သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးတပ်တွေ ရွာတွေကဆုတ်ဖို့ အာဖဂန်သမ္မတ တိုက်တွန်း


မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) တပ်တွေ အနေနဲ့ အာဖဂန်ကျေးရွာတွေကနေ ပြန်လည် ဆုတ်ခွာပြီး အခြေစိုက်စခန်းတွေမှာသာ တပ်စွဲကြဖို့ အာဖဂန်သမ္မတ Hamid Karzai က တောင်းဆိုလိုက်ပါတယ်။ အမေရိကန် စစ်သားတဦးရဲ့လက်ချက်နဲ့ အာဖဂန်နိုင်ငံ တောင်ပိုင်းမှာ အရပ်သား ၁၆ ယောက် ဒီတပတ် အစောပိုင်းတုန်းက သေဆုံးခဲ့ရပြီးတဲ့နောက် အခုလို တောင်းဆိုလိုက်တာပါ။

အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အပါအဝင် ဆွေးနွေးနေတဲ့ကိစ္စတွေအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း သိရတဲ့ အချိန်အထိ ငြိမ်းချမ်းရေးစကား ပြောနေတာတွေကို ဆိုင်းငံ့ထားမယ်လို့ တာလီဘန်တွေက ကြေညာလိုက်ပြီး မရှေးမနှောင်းမှာပဲ အာဖဂန် သမ္မတရဲ့ ကြေညာချက် ကြာသပတေးနေ့မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နိုင်ငံတကာ တပ်ဖွဲ့တွေ တဖြည်းဖြည်း ထွက်ခွာနေတဲ့ တချိန်တည်းမှာပဲ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်နေတဲ့ စစ်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ ပြေလည်မှုရစေဖို့ အမေရိကန်ပြည်ထောင်စုက ကာတာနိုင်ငံမှာ တာလီဘန်တွေနဲ့ အကြိုညှိနှိုင်း ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။

အာဖဂန်တပ်ဖွဲ့တွေအနေနဲ့ မူလက စီစဉ်ထားတာထက် တနှစ်စောပြီး ၂ဝ၁၃ ခုနှစ်မှာ လုံခြုံရေးတာဝန်တွေကို အပြည့်အဝ လွှဲပြောင်း ယူလိုကြောင်းကိုလည်း သမ္မတကာဇိုင်းက အာဖဂန်မှာ ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta ကို ပြောခဲ့ပါတယ်။ ကြာသပတေးနေ့ ကာဘူးလ်မြို့တော်က ဆွေးနွေးပွဲအတွင်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေ လုံခြုံရေးတာဝန်ယူဖို့ အသင့်ရှိနေတဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးကို အာဖဂန်သမ္မတက ပြောဆိုလိုက်တာပါ။

NATO တပ်ဖွဲ့တွေ ကျေးလက်ဒေသက ဆုတ်ခွာရေး အာဖဂန်သမ္မတရဲ့ တောင်းဆိုချက်ကိုတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက လတ်တလော အပြောင်းအလဲတွေ လုပ်စရာ အကြောင်းမရှိသေးဘူးလို့သာ ပြောဆိုသွားပါတယ်။

XS
SM
MD
LG