သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ပိတ်ဆို့မှု ဆိုင်းငံ့ဖို့ McCain တိုက်တွန်း


မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ဖို့ အချိန်ရောက်ပြီလို့ အမေရိကန်နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ ရီပတ်ပလင်ကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း က ပြောလိုက်ပါတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့နေရာမှာ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ လူမှုကျင့်ဝတ် သိက္ခာတွေ စောင့်စည်းပြီး တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အဖြစ် စံပြဖြစ်ဖို့ လိုမယ် လို့ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းက ပြောသွားပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်း မကြာခင်က သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ခဲ့တာ၊ အထူးသဖြင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ အနိုင်ရပြီး လွှတ်တော်ထဲ ဝင်ရောက်နိုင်တဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားရတော့မယ့် အချိန်ရောက်နေပြီလို့ အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောသွားပါတယ်။ ဒါပေမယ့်လည်း လက်နက် တင်ပို့ရောင်းချမှုကိုပိတ်ပင်တာနဲ့ မြန်မာ့ ဒီမိုကရေစီရေးကို အနှောင့်အတား ဖြစ်စေတဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားအရေးယူတာ မျိုးတော့ ခြွင်းချက်ဆက်ထားသင့်တယ်လို့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဝါရှင်တန်ဒီစီက CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနမှာ မနေ့က ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့အရေးယူပိတ်ဆို့မှုတွေ ဆိုင်းငံ့ဖို့ အချိန်ကျနေပြီလို့ ထင်ပါ တယ်။ လက်နက်ရောင်းချမှုပိတ်ပင်တာနဲ့၊ မြန်မာ့ဒီမိုကရေစီကို အနှောက်အယှက် အဟန့်အတားဖြစ်စေ တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့၊ နိုင်ငံ့အရင်းအမြစ်တွေကို မတရားယူထားတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထားပြီး အရေးယူထားတာတွေက လွဲလို့ပေါ့။ ဒါပေမယ့် ဒါဟာ အရေးယူ မှုတွေကို ရုပ်သိမ်းတာမဟုတ်ပါဘူး၊ ဆိုင်းငံ့ထားဖို့ပါ။ မြန်မာနိုင်ငံအတွင်း တိုးတက် မှုတွေ၊ ပြုပြင်ပြောင်းလဲ မှုတွေ ဆက်ဖြစ်နေတဲ့ အပေါ်မှာတည်ပြီး ဒီ အရေးယူမှုလျှော့ပေးတာတွေကို လုပ်သွားပါ့မယ်။”

မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီမိုကရေစီနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့ ဆောင်ရွက်တဲ့ အပေါ်မှာ အမေရိကန်ပြည်ထောင်စုဘက်ကလည်း လုပ်ရပ်တခုချင်းကို တခုချင်းအလိုက်တုံ့ပြန်သွားမယ် လို့ ပြောထားတာပါ။ အခုလို မူဝါဒပြောင်းလဲဖို့ စဉ်းစားချက်ဟာ ပြုပြင်ပြောင်းလဲမှုတွေကို အားဖြစ်စေဖို့၊ မြန်မာပြည်သူတွေ အကျိုးခံစားခွင့်ရဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာဖို့ ရည်ရွယ်တယ်လို့လည်း အထက်လွှတ်တော်အမတ် မက်ကိန်းက ပြောသွားပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါမှာ မြန်မာပြည်သူတွေ လက်တွေ့အကျိုးဖြစ်ဖို့နဲ့၊ မြန်မာ့ဒီမိုကရေစီရေးကို အားဖြစ်စေဖို့ စံနှုန်းစံထား သတ်မှတ်ထားရှိဖို့လိုမယ်လို့ အထက်လွှတ်တော်အမတ် မက်ကိန်းက ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း အမေရိကန်စီးပွားရေးလုပ်ငန်းတွေအတွက် လူမှုကျင့်ဝတ်သိက္ခာ စောင့်စည်းဖို့ အခြေခံ စံနှုန်းစံထားတွေ သတ်မှတ်ထားရပါမယ်။ မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုမျိုးနဲ့ လက်ခံလို့မရတဲ့ရင်းနှီးမြှုပ်နှံမှုမျိုး ကို ဒေါ်အောင်ဆန်းစုကြည်က ပိုင်းခြားသတ်မှတ်ထားတာ ရှိပါတယ်။ မှန်ကန်တဲ့ရင်းနှီးမြုပ်နှံမှုမျိုး ဟာ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကအခန်းကဏ္ဍကို အားဖြစ်စေပါမယ်၊ နိုင်ငံသားတွေအတွက် အကျိုး ဖြစ်ထွန်းစေ ပါတယ်၊ နောက်ဆုံးမှာ စီးပွားရေးနဲ့ အရပ်ဘက်အုပ်ချုပ်မှုကို စစ်တပ်ကချုပ်ကိုင်ထားတာတွေ လျှော့ သွားစေပါလိမ့်မယ်။ လက်ခံလို့မရတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကတော့ ဒါနဲ့ ဆန့်ကျင်ဘက်ပါ။ စီးပွားရေးမှာ နီးစပ်ရာလက်တဆုပ်ကပဲ လက်ဝါးကြီးအုပ်မှုကို အားဖြစ်စေပြီး မြန်မာနိုင်ငံဖွံ့ဖြိုးမှုဟာလည်း နောက် ဆယ်စုနှစ်နဲ့ချီ နောက်ကျသွားနိုင်ပါတယ်။ ဒါကြောင့်လည်း စစ်တပ်က ချုပ်ကိုင်ထားတဲ့ မြန်မာနိုင်ငံထဲမှာ အမေရိကန်ကုမ္ပဏီတွေ၊ အစိုးရပိုင်လုပ်ငန်းတွေနဲ့ စီးပွားရေးတွဲလုပ်တာမျိုးကိုတော့ ခွင့်ပြုသင့်တယ်လို့ မထင်ပါဘူး။”

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေဟာ လူမှုဝတ္တရားတွေအပေါ် တာဝန်ယူလိုစိတ်ဖြစ်ဖို့၊ အလုပ်သမား အခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ရှိဖို့ လိုမယ်လို့ သူက ထောက်ပြပါတယ်။ ဒါမှလည်း အေမေရိကန်ကုမ္ပဏီတွေဟာ အခြား နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အကြား စံပြအဖြစ်နဲ့ မြန်မာနိုင်ငံထဲ လူ့ကျင်ဝတ်သိက္ခာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဖြစ်လာစေရေး ဦးဆောင် ဦးရွက် ပြုနိုင်မယ်လို့ မစ္စတာမက်ကိန်းက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံထဲက အခြေအနေကို အကဲဖြတ်ရာမှာတော့ မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်နဲ့ လုပ်ဖော် ကိုင်ဘက်တွေဟာ ပြုပြင်ပြောင်းလဲလိုစိတ်ရှိသူတွေလို့ သူယုံကြည်တဲ့အကြောင်း ပြောပါတယ်။ နောက် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့အတွင်းမှာ ရှိနေသူတချို့ဟာလည်း အရင်တုန်းက အမေရိကန်-မြန်မာနှစ်ဘက် ဆက်ဆံရေးကောင်းစဉ်က အမေရိကန် စစ်ကျောင်းတွေမှာလာပြီးတော့ သင်တန်းတက်ခဲ့ဖူးသူတွေ၊ သူတို့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ နီးစပ်လိုသူတွေဖြစ်တယ်လို့ သူက ယူဆပါတယ်။

“မြန်မာ့အရေးဟာ အမေရိကန်ပြည်ထောင်စုသံတမန်ရေးမှာ နောက်ထပ်အရေးပါတဲ့ စမ်းသပ်မှုဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း ကျနော် မြန်မာနိုင်ငံကို နှစ်ကြိမ်သွားရောက်ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ဆောင် စရာတွေ အတော်ကျန်နေသေးတယ်၊ လုပ်ရဦးမယ်ဆိုတာကို သေချာစေချင်တာပါ။ အထူးသဖြင့်တော့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူနည်းစုတွေနဲ့ စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မြန်မာသမ္မတနဲ့ အစိုးရအဖွဲ့အတွင်းက သူ့မဟာမိတ်တွေဟာ ပြုပြင်ပြောင်းလဲရေးအတွက် တကယ့်စိတ်ရင်းမှန်ရှိတယ်လို့ ကျနော် ယူဆပါတယ်။ တကယ့်ကို တိုးတက်မှုတွေ အတွက်လည်း ဆောင်ရွက်နေကြပါတယ်။”

မစ္စတာမက်ကိန်းဟာ အရင်တုန်းကတော့ မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို တက်တက်ကြွကြွ ထောက်ခံအားပေးသူတဦးဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံရေး နဲ့ လွှတ်တော်ထဲ သြဇာကြီးမားသူတဦးဖြစ်တာကြောင့်လည်း အခုလို မြန်မာအပေါ်အရေးယူမှုတွေ ဆိုင်းငံ့ဖို့ သူ့သဘောထား ထုတ်ဖော်ပြောလိုက်တာဟာ မကြာခင် အမေရိကန်ပြည်ထောင်စုရဲ့ သဘောထား ဖြစ်လာဖွယ် ရှိတယ်လို့ ယူဆရပါတယ်။ အခု မေလ ၂၀ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူမှုဥပဒေတရပ် ကို သက်တမ်းတိုးပေးရမယ့် အချိန်ရောက်တော့မှာပါ။ ဒါကြောင့် အခု မစ္စတာမက်ကိန်း ပြောဆိုချက်ဟာ ဒီဆုံးဖြတ်ချက်အပေါ်မှာ သက်ရောက်လာနိုင်မယ်လို့ ယူဆရပါတယ်။

XS
SM
MD
LG