်ခင်းပေးပါ။ နံပါတ် (၄) အချက်က မြို့နယ်အတွင်း ယာဉ်လမ်းပြေးဆွဲနေသည့် အဓိက မိန်းလမ်းမကြီးများအား ပြုပြင်ပေးပါ။ နံပါတ် (၅) က လျှပ်စစ်မီတာခ၊ မီတာထိန်းသိမ်းခနှင့် မီတာခများပြင်ဆင်ပြီး ၂၄ နာရီ မီးရရှိရေး ဆောင်ရွက်ပေးပါ။ နံပါတ် (၆) က မြို့နယ်အတွင်းရှိ ရေမီတာသုံးစွဲသူများ ရေအပြည့်အဝရရှိရေး ဆောင်ရွက်ပေးပါ။

ရည်ရွယ်ချက်-လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် - တကိုယ်တော် ဆန္ဒပြတာပေါ့။ ဆိုင်းဘုတ်ကိုင်ပြီး ဒီတိုင်း လျှောက်သွားတာပေါ့။ ကားမှတ်တိုင် ၂ မှတ်တိုင်လောက် လျှောက်ပြီးတော့ ခေါ်တင်သွားရော”

ဆန္ဒပြပြီးတဲ့နောက် သူနောက်ကနေ လူအင်အား ၅၀ လောက်က လိုက်ပါတောင်းဆိုဖို့ လူစုဝေး ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ရဲတွေ က သူကိုခေါ်သွာပြီးနောက် တောင်ဒဂုံရဲစခန်းမှာ ထားကြောင်း မိသားစုက အာမခံပေးဖို့ တောင်းဆိုနေဆဲဖြစ်ကြောင်းတွေကိုလည်း ပြောပြပါတယ်။

“အခုချိန်က စခန်းမှာ၊ စခန်းကတော့ စခန်းမှူး၊ မြို့နယ်မှူးကတော့ အာမခံရမယ်လို့တော့ ပြောလိုက် တယ်။ လောလောဆယ် အာမခံလုပ်ဖို့သွားတဲ့အခါကျတော့ သူတို့အကြောင်းကြားပါ့မယ်တဲ့။ ခဏ ပြန်လိုက်ပါအုံးတဲ့။ ပြန်ပြီးတော့ နားပြီးတော့မှ ကျနော်တို့အကြောင်းကြားမယ်ပေါ့လေ၊ အာမခံ အတွက်။ မေးတော့ မေးသွားတယ်။ သေချာ မသေချာတော့ မသိသေးဘူး။ အခုကတော့ မြို့နယ်မှူးနဲ့ စခန်းမှူးနဲ့ကတော့ သဘောချိုပါတယ်။ အာမခံပေးမယ် ပြောထားတယ်။ ကျနော်တို့လည်း ဒါ မိသားစု စဘော်လေးတွေ၊ ဘာတွေ၊ ညာတွေနဲ့ အာမခံဖို့ တင်ထားပြီးသွားပြီ။”

တောင်ဒဂုံက လမ်းတွေဟာအရင် ၂၀၁၀ ရွေကောက်ပွဲမတိုင်ခင်က ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေး ဆင်းပြီး လမ်းတွေခင်းပေးမယ်ဆိုတာမျိုးတွေကို လုပ်ဆောင်ခဲ့သလို လမ်းကြေးကောက်ခံပြီး စံနစ်တကျ ခင်းပေးတာတွေလည်းမရှိတာမျိုး တွေရှိတယ်လို့ ရပ်ကွက်လူထုက ပြောပါတယ်။

ဦးစိုးကြွယ်ဟာ တောင်ဒဂုံမြို့နယ်ထဲက လူထုခံစားနေရတာတွေကို အရေးယူဆောင်ရွက်ပေးဖို့ အတွက် ဆန္ဒပြခဲ့တာဖြစ်ကြောင်း သူတောင်းဆိုချက်တွေဟာ သူတိုမြို့နယ်တွင်းက ပြည်သူတွေ ရသင့်ရထိုက်တဲ့ အချက်အလက်တွေသာဖြစ်ကြောင်း သူရဲ့လုပ်ဖော်ကိုင်ဘက်တွေက ဆိုပါတယ်။

မကြာသေးခင်ကပဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံရေး အကျဉ်းသား ဟောင်း ဦးအောင်မြင့်ဟာ ဘိုကလေးမြို့မှာ သံခြေကျင်းခတ်ပြီး ဆန္ဒပြခဲ့သလို တွံတေးမြို့မှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်ဖေဟာ ထောင်ဝတ်စုံဝတ်ပြီး တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။ အဲဒီဆန္ဒပြမှုတွေကိုတော့ ဖမ်းဆီးတာမျိုးတွေ မရှိပေမယ့် စောင့်ကြည့်မှတ်တမ်းတင်တာတွေကို လုပ်ခဲ့ပါတယ်။ အစိုးရသစ်လက်ထက်မှာပဲ အရင်တုန်းကလို စောင့်ကြည့်သတင်းယူတာအပြင် ဖမ်းဆီးစစ်ဆေးတာတွေကို လုပ်နေဆဲပဲ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG