သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအသေခံဗုံးခွဲမှု လူ ၅၀ ကျော် သေဆုံး


ဆီးရီးယားနိုင်ငံ Damascus မြို့က အသေခံဗုံးခွဲမှု ၂ ခုကြောင့် လူ ၅၅ ယောက်ထက်မနည်းသေဆုံးပြီး ၃၇၀ ဒဏ်ရာရခဲ့ ကြတယ်လို့ ဆီးရီးယားအာဏာပိုင်တွေက ပြောပါတယ်။ ဒါဟာ လွန်ခဲ့ ၁၄ လ ဆီးရီးယား လူထုအုံကြွမှု စတင်ပြီးနောက် ပိုင်း အသေအပျောက် အများဆုံးတိုက်ခိုက်မှု ဖြစ်ပါတယ်။

Damascus မြို့တောင်ပိုင်း Qazaz ရပ်ကွက်မှာ ကြာသပတေးနေ့ မနက်ပိုင်းက လူအသွားအလာများတဲ့ အချိန်မှာ ဖောက်ခွဲရေး ပစ္စည်း ပေါင်ချိန် ၂,၇၀၀ တင်ဆောင်လာတဲ့ ကားနှစ်စီးက အသေခံ တိုက်ခိုက် ခဲ့တာလို့ နိုင်ငံပိုင် သတင်းတွေက ပြောပါတယ်။

အဲဒီပေါက်ကွဲမှုအပြီး လမ်းမပေါ်မှာ မီးလောင်နေတဲ့ကားတွေ၊ လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ပြန့်ကျဲနေ တာ တွေ့ရပါတယ်။ ဆီရီးယားစစ်တပ်ထောက်လှမ်းရေးဌာနကို ပစ်မှတ်ထားပုံရပြီး အဲဒီရုံး မျက်နှာစာ ပျက်စီးသွားပါတယ်။ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အကဲခတ်အဖွဲ့ကတော့ သေဆုံးသူတွေ ထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ပြောပါတယ်။

ဒီလုပ်ရပ်ဟာ သမ္မတအာဆတ်ကို ဆန့်ကျင်တော်လှန်နေသူတွေရဲ့ လက်ချက်လို့ ဆီးရီးယားအစိုးရက အပြစ်တင်နေပေမဲ့ ပြည်ပရောက် အတိုက်အခံ ဆီးရီးယားအမျိုးသားကောင်စီကတော့ ကုလ အကဲခတ် တပ်ဖွဲ့ဝင်တွေ မနေရဲအောင် တမင် အကွက်ဆင် တိုက်ခိုက်တာလို့ စွပ်စွဲလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တာဝန်ခံမယ့်သူမပေါ်သေးပါဘူး။

ကုလ အကဲခတ်အဖွဲ့ခေါင်းဆောင် နော်ဝေဗိုလ်ချုပ်ကြီး Robert Mood ကအခင်းဖြစ်ပွားရာနေရာကို သွားရောက် ကြည့်ရှုရင်း ဒီ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

XS
SM
MD
LG