သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ခိုင်ရေးပါတီ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို


အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အောက်လွှတ်တော် ပုံမှအစည်းအဝေးအပြီး ထွက်ခွာလာစဉ်။ (မေလ ၂ ရက်၊ ၂၀၁၂။)
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အောက်လွှတ်တော် ပုံမှအစည်းအဝေးအပြီး ထွက်ခွာလာစဉ်။ (မေလ ၂ ရက်၊ ၂၀၁၂။)

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ကျမ်း ကျိန်ပြီးတော့ လွှတ်တော်စတက်ခဲ့ကြတဲ့အပေါ်မှာ လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ကြိုဆိုလိုက်ပါတယ်။ ကျမ်းကျိန်ရာမှာ ပြောရတဲ့အသုံးအနှုန်းနဲ့ ပတ်သက်လို့ NLD ရဲ့ သဘောထားအပေါ် လွှတ်တော်ကိုယ်စားလှယ်တချို့က ဘဝင်မကျတဲ့ အမြင်ရှိပေမယ့်လည်း ရှေ့ဆက်လက်တွဲ လုပ်ဆောင် သွားဖို့ အခက်အခဲ မရှိပါဘူး လို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဗွီအိုအေကို ပြော ပါတယ်။ NLD ပါတီ လွှတ်တော်ထဲကို ရောက်လာတဲ့အပေါ် လက်ရှိအာဏာရပါတီအပြင် တိုင်းရင်းသား ပါတီတွေရဲ့ သဘောထားတွေကိုလည်း ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြ ထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ဘယ်တော့သွားမှာလဲဆိုတဲ့ မေးခွန်းဟာ ဒီကနေ့တော့ဖြင့် အဖြေထွက်သွားပြီဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ် နေရာ ၄၃ နေရာ အနိုင်ရ ထားတဲ့ထဲ နိုင်ငံခြားခရီး ထွက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်သုံးဦး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကလွဲလို့ အမျိုးသားနဲ့ပြည်သူ့လွှတ်တော်က ဒေါ်အောင် ဆန်းစုကြည်နဲ့အတူ လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦးလုံး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတာပါ။

ကျမ်းသစ္စာကျိန်ဆိုတာမှာပါဝင်တဲ့ စာသားကိုပြင်ဆင်ဖို့ NLD ပါတီဘက်က ကြိုးပမ်းချက်တွေကို အဆုံး သတ်ပြီး အခုလို ကျမ်းသစ္စာ ကျိန်ဆိုဖြစ်လာအောင် ကြိုးပမ်းတိုက်တွန်းခဲ့သူတွေထဲ မှာ အဓိကပုဂ္ဂိုလ် ကတော့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ခေါင်းဆောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ပဲဖြစ်ပါတယ်။

“ကျနော်တို့ အင်မတန်ဝမ်းမြောက်ပါတယ်။ လွှတ်တော်အတွင်းမှာ ပြည်သူတွေရဲ့ကိုယ်စား ၂၀၀၈ ဖွဲ့စည်းပုံ က ပေးထားတဲ့အတိုင်းအတာလေး တစ်ခုရှိမှာပေါ့-နော်၊ ကျနော်တို့ က နောင်ပြုပြင်ပြောင်းလဲရေးတွေလည်း အများကြီး ရှိလာမှာပါ။ ဒီ လာမယ့် လေးနှစ်တာလေးအတွက် အခု စပြီးကာမှ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အစလှမ်းနိုင်ခဲ့ပြီ၊ မတူညီတဲ့ အတွေးအခေါ်လေးတွေတော့ ရှိကောင်းရှိကြပေမယ့် လွှတ်တော်ကြီးရဲ့ရင်ပြင်မှာ စုံစုံညီညီထိုင်ပြီး မတူညီတဲ့ပြဿနာတွေကို စုပေါင်းဖြေရှင်းခြင်း အားဖြင့် ပြည်ထောင်စုရဲ့ကောင်းရာကောင်းကျိုး၊ ပြည်ထောင်စုရဲ့ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှု အကုန်လုံးရအောင် ကျနော်တို့ မှန်းထားတဲ့အတိုင်း ခြေလှမ်းစလှမ်းနိုင်တော့မယ်လို့ ဝမ်းမြောက်ဝမ်းသာလည်း ဖြစ်မိပါတယ်။ တိုင်းရင်းသားပါတီ အားလုံးကလည်း ဝမ်းသာအားရဖြစ်ပါတယ်။”

အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားအစား လေးစားလိုက်နာပါမည် ဆိုတဲ့ စကားနဲ့အစားထိုးဖို့ NLD ပါတီဘက်က ကြိုးစားခဲ့တာမှာ လွှတ်တော်တွင်း လူများစုပါတီဖြစ်တဲ့ ပြည်ထောင် စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်က ခန့်ထားတဲ့ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက် အပြည့်အ၀ မရခဲ့ပါဘူး။ အဲဒါကြောင့်လည်းပဲ နောက်ဆုံးမှာ NLD ပါတီဘက်က လိုက်လျောခဲ့တာဖြစ်ပါတယ်။
အခုလို ကျမ်းသစ္စာကျိန်ဆိုလိုက်တာကိုတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ကြိုဆိုတယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲလမ်းစဉ်က ကျနော်တို့ယုံတဲ့ လမ်းစဉ်ပါပဲ။ လွှတ်တော်ကလည်း ကျနော်တို့ ယုံတဲ့ လမ်းစဉ် ထဲမှာပါတဲ့တစ်ခုပါပဲ။ အဲဒီတော့ ပြည်သူတွေကရွေးတဲ့၊ ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကိုယ်စားလှယ်တွေအားလုံး ကျန်းသစ္စာကျိန်ဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ ကြိုဆိုပါတယ်။ သူ့ကိုလည်းပဲ ကျနော်ကိုယ်တိုင် နှုတ်ဆက်ပြီးတော့မှ ကြိုဆိုတယ်ဆိုတဲ့အကြောင်းလေးလည်း ကျနော် ပြောလိုက်ပါတယ်။”

ကျမ်းကျိန်ရေးကိစ္စ အခြေအတင်ဖြစ်နေခဲ့တဲ့အချိန်တုန်းက ပြည်ခိုင်ဖြိုးပါတီ အမတ်တချို့နဲ့ ကျန်အမတ် တချို့ဆီကနေ မကျေနပ် ဘဝင်မကျတဲ့ အသံတွေ ကြားခဲ့ရဖူးပါတယ်။ NLD ဘက်က အရင်ကတည်းကသာ လိုက်လျောပြီး စောစောစီးစီးလုပ်ခဲ့မယ်ဆိုရင် ဒီ့ထက်ပိုကောင်းမယ်ဆိုတဲ့ အမြင်မျိုးလည်း ကြားရပါတယ်။ ဒီအခြေအနေအောက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျန် လွှတ်တော် ကိုယ်စားလှယ်တွေအကြား အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး အလားအလာ အပေါ် မေးခွန်း ထုတ်စရာရှိနေပါတယ်။ ဦးဌေးဦးကတော့ အဲဒီအပေါ် အကောင်းမြင် ယုံကြည်ထားပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေဆိုတဲ့အထဲမှာလည်း ခုနတုန်းက ဒီလိုပုံစံမျိုးရှိတဲ့ ကိုယ်စားလှယ်တွေလည်း ရှိမှာပါ။ သို့သော်လည်းပဲ ကိုယ်စားလှယ်အားလုံးကတော့ ကျနော်တို့ ဒီစကားလုံးနဲ့ပဲ ကျေကျေနပ်နပ်နဲ့ပဲ ကျမ်းကျိန်ခဲ့ကြတဲ့သူတွေ ဖြစ်တဲ့အတွက် ဒီအတွက်ကိုလည်းပဲ ကျနော်တို့ ဘာမှ ပြဿနာမရှိပါဘူး။ သူတို့ကိုယ်တိုင်လည်းပဲ လိုလိုလားလားနဲ့လာပြီး ကျမ်းကျိန်တာဖြစ်တဲ့အတွက် ရှေ့ဆက်လျှောက်မယ့် ခရီးစဉ်မှာလည်းပဲ ဘာမှ ပြဿနာမရှိနိုင်ဘူးလို့ပဲ ကျနော်ယုံပါတယ်။”

ဒါပေမဲ့လည်း လွှတ်တော်တွေအဆုံးသတ်ဖို့ရက် သတ်မှတ်ထားပြီးကာမှ NLD ကိုယ်စားလှယ်တွေ ကျမ်း သစ္စာ ကျိန်ဆိုဖို့ သက်သက် ရက်ထပ် တိုးလိုက်တဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌတွေက သိပ်အလိုလိုက်လွန်း တယ်လို့ မြင်ကြတဲ့ ပြည်ခိုင်ဖြိုးပါတီ အမတ်တွေရှိတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောပါတယ်။ ပြန်ဖို့ကိစ္စတွေ စီစဉ်ထားပြီးသား ပြန်ကုန်ကြလို့ဆိုပြီး လွှတ်တော် ကိုယ်စားလှယ် အများအပြား ဒီကနေ့ကျမ်းကျိန်ပွဲကို မတက်ရောက်ခဲ့ကြပါဘူး။ အဲဒါကြောင့်လည်း ပူးပေါင်းဆောင်ရွက်ရေး ပြဿနာမရှိပါဘူးဆိုတဲ့အပေါ် ဦးသိန်းညွန့်က အနည်းငယ် သတိထား တုံ့ပြန်ပုံ ရပါတယ်။

“ကျနော့်တဦးချင်း၊ ကျနော့်ပါတီအနေနဲ့ ပြောရလို့ရှိရင်တော့ ကျနော်ကတော့ ဒီအပေါ်မှာ ပြီးတာက ပြီးသွားပြီ၊ ရှေ့ဆက်အလုပ်လုပ်ဖို့ပဲ သဘောထားတာပေါ့။ သို့သော် အနိုင်ရပါတီအတွင်းမှာကတော့ လူအမျိုးမျိုး၊ အနွယ်အမျိုးမျိုး၊ ပညာအရည်အချင်းအမျိုးမျိုးရှိတာကိုး- အဲဒီတော့ သူတို့ဘက်ကတော့ မတူကွဲပြားတဲ့အသံတွေကတော့ ကြားရတာပေါ့။”

ကျမ်းကျိန်ရေးကိစ္စ ချောမွေ့အောင် တိုက်တွန်း ကြိုးပမ်းခဲ့ကြတဲ့ လူမျိုးစုတိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ဟာ နေပြည်တော်ကနေ ပြန်မထွက်ခင် နေ့လည်စာ အတူ စားခဲ့ကြပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစု ကြည်က တိုင်းရင်းသားတွေ နွေးနွေးထွေးထွေး ကြိုဆိုတာကို ဝမ်းမြောက်တဲ့ အကြောင်း၊ တိုင်းရင်းသားတွေ ပါဝင်တဲ့ ပြည်ထောင်စုကြီးမှာ တိုင်းရင်းသားတွေနဲ့ လက်တွဲခိုင်ခိုင်တွဲမှပဲ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မယ့်အကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းမှာ တပ်မတော်သားတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ အင်မတန်အရေးကြီး ကြောင်းပြောကြားခဲ့တယ်လို့ ရခိုင်တိုင်းရင်းသား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်ခင်ဗျား။

XS
SM
MD
LG