သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြိုးဝေအောင် သေဒဏ်ချခံရမှု ကုလ အထူးကိုယ်စားလှယ် ပြစ်တင်


၂၀၁၀ ခုနှစ်တုန်းက ရန်ကုန်သင်္ကြန်ဗုံးခွဲမှုနဲ့ဆက်စပ်ပြီး သင်္ကာမကင်းဖမ်းဆီးခံထားရသူ ဖြိုးဝေအောင် သေ ဒဏ် အပြစ်ချမှတ်လိုက်တဲ့ စီရင်ချက်ကိုကြည့်ရင် မြန်မာနိုင်ငံတွင်း တရားစီရင်ရေးပိုင်းကို အရေးတကြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီဆိုတာ ပြသ လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားက ပြောပါ တယ်။ မြန်မာနိုင်ငံထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို မမေ့ကြဖို့လည်း သူက တိုက်တွန်းပါတယ်။ ဒီအကြောင်းကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းမှာ နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ်ထားခံရတဲ့ ဖြိုးဝေအောင်ရဲ့အမှုကို တရားစီရင်ရာမှာ လွတ်လပ်မှု၊ ပွင့်လင်းမှု မရှိသလို တရားခံဘက်က ချေပပြောဆိုနိုင်တဲ့ အခွင့်အလမ်းတွေလည်း ဆုံးရှုံးခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ရှေ့နေတွေက ပြောပါတယ်။ ဖြိုးဝေအောင်အမှုကို နှစ်နှစ်ကြာ အင်းစိန်အကျဉ်းထောင် အတွင်းမှာပဲ စစ်ဆေးခဲ့တာပါ။ ဖြိုးဝေအောင်ကို အခု သေဒဏ်ချမှတ် လိုက်တာကိုကြည့်မယ် ဆိုရင် မြန်မာနိုင်ငံ တရားရေးစနစ်ရဲ့ လိုအပ်ချက်တွေကို တွေ့ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေးကင်တားနားက ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း တရားဥပဒေပိုင်းဆိုင်ရာနဲ့ တရားစီရင်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ အရေးတကြီး ဆောင်ရွက်ဖို့ လိုနေပြီဆိုတာကို အခိုင်အမာပြလိုက်တဲ့ ဖြစ်ရပ်ပါပဲ။ တရားစီရင်ရေးပိုင်း ဆိုင်ရာမှာ လွတ်လပ်မှုမရှိဘူး၊ လူ့အခွင့်အရေးစံနှုန်းစံထားတွေနဲ့ ကိုက်ညီမှု မရှိဘူးဆိုတာ ကိုလည်း ပြသလိုက်တာပါ။”

သေဒဏ်ပြစ်ဒဏ်ကို နိုင်ငံအတော်များများမှာ ဖျက်သိမ်းလိုက်ပြီး နိုင်ငံတကာဥပဒေအရ ဆိုရင်လည်း သေဒဏ်ပြစ်ဒဏ်ဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံမှာတော့ သေဒဏ်ပြစ်ဒဏ်ရှိပေမယ့် တကယ်တမ်း သေဒဏ် လက်တွေ့အပြစ်ပေးတာမျိုး ၁၉၈၈ ကစပြီး စစ်အစိုးရလက်ထက်တွေမှာ မလုပ်ခဲ့ ပါဘူး။ အခု ဖြိုးဝေအောင်အမှုကို တရားစစ်ဆေးရာမှာ ပြီးပြည့်စုံမှုမရှိဘဲ တရားရေးဆိုင်ရာ လိုအပ်ချက်တွေ ရှိတဲ့အကြောင်း အာရှ လူ့အခွင့်အရေးကော်မရှင် ရှေ့နေ ဦးမင်းလွင်ဦးကလည်း ပြောပါတယ်။

"၂ နှစ်ကြာ စစ်ဆေးစီရင်မှုတွေလုပ်တဲ့အခါမှာ- တရားသူကြီးလေးဦးပေါ့နော်၊ အခုနောက်ဆုံး ဦးအောင်သိန်း လက်ထက်မှာဆိုရင် တရားသူကြီးလေးဦးမြောက်ဖြစ်တယ်၊ ဦးအောင်သိန်း ကတော့ ပြန်ခေါ်သက်သေတွေ စစ်ဆေးတဲ့အဆင့်မှာမှ ရောက်လာတဲ့တရားသူကြီးဖြစ်တယ်။ ထိုနည်းတူစွာပဲ တရားသူကြီးလေးဦးပြောင်းသလို ဥပဒေအရာရှိကလည်း ငါးဦးတိတိပြောင်းခဲ့တယ်လို့ ကျနော်တို့ မှတ်တမ်းတွေအရ သိရတယ်။ အမှုကို လိုက်ပါဆောင်ရွက်တဲ့ နိုင်ငံတော်ဘက်က တရားသူကြီးတွေနဲ့ ဥပဒေအရာရှိတွေက ဒီအမှုကို ကြေကြေညက်ညက် အစအဆုံးသိထားခြင်းမရှိဘဲနဲ့ အခုလိုမျိုး စစ်ဆေးစီရင် ဆုံးဖြတ်ခြင်းပြုတယ်လို့ ကျနော်တို့အနေနဲ့ ပြောလို့ရတယ်။ ဒါကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ တရားစီရင်ရေးစနစ်မှာ လုံးဝအားနည်းနေတဲ့ အားနည်းချက်တခု ကို ထောက်ပြ လိုက်သလို ဖြစ်နေတယ်လို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။"

ဖြိုးဝေအောင်ရဲ့ ကျန်းမာရေးအခြေအနေစိုးရိမ်ရတယ်ဆိုတဲ့ သတင်းအချက်အလက်ကြောင့် မစ္စတာ ကင်တာနား အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဒီ ကျန်းမာရေးကိစ္စ အပေါ် မေးမြန်းဆွေးနွေး ထားတယ် လို့လည်း မစ္စတာကင်တာနားက ပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံတွင်း ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စကို နိုင်ငံတကာ က မေ့ပျောက်နေကြတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့လည်း မစ္စတာကင်တာနားက ပြောပါတယ်။

“ခေါင်းဆောင်ပိုင်းတွေနဲ့ အဓိကအရေးပါသူတွေရဲ့ အခု မြန်မာ့အရေး ဆွေးနွေး တိုင်ပင်ပြောဆိုကြရာ မှာ နိုင်ငံရေးအကျဉ်းသားကိစ္စ မတွေ့ရတော့တာကို ကျနော် အင်မတန် စိုးရိမ်မိပါတယ်။ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ အရေးပါမှုကို မြန်မာအစိုးရတင် မကဘူး၊ နိုင်ငံတကာ ကပါ ဘေးဖယ်ထားနေကြပါတယ်။ တကယ်က အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားရာနဲ့ချီ ကျန်ရှိနေသေးတဲ့ကိစ္စကို ဝေဖန်ပြောဆိုကြစေချင်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နှစ်နိုင်ငံချင်းကိစ္စရပ်ပဲဖြစ်ဖြစ်၊ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကြတဲ့ ကိစ္စမှာပဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားကိစ္စဟာ အရေးတကြီး ပါဝင်ဆွေးနွေး သင့်ပါတယ်။ ဒါကြောင့် ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မမေ့ကျဖို့ မြန်မာအစိုးရ အပြင် နိုင်ငံ တကာကိုပါ တိုက်တွန်းချင်ပါတယ်။”

မြန်မာနိုင်ငံတွင်း ဗုံးခွဲမှုတွေနဲ့ အကြမ်းဖက်မှုတွေအပါအဝင် နိုင်ငံရေးနဲ့ ဆက်စပ်တဲ့အမှုတွေကို တရားစီရင် ရာမှာ လွတ်လပ်မှုမရှိသလို ခိုင်လုံတဲ့အထောက်အထားတွေ မရှိဘဲ တရားစီရင်မှုတွေ ရှိခဲ့တယ်လို့ လူ့အခွင့် အရေးလှုပ်ရှားသူတွေက အရင်ကတည်းက ဝေဖန်ခဲ့တာပါ။ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဗုံးကွဲမှုတွေဖြစ် တိုင်းလည်း အတိုက်အခံ လက်နက်ကိုင်တွေလက်ချက်လို့ အာဏာပိုင်တွေက ပြောပေမယ့် စွပ်စွဲခံရသူတွေ ကလည်း ဒါကို ငြင်းဆိုလေ့ရှိတတ်ပါတယ်။ ဒီအပေါ်မှာ မျှတတဲ့တရားစီရင်မှု၊ လွတ်လပ်ပွင့်လင်းတဲ့ တရား စီရင်မှု မရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း တဘက်မှာ ဝေဖန်နေကြပါတယ်ခင်ဗျာ။

XS
SM
MD
LG