သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အရေး ကုလစောင့်ကြည့်


ကချင်ပြည်နယ်အတွင်း စစ်ရေးအရတင်းမာမှုတွေကို ကြားဝင်စေ့စပ်ဖို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကနေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ တိုက်တွန်းတောင်းဆိုခဲ့ကြောင်းနဲ့ ကချင်ပြည်နယ်တွင်း အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူက ပြောလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ စစ်အစိုးရရဲ့ စစ်ဆင်တိုက်ခိုက်မှုတွေ တနှစ်နီးပါး ကြာမြင့်နေပြီး ပဋိပက္ခ အခြေအနေတွေ ပိုမဆိုးလာခင်မှာ ကုလသမဂ္ဂအနေနဲ့ ကချင်ပြည်နယ်အရေးကို ကြားဝင်ဆောင်ရွက်ပေးဖို့ အရေးကြီးတဲ့အချိန် ရောက်နေပါပြီဆိုပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဇောင်းဂရားက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို စာရေးသားပေးပို့ခဲ့တာပါ။ မနေ့က ကုလသမဂရုံးချုပ် သတင်းစာ ရှင်းလင်းပွဲ မှာတော့ အဲဒီစာကို လက်ခံရရှိထားတယ်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ MARTIN NESIRKY က ပြောပါတယ်။

“အဲဒီမှာ အခြေအနေတွေ ဘာဖြစ်နေသလဲဆိုတာကို ကုလသမဂ္ဂအနေနဲ့ အနီးကပ်စောင့်ကြည့်နေပါတယ်။ အတွင်းရေးမှူးချုပ်အနေနဲ့ ပြီးခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်တွေမှာလည်း တိုင်းရင်းသားလူနည်းစု ပြဿနာနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ကိုင်တွယ်နေတဲ့ကိစ္စတွေအပေါ် ပြောခဲ့ ဆိုခဲ့တာတွေ ရှိပါတယ်။ မြန်မာခေါင်းဆောင်တွေနဲ့ တွေဆုံတုန်းကလည်း ကချင်ဒေသမှာ အစိုးရအနေနဲ့ စစ်ဆင်ရေး ရပ်ဆိုင်းထားတယ်လို့ အတွင်းရေးမှူးချုပ်ကို ပြောခဲ့ကြပါတယ်။”

KIO ဥက္ကဋ္ဌ ဇောင်းဂရားရဲ့ အတွင်းရေးမှူးချုပ်ထံ ပေးစာထဲမှာတော့ အခု စစ်မက်ဖြစ်နေတဲ့ဒေသကို ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်ကစပြီး မြန်မာစစ်တပ် ဘက်က စစ်ဆင်ရေး KIA အပေါ် စစ်ဆင်မှုတွေ စတင်ခဲ့တာလို့ ဆိုပါတယ်။ ဒီ စစ်ဆင်ရေးဟာ KIO ကို စစ်ဆင်တာတင်မဟုတ်ဘဲ ဒေသခံ ကချင်လူထုကိုပါ စစ်ဆင်နေတာကြောင့် ဒါဟာ တိုင်းရင်းသားလူနည်းစုကို မျိုးဖြုတ်သုတ်သင်ဖို့ ကြိုးပမ်းချက်လည်းဖြစ်တယ်လို့ KIO ဥက္ကဋ္ဌရဲ့ ပေးစာမှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂဘက်ကတော့ အခြေအနေတွေ ငြိမ်းချမ်းစေဖို့ အထူးသဖြင့် ဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ မာတင် နက်ဆကီးက ပြောပါတယ်။

“အဲဒီ ပဋိပက္ခဒေသက သတင်းအချက်အလက်တွေကို အတည်ပြုလို့မရပေမယ့်လည်း အတွင်းရေးမှူးချုပ် အနေနဲ့တော့ အခုဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့နဲ့ အပစ်အခတ်တွေ ရပ်စဲထားဖို့ ဘက်အားလုံးကို တိုက်တွန်းပါတယ်။ အကြမ်းဖက်မှုတွေ တိုးလာခြင်းအားဖြင့် ဒုက္ခသည်တွေ အခြေအနေ ပိုပြိး ဆိုးဝါးလာနိုင်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း တိုးလာနိုင်ပါတယ်။ ကချင်ဒေသ ဒုက္ခသည် ပြည်သူတွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ပြန်ပေးနိုင်ဖို့ ကုလသမဂ္ဂဘက်က ကြိုးပမ်းနေပါတယ်။ အဲဒီအတွက် အဲဒီမှာ တိုးတက်မှုအချို့ရှိလာမယ်လို့ မျှော်လင့်ပါတယ်။”

KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရဟာ ၁၉၉၄ ခုနှစ် ဖေဖဝါရီလမှာ နှစ်ဘက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရခဲ့တာပါ။ KIO ဟာ မြန်မာစစ်အစိုးရ ဦးဆောင်ကျင်းပတဲ့ အမျိုးသားညီလာခံကိုပါ တက်ရောက်ပြီး အခုလက်ရှိ ဖွဲ့စည်းပုံရေးဆွဲရေးမှာပါ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဖွဲ့စည်းပုံအတည်ဖြစ်ပြီး ဖွဲ့စည်းပုံအရပေါ်လာတဲ့ အစိုးရသစ်လက်ထက်မှာပဲ မြန်မာအာဏာပိုင်တွေနဲ့ တင်းမာမှုတွေဖြစ်လာခဲ့တာ ပါ။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ KIO အပေါ် စစ်ဆင်ရေးတွေကို ရပ်ဆိုင်းထားပါတယ်လို့ အခု လဆန်းပိုင်းကပဲ ပြောဆိုခဲ့ပါ တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG