သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်းငံ့ရေး သတိထားဆောင်ရွက်ဖို့ ဒေါ်စုတိုက်တွန်း


မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်မလှည့်ဘူးလို့ တရားသေသတ်မှတ်လို့ မရတဲ့ အတွက် သတိထားသွားဖို့ လိုတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေအနေနဲ့ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အရေးတကြီး ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လို့ လွှတ်တော်ထဲမှာ စစ်တပ်ရဲ့ ထောက်ခံမှုမပါဘဲနဲ့တော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို ယာယီရုပ်သိမ်းပေးဖို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ပြောကြားခဲ့တဲ့အပေါ်မှာ သူ့အနေနဲ့ ကန့်ကွက် ဆန့်ကျင်ဖို့မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ အင်္ဂါနေ့ မနက်ပိုင်းက အမေရိကန် ပြည်ထောင်စု သမ္မတဟောင်း ဂျော့ချ်၊ ဒဗလျူဘွတ်ရှ် အမှတ်တရဌာနက ကြီးမှူးကျင်းပခဲ့တဲ့ Acceleration of Human Freedom လို့ ခေါ်တဲ့ လူသားနဲ့ လွတ်လပ်မှုအခွင့်အရေး အခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ လက်ရှိ မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ အကောင်းမြင်လွန်းလို့မရဘဲ သတိထားဖို့လိုတဲ့ အကြောင်း ပြောသွားတာပါ။

“အမေရိကန်နိုင်ငံသားတွေအနေနဲ့ လက်ရှိအခြေအနေမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးဖို့ သင့်လျော်တယ်လို့ ယူဆရင် ကျမအနေနဲ့ ဒါကို မကန့်ကွက်လိုပါဘူး။ ဒါပေမယ့် ဒီနေရာမှာ သတိထားဖို့ ကျမ ထောက်ပြလိုပါတယ်။ လူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် သိပ်ကို အကောင်းမြင်လွန်းကြတယ်လို့ ကျမအနေနဲ့ တခါတလေ ခံစားမိပါတယ်။ကျမတို့အနေနဲ့ မမေ့အပ်တာ ကတော့ ဒီမိုကရေစီဖော်ဆောင်မှုဟာ နောက်ပြန်မဆုတ်နိုင်ဘူးလို့ ပြောလို့ မရနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ကျမလည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီးပါပြီ။ စစ်တပ်အနေနဲ့ ဒီမိုကရေစီဖော်ဆောင်ရာမှာ လေးလေး နက်နက်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆိုတဲ့ သံဓိဌာန်ခိုင်မာစွာ မချမှတ်မချင်း ကျမတို့ အနေနဲ့ ဒီမိုကရေစီဖော်ဆောင်မှုကို နောက်ပြန်ဆုတ်လို့ မရနိုင်ဘူးဆိုတာကို ဘယ်တော့မှ ပြောနိုင်မှာ မဟုတ်ပါဘူး။”

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေဟာ ရည်မှန်းချက်ကို ထိရောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပထမ ဆုံး ခေါ်ယူတဲ့လွှတ်တော်အတွင်းမှာပဲ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးအဆိုကို ပထမဆုံးတင်သွင်း အတည်ပြုခဲ့တာကိုကြည့်ရင် အရေးယူမှုတွေ ထိရောက်ခဲ့တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေးကိစ္စကို အရေးတကြီး ကြိုးပမ်းမှာဖြစ်ပေမယ့် အလျင်စလိုတော့ ဆောင်ရွက်နိုင်မယ့်အခြေအနေ၊ အလားအလမှာ မရှိဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဦးဆုံးလုပ်နိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ဖွဲ့စည်းပုံ ပြင်ဖို့ဆိုတာ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်း ထောက်ခံမှ ဖြစ်မှာပါ။ ဒီအထဲ ၂၅ ရာခိုင်နှုန်းက စစ်တပ်က ခန့်ထားတဲ့ ကိုယ်စားလှယ်တွေပါ။ ဒီတော့ ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ စစ်တပ်ရဲ့ ထောက်ခံမှု ပါမှ ရမှာပါ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ ဦးဆုံးတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ကျမတို့ အရေးတကြီး အလေးထားလုပ်ဆောင်သွားမယ့်ကိစ္စဖြစ်ပါတယ်။”

နိုင်ငံရေး အကျဉ်းသားတွေနဲ့ပတ်သက်လို့လည်း မြန်မာအစိုးရအနေနဲ့ တကယ်တန်း ဒီမိုကရေစီရေး ဖော်ဆောင်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက နိုင်ငံရေးအကျဉ်းသားအတော်များများ လွတ်လာပါတယ်။ ဒီ လွှတ်လိုက်သူတွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ စာရင်းမှာ ပါတဲ့သူတွေလို့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ဒီ စာရင်းအတိုင်းပြောမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား ၂၇၁ ဦး လွတ်ဖို့ ကျန်နေပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးနဲ့ ပြောဆိုနေတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ လည်း ထပ်ဆွေးနွေးချင်ပါတယ်။ သူတို့ကြေညာသလို ဒီ စာရင်းအတိုင်း လွှတ်ပေးတယ်ဆိုရင်တော့ ကျန်နေတဲ့ ၂၇၁ ဦးကို ဘာကြောင့် လွှတ်မပေးသေးတာလဲဆိုတာ တရားဝင် သိချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ဖော်ဆောင်မှုတွေလုပ်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ လုံးလုံးမရှိသင့်ပါဘူး။”

တိုင်းရင်းသားလူနည်းစုအရေးကိစ္စနဲ့ပတ်သက်လို့တော့ တိုင်းရင်းသားလူမျိုးတွေနဲ့ နိုင်ငံရေးအရ အဖြေထုတ်နိုင်မှသာ တိုင်းရင်းသားဒေသ ဖွံဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်လိမ့်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“အပစ်အခတ်ရပ်စဲရေး လုပ်ရုံတင် မလုံလောက်ပါဘူး။ အပစ်အခတ်ရပ်စဲရေးဆိုတာ အစ သက်သက်ပါ။ နိုင်ငံရေးအရ အဖြေရှာမှုမျိုး မရှိသေးပါဘူး။ ဒီအခြေအနေနဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ စီးပွားရေးဖံ့ွဖြိုးမှုလုပ်ဖို့ မလုံလောက်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအရ အဖြေထုတ်နိုင်ဖို့ လိုအပ်ပါတယ်။”

ဝါရှင်တန်မှာ အင်္ဂါနေ့လုပ်တဲ့ အဲဒီအခမ်းအနားမှာတော့ သမ္မတ ကတော်ဟောင်း လော်ရာ ဘွတ်ရ်ှ က ဒေါ်အောင်ဆန်းစုကြည်ကို တကမ္ဘာလုံးက လေးစားရတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးခေါင်းဆောင် တဦးအဖြစ် မိတ်ဆက်ပေးပါတယ်။ အဲဒီနောက် ဝါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ ပင်တိုင်ဆောင်းပါးရှင် မိုက်ကယ် ဂီယာ ဂါစင်က ပရိသတ်ကိုယ်စားလှယ် မေးမြန်းခဲ့ ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားတာတွေ ဖြစ်ပါတယ်။

XS
SM
MD
LG